သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဲန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးမြင့်သိန်း ကွယ်လွန်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဲန်အယ်လ်ဒီ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်းဟာ ဒီကနေ့ ညနေပိုင်းမှာပဲ အစာအိမ် ကင်ဆာနဲ့ စင်ကာပူနိုင်ငံမှာ ကွယ်လွန်သွားခဲ့ပြီလို့ ဦးမြင့်သိန်းရဲ့ သားဖြစ်သူက အဲန်အယ်လ်ဒီ ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းဆီကို ပြောဆိုတယ်လို့ ကျနော်တို့ စုံစမ်းသိရှိရပါတယ်။

စင်ကာပူမှာ ဦးမြင့်သိန်းရဲ့ ကျန်းမာရေးကို အနီးကပ် ပြုစုစောင့်ရှောက် ပေးနေသူ တစ်ဦးကလည်း ဦးမြင့်သိန်း ကွယ်လွန်တဲ့အကြောင်းကို ဗီအိုအေကို အတည်ပြုချက် မကြာခင်က ပေးခဲ့ပါသေးတယ်။ ဦးမြင်သိန်းဟာ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးလည်း ဖြစ်ပါတယ်။

ဦးမြင့်သိန်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက အဖမ်းအဆီးခံခဲ့ရပြီးတဲ့နောက်ပိုင်း ရောဂါအခြေအနေ ပိုပြီးတော့ ဆိုးရွားလာလို့ စင်ကာပူမှာ ဆေးဝါးကုသခံယူနေတုန်း အခုလို ကွယ်လွန်သွားခဲ့ရတာပါ။ ဦးမြင့်သိန်း ကွယ်လွန်ချိန်မှာ အသက် ၆၂ နှစ် ရှိပါပြီ။ သူ ကွယ်လွန်သွားတာနဲ့ ပတ်သက်ပြီးတော့ အဲန်အယ်လ်ဒီပါတီရဲ့ ပြောရေးဆိုခွင့်ရှိ ဦးဉာဏ်ဝင်းက ဗီအိုအေကို အခုလို မှတ်ချတ်ချ ပြောဆိုပါတယ်။

“ကျနော်တို့ မွန်ပြည်နယ်ပေါ့ဗျာ ကျနော်တို့ အတူတူပေါ့၊ မွန်ပြည်နယ်မှာ တာဝန် ထမ်းဆောင်တဲ့ နေရာမှာ ဦးမြင့်သိန်းက မွန်ပြည်နယ် စည်းရုံးရေးအဖွဲ့ရဲ့ အတွင်းရေးမှူး၊ အဲဒါအပြင်ကို အဖွဲ့ချုပ်ရဲ့ ပြန်ကြားရေးအဖွဲ့ အဖွဲ့ဝင်၊ ဦးမြင့်သိန်းက ကျနော်တို့ အားလုံးထက်ကို အတက်ကြွဆုံး အပင်ပန်း အခံဆုံး ကြိုးစား ဆောင်ရွက်ခဲ့တယ် ဆိုတာကိုတော့ ကျနော်ပြောနိုင်ပါတယ်။ ဆေးပညာနဲ့ ပတ်သက်ပြီးတော့ ကျနော် မှတ်ချက်တော့ မပြုနိုင်ဘူး။ သို့သော် ကျနော် သိသလောက် ပြောရရင် ဦးမြင့်သိန်းက အစာအိမ်နဲ့ပတ်သက်ပြီးတော့ ရှိနေတယ်။ အဲဒီအချိန်မှာ စက်တင်ဘာမှာ ဦးမြင့်သိန်းက ထိန်းသိမ်းခံရတယ်။ တစ်လကျော်ကျော်လောက် ကြာသွားတယ်။ အဲဒီကာလမှာ ထိန်းသိမ်းခံရတဲ့ကာလမှာ သူက သူ့ဝေဒနာတွေက ပိုတက်လာတယ်။ အပြင်ရောက်တော့မှာ သူက ဒါနဲ့ပတ်သက်ပြီးတော့ ဆေးတွေဘာတွေ စစ်လိုက်တဲ့အခါမှာ အစာအိမ်ကင်ဆာ ဆိုတာ သိရတယ်။ ဦးမြင့်သိန်းက ဒီလို အထိန်းသိမ်းမခံရရင် ရောဂါကို ကြိုတင်ကာကွယ်နိုင်မယ်၊ ကြိုတင် ကုသနိုင်မယ်။ ဒီအခြေအနေတွေကို ဦးမြင့်သိန်းက လက်လွှတ်ခဲ့ရတယ်လို့ ကျနော် အဲဒီလိုပဲ နားလည်ပါတယ်။ အထူး ဝီရိယ ရှိတယ်။ အထူး အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ် တစ်ဦး ကျနော်တို့ ဒီလို ဆုံးရှုံးရတာဟာ အဲန်အယ်လ်ဒီပါတီရဲ့ ဆုံးရှုံးမှုကြီး တစ်ရပ်ပဲလို့ ကျနော်တို့ နားလည်ပါတယ်။ ဦးမြင့်သိန်းက ကျနော်တို့ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း မောင်နှမ ကဲ့သို့ ရင်းနှီးပြီးတော့ အဲဒီလို အလုပ်ကို ကြိုးစားပြီးတော့ ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးလို့ ကျနော် ဒီလို တွေ့ရှိကြောင်း ကိုလည်း ပြောချင်ပါတယ်။ ကျနော် အထူး ဝမ်းနည်းတယ်။ ကျနော် အလွန် စိတ်မကောင်းဖြစ်တယ် ဆိုတာ ပြောချင်ပါတယ်။”

အဲဒါကတော့ ကွယ်လွန်သွားခဲ့တဲ့ ဦးမြင့်သိန်းနဲ့အတူ အနီးကပ် လုပ်ကိုင်ဆောင်ရွက် ခဲ့တဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် အဲန်အယ်လ်ဒီ ပါတီက ဦးဉာဏ်ဝင်း ဗီအိုအေကို ရှင်းပြခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG