သုံးရလွယ်ကူစေသည့် Link များ

ဘေဂျင်းအိုလံပစ်ကို ၈၈ မျိုးဆက်ကျောင်းသားတွေက သပိတ်မှောက်မည်


မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုတွေ ဖြစ်ပေါ်ဖို့ နိုင်ငံတကာက ၀ိုင်းဝန်း ဆောင်ရွက် နေရာမှာ တရုတ်နိုင်ငံက ပျက်ကွက်နေတဲ့အတွက် တရုတ်နိုင်ငံမှာ အခုနှစ်ထဲ ကျင်းပမယ့် အိုလံပစ် အားကစား ပွဲတော်ကို သပိတ်မှောက် သွားမယ်လို့ ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့ ၈၈ မျိုးဆက် ကျောင်းသား တွေက ပြောဆိုလိုက်ပါတယ်။ ဒီလို မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရရှိရေးအတွက် ဆောင်ရွက်တာတွေ မရှိသလို မြန်မာ စစ်အစိုးရကို အားပေးအားမြှောက်ပါ လုပ်နေတာကြောင့် အခုလို တိုက်တွန်းရတာ လို့လည်း ၈၈ မျိုးဆက် ကျောင်းသားတွေက ပြောပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြ ပေးထားပါတယ်။

အိမ်နီးချင်း တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ အဓိက ကုန်သွယ်ဘက်နိုင်ငံတခုဖြစ်သလို မြန်မာစစ်အစိုးရကို အဓိက လက်နက်ရောင်းချနေတယ်၊ အကာအကွယ်တွေပေးနေ
တယ်၊ ဒါကြောင့် တရုတ်အစိုးရကလုပ်မယ့် ၂၀၀၈ ခုနှစ် အိုလံပစ်အားကစားပွဲတော်ကို သပိတ်မှောက်ရမယ်ဆိုပြီး ၈၈ မျိုးဆက်ကျောင်းသားတွေက တိုက်တွန်းလိုက်ကြတာ
ပါ။

“အခုဆိုရင် တရုတ်အစိုးရရဲ့ နအဖအစိုးရအပေါ်မှာ တောက်လျှောက် တသမတ်တည်း တစိုက်မတ်မတ် ကာကွယ်ထောက်ခံ အားပေးနေမှုကြောင့် ကျနော်တို့ ပြည်တွင်းမှာ
ရှိတဲ့ တရုတ်ပစ္စည်းတွေကိုလည်း မြန်မာပြည်သူတွေအနေနဲ့ မရှိမဖြစ်၊ မ၀ယ်မဖြစ်
ဝယ်ရမယ့်ပစ္စည်းတွေကလွဲပြီး ကျန်တဲ့အသုံးအဆောင်ပစ္စည်းတွေ၊ အထူးသဖြင့် ဇိမ်ခံ
ပစ္စည်းတွေကို အားမပေး၊ မ၀ယ်ယူဘဲနေကြဖို့ ကျနော်တို့အနေနဲ့ အလေးအနက် တိုက်တွန်းထားပါတယ်။

“တရုတ်အစိုးရဟာ မြန်မာပြည်နဲ့ ကုန်သွယ်ရာမှာလည်း ဒေါ်လာ သန်းထောင်ချီပြီး အမြတ်အစွန်းတွေ ရရှိနေတဲ့၊ ကျနော်တို့မြန်မာပြည်ကနေ ပြည်တွင်းထွက် သယံဇာတ
တွေဖြစ်တဲ့ သဘာဝဓာတ်ငွေ့၊ ကျွန်းသစ်၊ ကျောက်မျက်ရတနာတွေကို ဈေးပေါပေါနဲ့
ရနေပြီး မြန်မာပြည်သူတွေအတွက်ကျတော့ အာမခံမရှိတဲ့ အပေါစား၊ အညံ့စား သူတို့
ထုတ်တဲ့ ပစ္စည်းတွေပဲ သုံးစွဲနေရတယ်။ အဲဒါကြောင့် ပြည်တွင်းမှာလည်း ကျနော်တို့
ပြည်သူတွေဟာ မရှိမဖြစ်၊ မသုံးမဖြစ်သုံးရတဲ့ ဆေးပစ္စည်းကလွဲပြီး ကျန်တဲ့ အသုံး
အဆောင် ပစ္စည်းတွေကို အားမပေးဘဲ၊ မ၀ယ်ယူဘဲနေကြဖို့၊ ကျနော်တို့အနေနဲ့ စီးပွား
ရေး သပိတ်မှောက်ကြဖို့ အလေးအနက် မေတ္တာရပ်ခံလိုပါတယ်”

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုစိုးထွန်း ဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပဲ တရုတ်နိုင်ငံက အိုလံပစ်ပွဲတော်ကို စတင်ကျင်းပမယ့်
နေ့ဟာ မြန်မာ့ဒီမိုကရေစီရေး တောင်းဆိုလှုပ်ရှားခဲ့တဲ့ ၈၈ လူထုအုံကြွမှုကြီး အနှစ်
၂၀ ပြည့်မြောက်တဲ့နေ့လည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီနေ့ ဒီအချိန်အထိ မြန်မာ
နိုင်ငံက အခြေအနေတွေဟာ တိုးတက်မှုမရှိဖြစ်နေပြီး ဒါကိုလည်း တရုတ်အစိုးရက လျစ်လျူရှုနေတယ်လို့ ကိုစိုးထွန်းက ဆိုပါတယ်။

“၈ လပိုင်း ၂၀၀၈ ခုနှစ်မှာကျင်းပမယ့် သူတို့ရဲ့ တရုတ်အိုလံပစ်ပွဲတော်ကြီးကို တရုတ် ပြည်သူပြည်သားတွေ ပျော်ရွှင်စွာနဲ့ ကျင်းပမယ့်အချိန်မှာ ကျနော်တို့တိုင်းပြည်က
ပြည်သူလူထုဟာ တနေ့စာတနေ့တောင်မှ အနိုင်နိုင် စားဖို့ မနည်းရှာဖွေနေရတဲ့ အနေ
အထား ဖြစ်နေပြီ။ ကျနော်တို့ပြည်သူပြည်သားတွေရဲ့ ဘ၀တွေက ဆိုးသထက် ဆိုးဝါး
လာနေပြီ။ ဖိအားပေးနှိပ်ကွပ်မှုကြောင့် ကျနော်တို့တိုင်းပြည်က အကုန်လုံး ပြည်သူ
ပြည်သားတွေဟာ အထိတ်တလန့်နဲ့ ကျီးလန့်စာစား နေနေကြရတာပါ။ အဲဒီအတွက်
ကြောင့် တရုတ်အစိုးရအနေနဲ့ နိုင်ငံတကာက တောင်းဆိုထားတဲ့ဆန္ဒတွေကို စက်တင်ဘာကာလနောက်ပိုင်းမှာလည်း တရုတ်အစိုးရက ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်
တွေ၊ ဂမ်ဘာရီရဲ့ လုပ်ဆောင်ချက်တွေကို သူတို့အနေနဲ့ အလေးအနက် ထောက်ခံတဲ့
အကြောင်း ပြောထားပြီးဖြစ်တယ်။ အဲဒီတော့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာနဲ့ အပြု
သဘော ပူးပေါင်းဆောင်ရွက်မှုတွေကို အလေးအနက်ထားဖို့ မေတ္တာရပ်ခံလိုပါတယ်”

မြန်မာ့အရေးကို နိုင်ငံတကာက ၀ိုင်းဝန်းဆောင်ရွက်နေရာမှာ မကြာသေးခင်ကလည်း
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် အီဘရာဟင် ဂမ်ဘာရီဟာ
တရုတ်နိုင်ငံကို သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံမှာ နိုင်ငံရေးဖြစ်ထွန်းမှုတွေ ပေါ်ပေါက်
အောင် တရုတ်နိုင်ငံက ပိုမိုပါဝင်ဆောင်ရွက်ဖို့ တိုက်တွန်းမှုတွေလည်း လုပ်ခဲ့တာပါ။
ဒါပေမယ့်လည်း တရုတ်အစိုးရက ကုလသမဂ္ဂမှာ အရင့်အရင်က ဆောင်ရွက်မှုတွေ
အတောအတွင်း မြန်မာစစ်အစိုးရဘက်က ရပ်တည်မှုတွေ ရှိခဲ့တာကြောင့် ဒီလိုအခြေ
အနေတွေကို ပြောင်းလဲသွားစေဖို့ ပြည်တွင်းပြည်ပက ဒီမိုကရေစီရေး လှုပ်ရှားသူတွေ
ဘက်က အခုလို သပိတ်မှောက်ဖို့ လိုအပ်တယ်လို့လည်း ၈၈ မျိုးဆက်ကျောင်းသား
တွေက ပြောကြတာပါ။

“မြန်မာနိုင်ငံအရေးကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆုံးဖြတ်ချက်ကို အဆိုတင်
သွင်းတော့ တရုတ်နဲ့ရုရှားက ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့တယ်။ ဒါကြောင့် တရုတ်
အစိုးရရဲ့ တာဝန်မဲ့မှုကြောင့် စက်တင်ဘာ အကြမ်းဖက်နှိမ်နင်းမှုမှာလည်း အကြမ်းဖက်
အသုံးပြုခဲ့တဲ့ နအဖအစိုးရရဲ့ လက်နက်တွေဟာ တရုတ်အစိုးရက ရောင်းချထောက်ပံ့
ထားတဲ့ လက်နက်တွေဖြစ်တယ်။ ဒါကြောင့် နိုင်ငံတကာမှာ ရောက်ရှိနေကြတဲ့ မြန်မာ
နိုင်ငံသားများ အပါအ၀င် ကမ္ဘာသူကမ္ဘာသားများဟာ အကြမ်းဖက်နှိပ်ကွပ်မှု၊
ခြိမ်းခြောက်မှုတွေ မြန်မာပြည်ပေါ်က ကွယ်ပျောက်ပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး
တွေ ပေါ်ထွန်းလာနိုင်ဖို့ စစ်အစိုးရကို ကျောထောက်နောက်ခံပြုပြီး အကာအကွယ်
ပေးနေတဲ့ တရုတ်အစိုးရရဲ့ အိုလံပစ်ပွဲတော်ကို အားမပေးကြဖို့၊ မကြည့်ရှုဘဲ သပိတ်
မှောက်ကြဖို့၊ အိုလံပစ်အထိမ်းအမှတ် ထုတ်ကုန်ပစ္စည်းတွေကိုလည်း မ၀ယ်ဘဲနေကြဖို့
ကျနော်တို့ မေတ္တာရပ်ခံလိုပါတယ်”

သြဂုတ်လ ၈ ရက်နေ့ ဘေဂျင်းမြို့မှာကျင်းပမယ့် တရုတ်နိုင်ငံက အိုလံပစ်အားကစားပွဲ
ကို သပိတ်မှောက်ဖို့အရေး ဆော်သြလိုက်တာနဲ့ပတ်သက်လို့ ၈၈ မျိုးဆက်ကျောင်းသား
ကိုစိုးထွန်းက ပြောပြသွားခဲ့တာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG