သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့တွေ့မည်


မြန်မာနိုင်ငံက ဆိုင်ကလုန်းမုန်တိုင်းသင့်ဒေသတွေမှာ အထောက်အပံ့ပ စ္စည်းတွေနဲ့ ကယ်ဆယ်ရေး လုပ်သားတွေ လွတ်လွတ်လပ်လပ် သွားရောက် ကူညီနိုင်ခွင့် ပြုဖို့အတွက် မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေကို ဖျောင်းဖျနိုင်လိမ့်မယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက မျှော်လင့်ထားပါတယ်။ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ခွင့်ပြုချက်ရဖို့ ကြိုးပမ်းတဲ့ သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ပတ်သက်လို့ မစ္စတာ ဘန်ကီမွန်း (Ban Ki-moon) က မှတ်ချက်ချ ပြောဆိုခဲ့တာပါ။ အကြောင်းစုံကို ဘန်ကောက်မြို့ကနေ ဗွီအိုအေ သတင်းထောက် ရွန် ကော်ဗင် ကသတင်းပေးပို့ထားတာကို ဒေါ်ခင်ဖြူထွေးက တင်ပြပေးပါမယ်။

မြန်မာမုန်တိုင်းသင့် ဒုက္ခသည်တွေကို အမြန်ဆုံး ကူညီကယ်ဆယ်နိုင်ဖို့ သူ့ရဲ့ ကြိုးပမ်းချက် အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ဗုဒ္ဒဟူးနေ့က ပြောကြားခဲ့တာပါ။

“ကျနော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ ကူညီကယ်ဆယ်မှုတွေ ဒုက္ခသည်တွေဆီ အမြန်ဆုံး ရောက်နိုင်ဖို့နဲ့ ဒုက္ခသည်တွေ ဒီအဖြစ်ဆိုးကြီးကနေ ပြန်လည် နလန်ထူလာနိုင်အောင် ကူညီတဲ့နေရာမှာ ထိရောက်တဲ့ အကူအညီတွေ ပေးနိုင်ဖို့ စတဲ့ နောက်ပိုင်း ရေရှည် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ထိထိရောက်ရောက်နဲ့ စီမံနိုင်ဖို့ပါ။”

ကြာသပတေးနေ့ မြန်မာနိုင်ငံကို မဆိုက်ရောက်ခင် မစ္စတာ ဘန်ကီမွန်းဟာ ထိုင်းနိုင်ငံမှာ အခု ခရီးတထောက် ရောက်ရှိနေပါပြီ။ ကယ်ဆယ်ရေးလုပ်သားတွေ မြန်မာနိုင်ငံထဲ အမြန်ဆုံး ဝင်ခွင့်ပေးဖို့နဲ့ ဆိုင်ကလုန်း ဒုက္ခသည်တွေကို အထောက်အပံတွေ လွတ်လွတ်လပ်လပ်နဲ့ ဖြန့်ဝေခွင့်၊ ကူညီခွင့်တွေပြုဖို့ မစ္စတာ ဘန်ကီမွန်းအနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို တိုက်တွန်းဖို့ ရည်ရွယ်ပါတယ်။

အစောပိုင်းတုန်းက သူနဲ့ ဖုန်းပြောဖို့ ငြင်းဆိုခဲ့တဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့လည်း သူ့ခရီစဉ်အတွင်း တွေ့ခွင့်ရဖို့ မျှော်လင့်တဲ့အကြောင်း မစ္စတာ ဘန်ကီမွန်းက ပြောပါတယ်။

ဒီလအစောပိုင်း တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းတွင်း သေဆုံးခဲ့သူဦးရေဟာ ၇ သောင်း ၈ ထောင်ရှိပြီး ပျောက်ဆုံးနေသူကတော့ ၅ သောင်း ၆ ထောင်လောက် ရှိပါတယ်။ ဒါပေမယ့် မြန်မာစစ်အစိုးရက ဒုက္ခရောက်နေသူတွေကို ကူညီကယ်ဆယ်ဖို့ နိုင်ငံတကာ အကူအညီ အများစုကို ငြင်းဆန်နေတုန်းပဲ ဖြစ်ပါတယ်။ အကူအညီအ ထောက်အပံ့တွေကို အကန့်အသတ်နဲ့သာ မြန်မာစစ်အစိုးရက လက်ခံနေတာပါ။

မုန်တိုင်းဒဏ်သင့်ဒေသတွေကို အရေးပေါ် အထောက်အပံ့ ပစ္စည်းတွေ ဟယ်လီကော်ပတာတွေနဲ့ ပို့ပေးဖို့ မြန်မာစစ်အစိုးရရဲ့ ခွင်ပြုချက်ရထားပြီလို့ နယူးယောက်မြို့က မထွက်ခွာခင် မစ္စတာ ဘန်ကီမွန်းက ပြောဆိုခဲ့ပါတယ်။

သန်းနဲ့ချီတဲ့ ဒုက္ခရောက်နေသူတွေဆီကို ရောက်ရှိနိုင်တဲ့ အထောက်အပံ့ အတိုင်းအတာနဲ့ပတ်သက်လို့ အကြီးအကျယ် စိုးရိမ်မှုတွေ ရှိနေပါတယ်။ ဒုက္ခသည် အနည်းစုသာ အကူအညီတွေကို ရရှိသေးတယ်လို့ ကူညီကယ်ဆယ်ရေး အေဂျင်စီတွေက ပြောပါတယ်။ ဒါကြောင့်လည်း မြန်မာစစ်အစိုးရဟာ နိုင်ငံတကာ ကူညီကယ်ဆယ်ရေး လုပ်သားတွေကို နိုင်ငံထဲ ဝင်ခွင့်ပြုဖို့၊ ကန့်သတ်ချက်တွေကို လျော့ချဖို့ နိုင်ငံတကာရဲ့ ဖိအားပေးတာကို ခံနေရတာပဲ ဖြစ်ပါတယ်။

ဒီသီတင်းပတ်အတွင်းမှာတော့ အရှေ့တောင်အာရှနိုင်ငံတွေက အရေးပေါ် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်လုပ်သားတွေ မြန်မာနိုင်ငံထဲ ဝင်ခွင်ပြုဖို့ အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့က မြန်မာစစ်အစိုးရကို ဖျောင်းဖျနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီကျွမ်းကျင်သူဆေးလုပ်သားတွေဟာလည်း မုန်တိုင်း အဆိုးရွားဆုံး ရိုက်ခတ်ခံရတဲ့ ဒေသတွေကို သွားရောက် ကူညီခွင့်မရသေးဘူးလို့ ဒီကနေ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒုက္ခသည်တွေအတွက် ကူညီကယ်ဆယ်မှုတွေကို မကြာခင်မှာ အမြန်ဆုံး ပေးပို့သွားနိုင်လိမ့်မယ်လို့ သူ့အနေနဲ့ ယုံကြည်တဲ့အကြောင်း ထိုင်းနိုင်ငံကို မဆိုက်ရောက်ခင်မှာ မစ္စတာ ဘန်ကီမွန်းက ပြောကြားခဲ့ပါတယ်။ မစ္စတာ ဘန်ကီမွန်းဟာ တနင်္လာနေ့ ရန်ကုန်မှာ ကျင်းပမယ့် ဒုက္ခသည်များ ကယ်ဆယ်ရေးနိုင်ငံတကာ ညီလာခံကိုလည်း တက်ရောက်အုံးမှာပါ။

မစ္စတာ ဘန်ကီမွန်းရဲ့ အခု မြန်မာနိုင်ငံခရီးစဉ်အတွက် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကြီးအကဲ ဂျွန် ဟုမ်း (John Holms) က စီစဉ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ မုန်တိုင်းကြောင့် အပျက်အဆီးတွေက ကြီးမားလွန်းတာကြောင့် နောက်ဆက်တွဲ အခြေအနေတွေကို ကိုင်တွယ်တဲ့နေရာမှာ မြန်မာစစ်အစိုးရအနေနဲ့ သူတစ်ဦးတည်း ဖြေရှင်းဆောင်ရွက်နိုင်မှာ မဟုတ်တဲ့ကြောင်း မစ္စတာ ဟုမ်းက စစ်ခေါင်းဆောင်တွေကို ပြောဆိုခဲ့ပါတယ်။

မြန်မာ့ရေပိုင်နက်အနီးမှာ ရောက်ရှိနေတဲ့ အမေရိကန် စစ်သင်္ဘောတွေရဲ့အကူအညီကိုတော့ စစ်အစိုးရက ငြင်းဆိုထားဆဲဖြစ်တဲ့အကြောင်း ဒီကနေ့ အစိုးရသတင်းစာမှာ ဖော်ပြထားပါတယ်။ ပြင်သစ်နဲ့ ဗြိတိန် ရေတပ်သင်္ဘောတွေလည်း ဒေသတွင်းမှာ ရောက်ရှိနေပါတယ်။ ဒါပေမယ့် သူတို့အနေနဲ့ အကူအညီတွေ ပေးခွင့်ရမရ ဆိုတာကတော့ မသေချာသေးပါဘူး။ ဒါပေမယ့်လည်း မြန်မာစစ်အစိုးရဟာ ပြီးခဲ့တဲ့သီတင်းပတ်က အမေရိကန်လေတပ်ကတဆင့် ပေးပို့ခဲ့တဲ့ အကူအညီတွေကိုတော့ လက်ခံခဲ့ပါတယ်ရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG