သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ရဲ့ အရေးပေါ်အကူအညီ မြန်မာစစ်အစိုးရ လက်ခံမည်


မြန်မာနိုင်ငံက လေဘေးဒုက္ခသည်တွေအတွက် အမေရိကန်နိုင်ငံကပေးအပ်မယ့် အကူအညီတွေ
လက်ခံမခံ ရက်အတန်ကြာ အငြင်းပွားနေခဲ့အပြီး သောကြာနေ့မှာတော့ အမေရိကန်လေတပ် C130
အမျိုးအစား လေယာဉ်ကြီးနဲ့ တစင်းအပြည့် အကူ
အညီတွေကို တင်ပို့ခွင့်ပြုမယ်လို့ မြန်မာစစ်အစိုးရ
က သဘောတူလိုက်ပါတယ်။ နာဂစ်မုန်တိုင်းဒဏ်
ကြောင့် လူတွေ သိန်းနဲ့ချီပြီးသေ၊ သန်းနဲ့ချီပြီး အိုးမဲ့
အိမ်မဲ့ ဖြစ်နေရချိန်မှာ မြန်မာစစ်အစိုးရဘက်က အခုလိုအကူအညီတွေကို လက်ခံဖို့အရေး
ဘာကြောင့် အချိန်ဆွဲနေရသလဲဆိုတာ ဗွီအိုအေမြန်မာပိုင်းအစီအစဉ် ဌာနမှူး ဦးသန်းလွင်ထွန်းက သုံးသပ်တင်ပြထားပါတယ်။

မြန်မာစစ်အစိုးရရဲ့ ခွင့်ပြုချက်ရပြီမို့ ထိုင်းနိုင်ငံမှာရှိတဲ့ အမေရိကန် လေတပ်အခြေစိုက်
စခန်းကနေ C130 အမျိုးအစား လေယာဉ်ကြီးတစင်းနဲ့အပြည့် လေဘေးကယ်ဆယ်
ရေးပစ္စည်းတွေကို တနင်္လာနေ့မှာ ပို့ဆောင်ပေးဖို့ စီစဉ်နေပါပြီ။ ဒါဟာ လေဘေးဒဏ်ခံ မြန်မာပြည်သူတွေအတွက် အမေရိကန်ပြည်ထောင်စုက အလုံးအရင်းအလိုက် အကူ
အညီတွေ တင်ပို့ပေးနိုင်ရေး အစပျိုးပဲဖြစ်ပါတယ်လို့ မျှော်လင့်ကြောင်း အမေရိကန်
ပြည်ထောင်စု သမ္မတအိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် ဂေါ်ဒွန် ဂျွန်ဒရိုးက ပြောကြားခဲ့
ပါတယ်။

“ဒေသတွင်းမှာ ကြိုတင်စုဆောင်းထားတဲ့ လေဘေးကယ်ဆယ်ရေးပစ္စည်းတွေအပြင်
ပင်လယ်ပြင်က သင်္ဘောကြီးတွေပေါ်မှာလည်း အဆင်သင့်ရှိနေနှင့်ပြီး ဖြစ်ပါတယ်။ ဘယ်လိုကယ်ဆယ်ရေးပစ္စည်းတွေ အရေးတကြီး လိုအပ်နေသလဲဆိုတာကိုလည်း မြန်မာပြည်မှာရှိနေတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းမေးမြန်းထားပြီးဖြစ်
တယ်လို့ ယူဆပါတယ်။ ရေသန့်စင်ရေး စက်ကိရိယာတွေ၊ မသန့်ရှင်းတဲ့ရေတွေက
တဆင့် ကူးစက်နိုင်တဲ့ ရောဂါကာကွယ်ရေးပစ္စည်းတွေ စသဖြင့် အရေးကြီးဆုံးပစ္စည်း
တွေကို ဦးစားပေး တင်ပို့သွားမှာပါ။”

ကယ်ဆယ်ရေးပစ္စည်းတွေက အဆင်သင့်ရှိနေပြီ ဖြစ်ပါလျက်နဲ့ မြန်မာစစ်အစိုးရက
တနင်္လာနေ့မှာမှ လေယာဉ်ဆင်းခွင့်ပြုမှာ ဖြစ်ပါတယ်။ ဒါတောင် အကူအညီပေးပစ္စည်း
တွေကိုသာ လက်ခံပြီး အမေရိကန် ကယ်ဆယ်ရေးကျွမ်းကျင်သူအဖွဲ့ကိုတော့ ပြည်ဝင်
ခွင့်ဗီဇာ ထုတ်မပေးသေးပါဘူး။ ဒါကြောင့် အမေရိကန်တင်မက နိုင်ငံတကာရဲ့ ဒီလို ကျွမ်းကျင်မှုအကူအညီတွေကို လက်ခံဖို့အရေး မြန်မာစစ်အစိုးရကို ဆက်ပြီး တိုက်တွန်း
သွားရမှာ ဖြစ်ပါတယ်လို့လည်း အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် ဂေါ်ဒွန် ဂျွန်ဒရိုးက
ဆိုပါတယ်။

မြန်မာစစ်အစိုးရအနေနဲ့ အစောပိုင်းက အမေရိကန်အကူအညီတွေ လက်ခံဖို့ ငြင်းပယ်
နေရာကနေ အခုလို ဘာကြောင့် အပြောင်းအလဲ ဖြစ်သွားရတာလဲဆိုတဲ့ မေးခွန်းကို
တော့ သူက အခုလိုဖြေပါတယ်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာစစ်အစိုးရနဲ့ရော တခြားနိုင်ငံတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့
အစည်းတွေနဲ့ပါ ကျနော်တို့ တလျှောက်လုံး ညှိနှိုင်းနေခဲ့ရတာပါ။ ဘယ်သူဘယ်ဝါ
ဆိုတာ အတိအကျထုတ်ဖော်ပြီး မပြောလိုပေမယ့် တရုတ်နဲ့ တချို့နိုင်ငံတွေရဲ့ ကြိုးပမ်း တိုက်တွန်းပေးမှုတွေကို ကျနော်တို့ ကျေးဇူးတင်ရမှာပါ။ ဒါ့အပြင် မြန်မာစစ်အစိုးရ
အနေနဲ့လည်း ပြည်တွင်းမှာဖြစ်နေတဲ့ အခုလောက်ကြီးမားတဲ့ ကပ်ဘေးဒုက္ခကြီးကို
ဖြေရှင်းနိုင်ဖို့ ရသမျှအကူအညီတွေ ထပ်ပြီးလိုနေတယ်ဆိုတာကို သဘောပေါက်လာ
လို့လည်း ဖြစ်ပါတယ်။”

အမေရိကန်အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ်ရဲ့ အခုလို ရှင်းပြချက်နဲ့ ဆက်စပ်နေတဲ့ အချက်တခုကတော့ နိုင်ငံတကာ၊ အထူးသဖြင့် အမေရိကန်အကူအညီ ရယူရေးမှာ မြန်မာစစ်အစိုးရအတွင်း အစောပိုင်းက သဘောထားကွဲလွဲမှုတွေ ရှိနေခဲ့ပြီး
နောက်ပိုင်းမှာမှ ညှိနှိုင်းအလျှော့ပေးလာရတာဖြစ်တယ်ဆိုတဲ့ နေပြည်တော် အတွင်း သတင်းတရပ်ပါပဲ။

မြန်မာနိုင်ငံမှာ လူထုဆန္ဒခံယူပွဲနဲ့ သူတို့စိတ်တိုင်းကျ အခြေခံဥပဒေ အတည်ပြုရေးကို အနှောင့်အယှက်မရှိ အရင်သွားလိုတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးနဲ့ နီးစပ်သူ စစ်ဗိုလ်ချုပ်တချို့၊
တာဝန်ခံဝန်ကြီး ဦးအောင်သောင်း စတဲ့အဖွဲ့ကတဖက်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး
မောင်အေး အပါအဝင် စစ်တပ်က ရေတပ်၊ လေတပ် ဦးစီးချုပ်များ၊ တိုင်းမှူး၊ တပ်မှူး
တချို့ကတဖက် သဘောထားကွဲလွဲနေခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

အထူးသဖြင့် မုန်တိုင်းဒဏ်ကြောင့် ရေတပ်မှာ ဆိပ်ကမ်းတွေ ပျက်ခဲ့တဲ့အပြင် စစ်
သင်္ဘောတွေလည်း နစ်မြုပ်ဆုံးရှုံးမှုတွေ ရှိခဲ့တဲ့အတွက် နိုင်ငံတကာနဲ့ အမေရိကန်
အကူအညီတွေကို လက်ခံလိုက်ရင် ကမ်းထိုးရေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ ပါဝင်
လာမှာမို့ ပိုပြီးထိရောက်မှုရှိနိုင်တယ်လို့ ဒုတိယအဖွဲ့ဖြစ်တဲ့ စစ်ဗိုလ်ချုပ်တွေက ယူဆ
ခဲ့ကြတယ်လို့ ဆိုပါတယ်။နောက်ဆုံးမှာတော့ ဒီအယူအဆရှိသူတွေဘက်က အသာစီး
ရသွားပြီး အမေရိကန်လေတပ် လေယာဉ်တစင်းကို ပထမဦးဆုံး ခွင့်ပြုလိုက်ရတာ
ဖြစ်တယ်လို့လည်း နေပြည်တော်နဲ့နီးစပ်တဲ့ သတင်းရပ်ကွက်က ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စု ပြောခွင့်ရပုဂ္ဂိုလ်ကတော့ လောလောဆယ်မှာ ညှိနှိုင်းမှုတွေ
အပြည့်အ၀ မအောင်မြင်သေးပေမယ့် လေယာဉ်တစင်းစာ အကူအညီပေးခွင့်ရတာဟာ ဘာမှမလုပ်ပေးနိုင်ဘဲရှိတာထက် ပိုကောင်းကြောင်း၊ တကယ်တမ်းမှာ မြန်မာနိုင်ငံရဲ့
အခြေအနေဟာ ရေရှည်ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်သွားရမယ့် အခြေအနေပဲ
ဖြစ်ပါကြောင်း ပြောကြားသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG