သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား ညူကလီးယားအစီအစဉ် မြောက်ကိုရီးယား လျှို့ဝှက် ကူညီ


မြောက်ကိုရီးယားနိုင်ငံဟာ ဆီးရီးယားနိုင်ငံကို
ညူကလီးယားဓာတ်ပေါင်းဖို လျှို့ဝှက်
တည်ဆောက်နိုင်ရေး ကူညီပေးခဲ့တယ်လို့ အမေ ရိကန်အစိုးရက ပြောဆိုလိုက်ပါတယ်။
ဆီးရီးယားရဲ့ ညူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်နေတဲ့နေရာဟာ ပြီးခဲ့တဲ့နှစ်က
အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့
အတွက် ပြန်လည်ပြင်ဆင်ဖို့ မဖြစ်နိုင်တော့
သလောက် ပျက်ဆီးသွားခဲ့ပါတယ်။ ဒီ ညူကလီး ယားဓာတ်ပေါင်းဖိုဟာ ငြိမ်းချမ်းတဲ့ ရည်ရွယ်
ချက်အတွက် တည်ဆောက်တာ မဟုတ်ဘူးလို့
လည်း အမေရိကန် ပြည်ထောင်စုက
ပြောပါတယ်။

မနေ့က ကြာသပတေးနေ့က အမေရိကန် သမ္မတအိမ်ဖြူတော်က သက်သေအထောက်
အထားတွေ ပြသပြီး ဆီးရီးယားနိုင်ငံဟာ ညူကလီးယားလက်နက်အတွက် ပလူတိုနီယံ ထုတ်လုပ်နေတယ်ဆိုတာ တွေ့ရတဲ့အကြောင်း ပြောဆိုပါတယ်။ ဆီးရီးယားနိုင်ငံမှာ
ညူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်တဲ့နေရာဟာ မြောက်ကိုရီးယားက
ညူကလီးယားဓာတ်ပေါင်းဖိုတွေ တည်ဆောက်တဲ့ နည်းပညာတွေနဲ့ နည်းလမ်းအတူတူ သုံးထားတယ်လို့လည်း အမေရိကန်ပြည်ထောင်စုက ပြောပါတယ်။

ဆီးရီးယားနဲ့ မြောက်ကိုရီးယားအရာရှိတွေ အတူတူရပ်နေတဲ့ ဓာတ်ပုံတွေကလည်း
ဒီနှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်နေတဲ့ နောက်ထပ် သက်သေအထောက်
အထားတွေလို့ ပြောဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုဆိုင်ရာ ဆီးရီးယားသံအမတ်ကြီး အီမတ်ဒ် မူစတတ်ဖာ
(Imad Moustapha) ကတော့ ဒီ စွပ်စွဲချက်တွေဟာ ရယ်စရာကောင်းတဲ့၊ မဟုတ်မမှန်
တဲ့ စွပ်စွဲချက်တွေလို့ စီအန်အန် ရုပ်မြင်သံကြားဌာနကို တုံ့ပြန်ပြောဆိုပါတယ်။
အစ္စရေးဟာ ဘာမှမရှိတဲ့ စစ်တပ်အဆောက်အဦတခုကို ဖျက်ဆီးခဲ့တာသာဖြစ်တယ်
လို့ ပြောဆိုသလို အမေရိကန်ပြည်ထောင်စုဟာ ညူကလီးယားနဲ့ပတ်သက်လို့ ချဲ့ကား
ပြောဆိုတဲ့ အစဉ်အလာ သမိုင်းကြောင်းတွေ ရှိတယ်လို့လည်း ပြောဆိုပါတယ်။

အမေရိကန် သမ္မတအိမ်ဖြူတော်ကတော့ ဆီးရီးယားအနေနဲ့ ညူကလီးယားထုတ်လုပ်
ရေးကိစ္စတွေ လုံးဝကင်းစင်အောင် ရပ်ဆိုင်းဖို့ တောင်းဆိုလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG