သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရေစီ အယောင်ပြ အာဏာရှင်များရှိနေဆဲ (လူ့အခွင့်ရေးအဖွဲ့ နှစ်ပတ်လည် အစီရင်ခံစာ)


ကမ္ဘာတဝှမ်း လူအခွင့်အရေးချိုးဖောက်နေကြတဲ့ အာဏာရှင်တွေက ရွေးကောက်ပွဲတွေကို ရုပ်ပြသဘောလုပ်ပြယင်း သူတို့ဟာ ဒီမိုကရေစီလမ်းစဉ်ကို ဦးတည်နေပါပြီလို့ ပြောဆိုနေတာကို ဒီမိုကရေစီနိုင်ငံကြီးတွေဖြစ်တဲ့ အမေရိကန်တို့၊ ဥရောပတို့က လက်ခံနေတာကြောင့် အဲဒီအာဏာရှင်တွေဟာ အပြစ်မခံရဘဲ လွတ်နေပါတယ်လို့ Human Rights Watch လူ့အခွင့်အရေး အဖွဲ့ရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တိုင်းသူပြည်သားတွေရဲ့ အရပ်ဖက်နဲ့ နိုင်ငံရေးဆိုင်ရာ အခွင့်အရေးတွေကို အဲဒီလို အာဏာရှင်တွေ လေးစားလိုက်နာဖို့ ထိထိရောက်ရောက် ဖိအားမပေးနိုင်တဲ့အတွက် အနောက်တိုင်း ဒီမိုကရေစီနိုင်ငံတွေဟာ လူ့အခွင့်အရေးအခြေခံတွေကို ပိုပြီး ချိုးနှိမ်သလိုဖြစ်နေရတယ်လို့ Human Rights Watch အဖွဲ့က ဆိုပါတယ်။

အနောက်နိုင်ငံတွေက အာဏာရှင်တိုင်းပြည်တွေကို ရွေးကောက်ပွဲတွေကိုသာ ဖိအားပေးပြီး လုပ်ခိုင်းနေပေမယ့် တကယ့် ဒီမိုကရေစီအရေးတွေကိုတော့ လျစ်လျူရှုနေတာကြောင့် အာဏာရှင်တွေဟာအသက်ရှုချောင်နေတဲ့သဘောဖြစ်ပါတယ်။

“ဒီမိုကရေစီနိုင်ငံဖြစ်ပါတယ်လို့ပြောရင် နိုင်ငံတကာမှာ တရားဝင် ဝင့်ဆန့်နိုင်တာမို့ စစ်အာဏာရှင်တွေနဲ့ အာဏာရှင် အုပ်ချုပ်ရေးသမားတွေဟာ ဒီမိုကရက်အဖြစ် နာမည်ရဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေတယ်” လို့ လူအခွင့်အရေးစောင့်ကြည့်သူများအဖွဲ့က စီမံခန့်ခွဲရေး ဒါရိုက်တာ Kenneth Roth က သတင်းစာ ရှင်းလင်းပွဲတခုမှာ ပြောဆိုခဲ့ပါတယ်။

ဒီလူတွေဟာ ဒီမိုကရေစီအရေခြုံနေတဲ့ ရက်စက်တဲ့အာဏာရှင်တွေလို့ မစ္စတာ Rothကဆိုပါတယ်။

ရွေးကောက်ပွဲလုပ်ပြရုံလုပ်ပြပြီး နိုင်ငံအတွင်း ဒီမိုကရေစီ ဆိတ်သုဉ်းနေတယ်လို့ human right watch ကစာရင်းပြုစုထားတဲ့နိုင်ငံတွေထဲမှာ ကင်ညာ၊ ပါကစ္စတန်၊ ဘာရိန်၊ ဂျော်ဒန်၊ နိုက်ဂျီးရီးယား၊ ရုရှားနဲ့ ထိုင်းနိုင်ငံတို့ပါဝင်ပါတယ်။

၁၈ကြိမ်မြောက် ပြုစုထားတဲ့ ဒီနှစ်အစီရင်ခံစာထဲမှာ လူ့အခွင့်ရေးချိုးဖောက်မှုတွေဟာ နိုင်ငံပေါင်း ၇၅နိုင်ငံမှာ ဖြစ်ခဲ့တယ်လို့ အကျဉ်းချုံးဖော်ပြထားပါတယ်။ သိပ်ကို ရက်စက်တယ်ဆိုပြီး နာမည်ကျော်တဲ့ တိုင်းပြည်တွေထဲမှာ ချက်၊ ကိုလံဘီယာ၊ ကွန်ဂို၊ အီသီယိုးပီးယား၊ အီရစ်ဒရီယား၊ လစ်ဗျား၊ အီရန်၊ မြောက်ကိုရီးယား၊ ဆော်ဒီအာရေးဗီးယား၊ မြန်မာနဲ့ ဗီယက်နန်တို့လည်းပါပါတယ်။

အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်တို့ရဲ့ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးစစ်ပွဲမှာ ကျူးလွန်ခဲ့တဲ့ ရက်စက်တာတွေကိုလည်း အစီရင်ခံစာထဲမှာဖော်ပြထားပါတယ်။ ဝါရှင်တန်ဌာနခွဲရဲ့ ဒါရိုက်တာ Tom Malinowski ကတော့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး ကိစ္စတွေမှာ ကမ္ဘာက အမေရိကန်ကို ခေါင်းဆောင်ဖြစ်စေချင်တယ်လို့ ဆိုပါတယ်။

၂၀၀၇ အစီရင်ခံစာရဲ့ အဓိက ဦးစားပေးတင်ပြထားတာကတော့ ဒီမိုကရေစီ အယောင်ဆောင်မှု တွေနဲ့၊ အယောင်ဆောင်တာကို လက်ခံနေတဲ့ တိုင်းပြည်တွေအကြောင်းပဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG