သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာ ကယ်ဆယ်ရေး လုပ်သား ဝင်ခွင့်ပေးမယ် ဆိုတဲ့ကိစ္စ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သတိနဲ့ကြိုဆို


မြန်မာစစ်အစိုးရက နိုင်ငံတကာကူညီကယ်ဆယ်ရေး လုပ်သားတွေကို မြန်မာပြည် အတွင်း ဝင်ခွင့် ပေးလိုက်တဲ့အပေါ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သတိနဲ့ လက်ခံကြိုဆိုလိုက်ပါတယ်။ ဝါရင့် နိုင်ငံရေးသမားကြီးတွေကတော့ အကူအညီတွေ ပိုမိုရစေဖို့ ကုလသမဂ္ဂက ကြားဝင်ညှိနှိုင်း ပေးမယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။ သတင်းအပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မုန်တိုင်းဒဏ်ခံနေရတဲ့ ပြည်သူတွေကို ကူညီကယ်ဆယ်ဖို့ နိုင်ငံတကာ ကူညီရေး လုပ်သားတွေကို မြန်မာပြည်အတွင်း ဝင်ခွင့်ပေးမယ်လို့ ဒီကနေ့ မြန်မာ စစ်အစိုးရက သဘောတူလိုက်တဲ့ အပေါ်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ထောက်ခံကြိုဆို လိုက်ပါတယ်။

“ကျနော်တို့ကလေ အဲဒီသတင်းက မှန်ကန်တယ်ဆိုရင် ကျနော်တို့ ခံစားနေရတဲ့ ဒုက္ခသည်များ အတွက် ဝမ်းသာပါတယ်။ အမြန်ဆုံးလည်း ဒီဟာကို အကောင်အထည် ဖော်စေချင်ပါတယ်။”

အဲန်အယ်လ်ဒီပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း ပြောသွားတာပါ၊ မြန်မာစစ်အစိုးရက ဒီလိုလက်ခံလိုက်ပေမယ့် ဘယ်အတိုင်းအတာအထိ လက်ခံဆောင်ရွက်မလဲ ဆိုတာကတော့ စောင့်ကြည့်ရအုံးမှာ ဖြစ်တယ်လို့
ဦးဉာဏ်ဝင်းက ဆက်ပြောပါတယ်။

“ကျနော်တို့လေ အဲဒီ လက်ခံမယ်ဆိုတဲ့ဟာကို သတင်းအပေါ်မှာပဲ သိနေရတာလေ။ ဘယ်လောက် ခိုင်မာတယ် ဘယ်လောက် လက်ခံမယ်ဆိုတာ ကျနော်တို့ ပြောဖို့ စောအုံးမယ်ဗျ။ ကျနော်တို့ သိပ်ပြီးတော့ အကောင်းမြင်ပြီး ပြောလို့လည်း မဖြစ်သေးဘူး။ တကယ် လက်တွေ့ လုပ်တာကို စောင့်ကြည့်ဖို့ လိုပါလိမ့်မယ်ခင်ဗျ။”

မြန်မာအစိုးရဟာ နိုင်ငံတကာက လေကြောင်းနဲ့ ပို့ဆောင်နေတဲ့ ကယ်ဆယ်ရေး ပစည်းတွေကို လက်ခံနေသလို မြန်မာရေပိုင်နက် အနီးမှာ ကူညီကယ်ဆယ်ရေး ပစ္စည်းတွေ ပေးအပ်ဖို့ စောင့်ဆိုင်းနေတဲ့ အမေရိကန်၊ ပြင်သစ်နဲ့ ဗြိတိန် စစ်သင်္ဘောတွေကိုလည်း ကမ်းကပ်ခွင့် ပေးမယ်ဆိုရင် လက်ခံမယ်ဆိုရင် ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေဟာ ပိုမိုမြန်ဆန် လာလိမ့်မယ်လို့ ပြောပါတယ်။

“ဒီဟာက လက်ခံပြီးတော့ သင်္ဘောကပ်ခွင့် ပေးမယ် ဒီပေါ်က အကူအညီတွေကို ရယူခွင့် ပေးရင်တော့ ဒုက္ခသည်တွေမှာ ခပ်မြန်မြန် ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ စနိုင်မှာပေါ့နော်။”

မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဒေသတွေကို အချိန်တိုအတွင်း ပြန်လည် တည်ဆောက် နိုင်ရေးအတွက် နိုင်ငံတကာ အကူအညီတွေ လက်ခံဖို့ မြန်မာစစ်အစိုးရကို မနေ့ကပဲ မေတ္တာရပ်ခံခဲ့တဲ့ ဝါရင့်နိုင်ငံရေး သမားကြီးတွေကလည်း မြန်မာအစိုးရရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ပါတယ်။

ဝါရင့်နိုင်ငံရေးသမားကြီးတွေရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမင်းလွင်ကတော့ ဒီသင်္ဘောတွေ ကမ်းကပ်နိုင်ဖို့ကို ကုလသမဂ္ဂက ကြားဝင် ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

“အဲဒါတော့ အစိုးရက သဘောတူရင် ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်နိုင်ရင် အကောင်ဆုံးပေါ့။ သူတို့လည်း ပစ္စည်းတွေ ပေးဖို့လာနေတာပဲ။ ဆိုကြပါဆို့။ ကမ်းတက်ရင်တော့ ဒီဖက်ကလည်း အချုပ်အခြာ အာဏာ ထိပါးတယ်လို့ ယူဆချင် ယူဆနိုင်တာပေါ့။ သူတို့ကလည်း အကူအညီပေးဖို့ လာတာ ဖြစ်တယ်လေ။ ဒီကလည်း အကူအညီ လိုနေတာပဲ။ အဲတော့ ဘယ်လိုနည်းနဲ့ လက်ခံ ဘယ်လိုနည်းနဲ့ ဖြန့်ဝေမလဲ။ အဲဒါပဲ ညှိနှိုင်းဖို့ လိုတော့တာပေါ့ အဲဒါမှာလည်း ကုလသမဂ္ဂက ကြားဝင်ညှိနှိုင်းပေးရင် ရလိမ့်မယ်လို့ အဘတို့တော့ အဲဒီလို မျှော်လင့်တာပဲလေ။”

ဝါရင့်နိုင်ငံရေးသမားကြီးတွေက မနေ့က ထုတ်ပြန်တဲ့စာမှာ ၂၀၀၄ ခုနှစ်က ဆူနာမိလှိုင်း ရိုက်ခတ်ချိန်မှာ ပြည်တွင်းစစ်ဖြစ်နေတဲ့ အင်ဒိုနီးရှားက အာချေး ပြည်နယ်မှာ နိုင်ငံတကာ အကူအညီတွေကို လွတ်လွတ်လပ်လပ် ဝင်ခွင့်ပေး လက်ခံဖို့ မြန်မာစစ်အစိုးရကို မေတ္တာ ရပ်ခံထားပါတယ်။

အခုလ ၂ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းဒဏ်ကြောင့် အခုအခါမှာ မြန်မာပြည်သူ ၂သန်းခွဲ နီးပါး ဒုက္ခရောက်နေရပြီး သူတိုတွေရဲ့ ၂၅ % လောက်ပဲ ကယ်ဆယ် ကူညီမှုတွေကို လက်ခံရကြတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောဆိုထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG