သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာတောင်းဆိုချက် တိုးတက်မှုမရှိ အီးယူ မဟာမင်းကြီးပြောကြား


မြန်မာနိုင်ငံက နာဂစ်ဆိုင်ကလုံးမုန်တိုင်း ကပ်ဘေးဒုက္ခရောက်နေသူတွေအတွက် နိုင်ငံတကာ အထောက်အပံ့ အကူအညီတွေ ပေးနိုင်ဖို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက စစ်အစိုးရကို ဖြောင့်ဖျ ပြောဆို ကြိုးစားနေချိန်မှာပဲ - နှစ်ရက်ကြာ မြန်မာနိုင်ငံကို သွားရောက်ခွင့်ရခဲ့တဲ့ ဥရောပသမဂ္ဂ လူသားချင်း စာနာကူညီမူဆိုင်ရာ ကော်မရှင်နာမင်းကြီး လူဝစ် မစ်ရဲှလ် (Louis Michel) ဟာ မနေ့ညက ထိုင်းနိုင်ငံ ဘန်ကောက်ကို ပြန်ရောက်ရှိခဲ့ပါတယ်။ ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံတကာက အကူအညီပေးရေး ဝန်ထမ်းတွေ ကျွမ်းကျင်သူတွေနဲ့ အကူအညီပစ္စည်းတွေ မြန်မာနိုင်ငံကို အတားအဆီး မရှိသွားနိုင်ဖို့ မြန်မာအာဏာပိုင်တွေနဲ့ ဆွေးနွေးခဲ့ရာမှာ ဘာမှ တိတိပပ ရလဒ် မရခဲ့ပါဘူး။ အကြောင်းစုံကို ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

ဥရောပသမဂ္ဂ လူသားချင်းစာနာကူညီမှုဆိုင်ရာ ကော်မရှင်နာ မင်းကြီး လူဝီ မစ်ရဲှလ်ဟာ သူ့ရဲ့ နှစ်ရက်ကြာခရီးစဉ် အတွင်း မြန်မာအာဏာပိုင်တွေကို တောင်းဆိုခဲ့တာတွေ အားလုံးလိုလို ချောချောမွေ့မွေ့ ဖြစ်ခဲ့တာတော့ မရှိပါဘူး။ နိုင်ငံတွင်းရှိပြီးသား သူတို့ ဥရောပသမဂ္ဂရဲ့ ကယ်ဆယ်ရေး ဝန်ထမ်းတွေ ဗီဇာရက် ထပ်တိုးရေး ကိစ္စပဲ အဆင်ပြေခဲ့တယ်လို့ ပြောရမှာပါ။ ဒါတောင်မှ နောက် ဗီဇာသက်တမ်း နှစ်ပတ်ပဲ ပေးခဲ့ပါတယ်။ နိုင်ငံတကာ အကူအညီပေးရေးဝန် ထမ်းတွေ မြစ်ဝကျွန်းပေါ် ဒေသကို သွားလာခွင့်၊ အိမ်နီးချင်းနိုင်ငံတွေကနေ မြန်မာနိုင်ငံတွင်း ဝင်ရောက်ဖို့ စောင့်နေတဲ့ နိုင်ငံတကာ အကူအညီပေးရေး ဝန်ထမ်းတွေ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းက တာဝန်ရှိသူတွေကို နိုင်ငံကူးဗီဇာ ထုတ်ပေးဖို့၊ နောက် ပုသိမ်လေဆိပ်ကို အသုံးပြုပြီး မြစ်ဝကျွန်းပေါ်က မုန်တိုင်းဒဏ် ဆိုးဆိုးရွားရွား ခံခဲ့ရတဲ့ဒေသတွေကို နိုင်ငံတကာ အကူအညီတွေ ပို့ခွင့် စတဲ့ တောင်းဆိုချက်တွေကတော့ အချည်းနှီးပါ။

နိုင်ငံတကာ ကယ်ဆယ်ရေးလုပ်သားတွေ ကျွမ်းကျင်သူတွေကို ဗီဇာထုတ်ပေးဖို့ ကိစ္စ နှောင်းနှေးနေတဲ့ အပေါ် တိတိပပ အကြောင်းပြချက် မရပေမယ့်၊ ပုသိမ်လေဆိပ် အသုံးပြုဖို့ ကိစ္စမှာတော့ လေဆိပ်ဟာ နိုင်ငံတကာ စံနှုန်းတွေနဲ့ မပြည့်တာကြောင့် အသုံးပြုဖို့ အခက်အခဲ ရှိတယ်ဆိုပြီး အာဏာပိုင်တွေဖက်က သူ့ကို အကြောင်းပြန်တယ်လို့ သိရပါတယ်။ မြန်မာအာဏာပိုင်တွေအနေနဲ့ နိုင်ငံတကာ အကူအညီတွေ အထောက်အပံတွေ ပေးဖို့ ကမ်းလှမ်းချက်ကို လိုလားပုံရပေမယ့် စိုးရိမ်သံသယ ရှိနေပုံလည်း ပေါ်တယ်လို့ အီးယူ ကော်မရှင်နာ မင်းကြီး လူဝီ မစ်ရဲှလ် က ပြောပါတယ်။ ဒါပေမယ့် သူရဲ့ ခရီးစဉ် ရည်ရွယ်ချက်ဟာ တကယ်တော့ နိုင်ငံတကာက ကယ်ဆယ်ရေး လုပ်သားတွေ ကျွမ်းကျင်သူတွေ အထောက်အပံ့တွေ နိုင်ငံတွင်း ရောက်ရေးပဲ ဖြစ်တယ်လို့ လူဝီ မစ်ရဲှလ် က အခုလို ပြောပါတယ်။

“ကျနော် ခရီးစဉ်ရည်ရွယ်ချက်ကတော့ နိုင်ငံတကာက ကူညီရေးဝန်ထမ်းတွေ ကျွမ်းကျင်သူတွေ အနေနဲ့ အထောက်အပံ့ အကူအညီတွေ လုပ်ဆောင်ပေးနိုင်ဖို့ သူတို့ကို ပိုပြီးတော့ နိုင်ငံကူးဗီဇာတွေ ထုတ်ပေးနိုင်ဖို့ စစ်အစိုးရကို ဖြောင့်ဖျပြောဆိုဆဲပါ။”

ဒါကြောင့်လည်း သူဟာ သူ့ခရီးစဉ်အတွင်း မုန်တိုင်းဒဏ် အတော်လေး ခံခဲ့ရတဲ့ မြစ်ဝကျွန်းပေါ် ဒေသကို သွားနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် သွားရောက်ခွင့်မရခဲ့ဘူးလို့ အခုလို ပြောပါတယ်။

“ကျနော့်အနေနဲ့ မုန်တိုင်းဒဏ်ကြောင့် ဆိုးဆိုးရွားရွားခံခဲ့ရတဲ့ မြစ်ဝကျွန်းပေါ်ဒေသကို သွားရောက်ခွင့် ရဖို့အတွက် တော်တော်ကို အကြိတ်အနယ် ပြောဆိုခဲ့ပါတယ်။ မနေ့ကတော့ ရာသီဥတု အခြေအနေကြောင့် ဆိုပြီး ရွေ့ဆိုင်းခဲ့ပါတယ်။ ဒီနေ့ကျတော့ မနက်ဖြန်ကျမှ သွားဖို့ ခရီးရွေ့ဆိုင်းပေးပါ ဆိုပြီး ကျနော့်ကို သူတို့ ပြောပါတယ်။ ကျနော့်အနေနဲ့ကတော့ လာမယ့် အပတ် ဥရောပ ပါလီမန်မှာ အလုပ်ရှိလို့ ရွေ့ဆိုင်းဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့်လို့ မြန်မာနိုင်ငံ ရန်ကုန်မှာရှိတဲ့ သံအမတ်တွေ အနေနဲ့ မနက်ဖန်ဆိုရင်တော့ ဒီ မြစ်ဝကျွန်းပေါ်ဒေသကို ရဟတ်ယာဉ်နဲ့ သွားပြီး ဆိုးဆိုးရွားရွား ဒဏ်ခံခဲ့ရတဲ့ နေရာတွေကို မျက်မြင် မြင်တွေ့ကြမှာပါ။”

အီးယူ ဥရောပသမဂ္ဂ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအနေနဲ့ အခုလို အထောက်အပံ့ အကူအညီတွေ ပေးရေး နှောင်းနှေးနေချိန်မှာ အိမ်နီးချင်းနိုင်ငံတွေရဲ့ ကြိုးပမ်းမှုကို အခရာ ကျနေတယ်လို့လည်း မစ္စတာ လူဝီ မစ်ရဲှလ် က ပြောပါတယ်။ မကြာခင်မှာဆိုရင် မြန်မာအိမ်နီးချင်း နိုင်ငံတွေက ဆရာဝန် ၁၀၀ ကျော်ဟာ မုန်တိုင်းဒဏ်ခံရတဲ့ ဒေသတွေက ပြည်သူတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးဖို့ သွားရောက်ခွင့် ရတော့မယ် ကြားတယ်လို့လည်း သူက ပြောခဲ့ပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ကတော့ တကယ် မုန်တိုင်းသင့်ခဲ့တဲ့ ဒေသတွေကို ကိုယ်တိုင် သွားရောက် လေ့လာခွင့်မရတာကြောင့် အသေအပျောက် စာရင်း အဆုံးအရှုံးစာရင်းတွေကို အစိုးရပေးတဲ့ အချက်အလက်က လွဲလို့ ဘာမှ ကိုယ်တိုင်ကိုယ်ကျ လေ့လာ ဆန်းစစ်ခွင့်မရခဲ့ဘူးလို့ ဆိုပါတယ်။

တဖက်မှာတော့ မြန်မာအစိုးရအာဏာပိုင်တွေက နိုင်ငံတကာ အကူအညီတွေကို လက်ခံမယ့်သဘော ပြနေပေမယ့် ဒီမုန်တိုင်းကပ်ဘေးဆိုး အခြေအနေကို မြန်မာနိုင်ငံအနေနဲ့ ဖြေရှင်းနိုင်တယ်ဆိုတဲ့ သဘော ပြောနေပါတယ်။ မစ္စတာ လူဝီ မစ်ရဲှလ်ကတော့ ဒီလို မယူဆပါဘူး။ အခု မြန်မာနိုင်ငံ ကြုံနေရတဲ့ ပြဿနာမျိုးကို ဘယ်အစိုးရကမှ သူချည်း မဖြေရှင်းနိုင်ဘူးလို့ အခုလို ပြောပါတယ်။

“အခုလို ပြဿနာမျိုးကို ကမ္ဘာပေါ်က ဘယ်အစိုးရကမှ သူချည်းသက်သက် ဖြေရှင်း ဆောင်ရွက်နိုင်မှာ မဟုတ်ပါဘူး။ ဒါဟာ တကယ်ကို အတိုင်းအတာ ကြီးမားတဲ့ ဘေးဒုက္ခ ကပ်ဆိုးကြီးပါ။”

ဒီအတွက်လည်း မြန်မာနိုင်ငံက အခု ကပ်ဘေးဆိုးအခြေအနေမှာ သန်းနဲ့ချီ ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေကို အထောက်အပံ့ အကူအညီတွေ ပေးနိုင်ဖို့ သံတမန်ရေး နည်းသာမကဘူး အခြား ဖြစ်တဲ့နည်းလမ်းတွေကိုလည်း အသုံးပြုသွားရမှာ ဖြစ်တယ်လို့လည်း မစ္စတာ လူဝီ မစ်ရဲှလ်က မနေ့က မြန်မာနိုင်ငံကအပြန် ဘန်ကောက် သုဝဏဘူမိ နိုင်ငံတကာလေဆိပ်မှာ ပြောကြားသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG