သုံးရလွယ်ကူစေသည့် Link များ

လူ့အခွင့်အရေးကို ကာကွယ်ဖို့ ပုပ်ရဟန်းမင်းကြီး တိုက်တွန်း


ကမ္ဘာတ၀ှမ်းမှာ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေ မကြုံရအောင် နိုင်ငံတိုင်းက ကာကွယ်ဖို့ တာဝန်ရှိတဲ့အကြောင်း ပုပ်ရဟန်းမင်းကြီး ဘန်းနာဒစ်က ပြောဆိုလိုက်ပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ မနေ့က သောကြာနေ့မှာ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။ နိုင်ငံတိုင်းမှာ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနဲ့ အညီ အခြား နိုင်ငံတကာ အဖွဲ့အစည်း လိုက်နာရမယ့် စည်းကမ်းတွေကို လိုက်နာလာအောင် နိုင်ငံတကာမိသားစုက ကြား
ဝင်ဆောင်ရွက်ပေးဖို့လည်း ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းသွားပါတယ်။

လူ့အခွင့်အရေးကို မြှင့်တင်ဆောင်ရွက်တာဟာ လုံခြုံရေးတိုးတက်အောင်နဲ့ နိုင်ငံတွေနဲ့ လူမှုအဖွဲ့အစည်းတွေအကြား မညီမျှမှုတွေ ပပျောက်အောင် တိုက်ဖျက်ဖို့ အထိရောက်ဆုံး မဟာဗျုဟာ ဖြစ်နေဆဲပဲလို့လည်း ပုပ်ရဟန်းမင်းကြီးက ပြောဆိုပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံခန်းမအတွင်း နောက်ပိုင်း ဟောပြောရာမှာ ပုပ်ရဟန်းမင်းကြီးက ကုလသမဂ္ဂ ၀န်ထမ်းတွေကို သူတို့ရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေ အတွက် ကျေးဇူးတင်ကြောင်း ပြောဆိုပါတယ်။
တာဝန်ထမ်းဆောင်ရင်း အသက်ပေးသွားသူ ကုလသမဂ္ဂ၀န်ထမ်းတွေကိုလည်း ဂုဏ်ပြု ပြောဆိုခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီး မိန့်ခွန်းပြောကြားတဲ့အချိန်မှာ အားလုံးက မတ်တပ်ရပ်ပြီး နုတ်ဆက်ကြိုဆိုခဲ့ကြပါတယ်။

အသက် ၈၁ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီးဟာ နယူးယောက်မြို့မှာ ရှိနေစဉ် ဆင်နဲဂေါ့ (Synagogue) ဂျုးလူမျိုးတွေရဲ့ ဘုရားကျောင်းကို သွားရောက်မှာဖြစ်ပါတယ်။ ပရိုတက်စတန်ဘာသာဝင် ဘုန်းတော်ကြီးတွေ ဘုရားကျောင်း အကြီးအကဲတွေနဲ့ ဘာသာရေးခေါင်းဆောင် ၂၅၀ လောက်နဲ့အတူ စိန့် ဂျိုးဆက်ဖ် ကက်သလစ်ဘုရားကျောင်းကိုလည်း သွားရောက်ပြီး ဘာသာရေးဆိုင်ရာ
ဝတ်ပြုဆုတောင်းပွဲကျင်းပဖို့ စီစဉ်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG