သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စိုးရိမ်ဖွယ်ရာ ဟောင်ကောင်တုပ်ကွေးကြောင့် ကျောင်းတွေပိတ်


ဟောင်ကောင်မှာ ကလေး ၃ ယောက်
သေဆုံးပြီး တော်တော်များများကိုလည်း
ဖျားနာစေတဲ့ တုပ်ကွေးရောဂါ ပျံ့နှံ့ဖြစ်ပွား
နေမှုအတွက် ဟောင်ကောင်က ကျန်းမာရေး
ဆိုင်ရာ ကျွမ်းကျင်သူတွေက စုံစမ်းနေကြပါ
တယ်။ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့ဖြစ်ပွားတာကို ထိန်း
ချုပ်နိုင်ဖို့ မူလတန်းကျောင်းတွေအားလုံးကို
အစိုးရက ပိတ်ပြစ်ခဲ့ပါတယ်။ အခြေအနေ
အပြည့်အစုံကို ဗွီအိုအေသတင်းထောက်
ဟေဒါဘေရွန် (Heda Bayron) သတင်း
ပေးပို့ထားတာကို မစုမြတ်မွန်က တင်ပြ
ပေးထားပါတယ်။

ဗိုင်းရပ်စ်ပိုး ပျံ့နှံ့ကူးစက်မှုကို ထိန်းနိုင်ဖို့ မူလ
တန်းကျောင်းနဲ့ နေ့ကလေးထိန်းကျောင်းတွေကို သီတင်း ၂ ပတ် ပိတ်လိုက်ပြီလို့
ကြာသပတေးနေ့ မနက်ကမှ ကပ်ပြီး အစိုးရက ကြေညာလိုက်တဲ့အတွက်
ကျောင်းသားမိဘတွေ၊ ဆရာ ဆရာမတွေနဲ့ ကျောင်းသူ ကျောင်းသားတွေကြားမှာ
ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ကြပါတယ်။ တချို့မိဘတွေဆိုရင် သတင်းမကြားဘဲ ကလေး
တွေကို ကျောင်းလာပို့တာမျိုး ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်း ၂ ပတ်ထဲမှာတင် အဲဒီ တုပ်ကွေးရောဂါကြောင့် ကလေး ၃ ယောက် အနည်းဆုံး သေဆုံးခဲ့ပါတယ်။ ကျန်းမာ ရေးပြုစုစောင့်ရှောက်မှုဌာနရဲ့ပြောချက်အရဆိုရင် ကျောင်းပေါင်း ၂၃ ကျောင်းက
ကျောင်းသူ ကျောင်းသားပေါင်း ၁၈၀ လောက် ဗိုင်းရပ်စ်ပိုး ကူးစက်တယ်လို့ သတင်း
ပို့ခဲ့ကြောင်း ပြောပါတယ်။ ကျန်းမာရေးဌာန အကြီးအကဲ ဒေါက်တာ ရော့က်ချို
(Dr. York Cho) က သန်းပေါင်းများစွာသော ကလေးတွေကို ရောဂါမကူးအောင် တားဆီးကာကွယ်ရေးဟာ အင်မတန်မှ အရေးကြီးတယ်လို့ ပြောပါတယ်။

“လာမယ့်ရာသီမှာ တုပ်ကွေးရောဂါဖြစ်မယ်လို့ ခန့်မှန်းထားတဲ့ထဲမှာ ကလေးတွေရဲ့
အရေအတွက်က လူကြီးတွေရဲ့ အရေအတွက်ထက် အများကြီးပိုများပါတယ်။ ကျနော်
တို့ ဆုံးဖြတ်ချက်တခုခုမချခင် ဒီအရေအတွက် တိုးလာတာမျိုး အဖြစ်မခံနိုင်ပါဘူး။”

ဗိုင်းရပ်စ်ပိုးအသစ်တမျိုး ပေါ်နေပြီ၊ ဒါမှမဟုတ် ရောဂါသစ်ဖြစ်နေပြီဆိုတဲ့ စိုးရိမ်မှုတွေ
ကို နည်းနိုင်သမျှနည်းအောင် ကျန်းမာရေးအာဏာပိုင်တွေက ကြိုးစားနေကြပါတယ်။ မတ်လရောက်တိုင်း ဟောင်ကောင်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ တုပ်ကွေးရောဂါဖြစ်ပွားမှု အထွတ်အထိပ်ကိုရောက်နေတာ ဖြစ်နိုင်တယ်လို့ သူတို့က ပြောကြပါတယ်။ ကမ္ဘာ့
ကျန်းမာရေးအဖွဲ့ (WHO) ကြီးကတော့ ဟောင်ကောင်မှာ ရောဂါဖြစ်နေတာ သူတို့
သိပေမယ့် အခုအချိန်အထိကတော့ ရိုးရိုးတုပ်ကွေးရောဂါပဲ ဖြစ်နိုင်တယ်လို့ ပြောပါ
တယ်။ ကလေးတွေမှာပဲ ဖြစ်နေပုံရတဲ့ ရောဂါရဲ့ သဘောသဘာဝကို ကျန်းမာရေး
ဆိုင်ရာ ကျွမ်းကျင်သူတွေ စုံစမ်းနေကြပါတယ်လို့လည်း ဟောင်ကောင်ကျန်းမာရေး
ဌာန အကြီးအကဲ ဒေါက်တာချိုက ပြောပါတယ်။

“အခုအချိန်အထိတော့ ဗိုင်းရပ်စ်ပိုးရဲ့ အန္တရာယ်ပေးနိုင်စွမ်းနဲ့ ဗီဇဖွဲ့စည်းပုံမှာ ထူးထူး
ခြားခြား ပြောင်းလဲတာမျိုး မတွေ့ရသေးပါဘူး။ ထူးခြားတဲ့ပြောင်းလဲမှုတွေ ရှိမရှိကို လောလောဆယ်မှာ အထူးကြိုးစားပြီး လေ့လာနေပါတယ်။”

ပထမဆုံးသေဆုံးခဲ့ကြတဲ့အထဲက အသက် ၃ နှစ်အရွယ် မိန်းကလေးမှာ H3N2
တုပ်ကွေးဗိုင်းရပ်စ် တွေ့ရှိခဲ့ပြီး ယောက်ျားလေးကတော့ တုပ်ကွေးရောဂါနဲ့ သေဆုံးခဲ့
တာ ဖြစ်ပါတယ်။ ဆေးရုံတွေမှာလည်း တုပ်ကွေးလိုရောဂါမျိုးနဲ့ ဆေးရုံတက်သူတွေ များလာခဲ့ပါတယ်။

အသက်ရှူလမ်းကြောင်းကို ဒုက္ခပေးတဲ့ ဆားစ်ရောဂါ ဟောင်ကောင်မှာ ပျံ့နှံ့ဖြစ်ပွားခဲ့
တာ ၅ နှစ်တိတိကြာချိန်မှာ ခုတဖန် တုပ်ကွေးလိုရောဂါဖြစ်တာ ဖြစ်ပါတယ်။ ဆားစ် ရောဂါဖြစ်တုန်းက ဟောင်ကောင်မှာ လူပေါင်း ၂၉၉ ယောက် သေဆုံးခဲ့ပါတယ်။
ဟောင်ကောင်ဒေသခံတချို့က လွန်ခဲ့တဲ့ ၅ နှစ်ကလိုမျိုး ခံစားနေရတယ်လို့ ပြောပါ
တယ်။

“ဆားစ်ရောဂါဖြစ်ပွားခဲ့မှုရဲ့ သက်ရောက်မှုရှိနေတယ်လို့ ခံစားနေရတယ်ဗျ။ အခု
တခေါက်မှာ အစိုးရက သိပ်သတိထားပြီး ဆောင်ရွက်နေတယ်လို့ ထင်တယ်လေ။”

အခုတခါက ဆားစ်မဖြစ်ခင်တုန်းကထက် ပြည်သူ့ကျန်းမာရေးပိုင်းမှာ ပိုပြီးပြင်ဆင်မှု
တွေ ရှိနေပြီလို့ ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူတချို့က ပြောကြပါတယ်။ အခု
လက်ရှိမှာ ဟောင်ကောင်ရဲ့အခြေအနေဟာ ဆားစ်ဖြစ်တုန်းကလို အထိတ်တလန့်
အခြေအနေမျိုးကို မမြင်ရသေးပေမယ့် ပိုးသတ်ဆေးတို့၊ နှာခေါင်းနဲ့ ပါးစပ်ကို
ကာကွယ်ပေးတဲ့ မျက်နှာဖုံးတို့ အရောင်းသွက်နေတယ်လို့ ဆိုင်ပိုင်ရှင်တွေက
ပြောကြသလို မြေအောက်ရထားစီးသူတချို့ မျက်နှာဖုံးတွေ ဝတ်ထားကြတာကိုလည်း တွေ့နေရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG