သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာကယ်ဆယ်ရေး လုပ်သားများ မြန်မာပြည်ဝင်ခွင့် ရရေး မရှင်းသေး


မြန်မာပြည်က လေဘေးဒုက္ခသည်များအား ကယ်ဆယ် ထောက်ပံ့မယ့် နိုင်ငံခြားက အလုပ်သမားများဟာ စစ်အစိုးရရဲ့ ကတိအတိုင်း မြန်မာနိုင်ငံထဲကို ဝင်ခွင့်ရဖို့ စောင့်ဆိုင်း နေကြပါတယ်။ စနေနေ့မှာ အဲဒီအလုပ်သမားများက လေဘေးဒဏ် အကြီးအကျယ် ခံရတဲ့ ဧရာဝတီ တိုင်းကို သူတို့ သွားရောက်ခွင့် စောင့်နေရတယ်လို့ ပြောဆိုပါတယ်။

မြန်မာနိုင်ငံက လေဘေး ဒုက္ခသည်များအတွက် ကယ်ဆယ် ထောက်ပံ့ရေး ပစ္စည်များ ထားရှိဖို့ အခြေစိုက် စခန်းတစ်ခု ထိုင်းမြို့တော် လေဆိပ်မှာ မနေ့က ကုလသမဂ္ဂက ဖွင့်လှစ်လိုက်ပါတယ်။ နေပြည်တော်မှာ မြန်မာစစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ဆုံပြီး နောက်တနေ့ ဘန်ကောက်မြို့ ဒွန်မောင်း လေဆိပ်မှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အဲဒီလို နေရာသတ်မှတ် စခန်းဖွင့်ပေးလိုက်တာပါ။

ကျွမ်းကျင်သူ နိုင်ငံခြားသား ကယ်ဆယ်ရေး အလုပ်သမားများ အားလုံး မြန်မာနိုင်ငံတွင်း ဝင်ခွင့်ပြုဖို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သဘောတူလိုက်ကြောင်း သောကြာနေ့မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောဆိုပါတယ်။ အဲဒီအချိန်အထိ နိုင်ငံခြား ကယ်ဆယ် ထောက်ပံ့ရေး ဝန်ထမ်းများ မြန်မာနိုင်ငံတွင်း လေဘေးသင့် ဒေသများ သွားရောက်ပြီး အင်တိုက်အားတိုက် လုပ်ဆောင်ခွင့် စစ်အစိုးရက ကန့်သတ်ချုပ်ချယ် ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။ စနေနေ့မှာပဲ မြန်မာနိုင်ငံအတွင်း လေဘေးသင့်တဲ့ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်း နယ်တချို့မှာ ရွှေ့ဆိုင်းခဲ့တဲ့ ဖွဲ့စည်းပုံမူကြမ်း လူထုဆန္ဒခံယူပွဲ ကျင်းပ ပြုလုပ်ပါတယ်။

ဆိုင်ကလုန်း လေပြင်းမုန်တိုင်းကျလို့ သေကျေပျက်ဆီး များလွန်းနေတဲ့အချိန်မှာ နိုင်ငံတကာက ကန့်ကွက်နေတဲ့ကြားကပဲ စစ်အစိုးရက မြန်မာနိုင်ငံကျန်ဒေသများက မေလ ၁၀ ရက်နေ့က ဖွဲ့စည်းပုံ မူကြမ်း လူထုဆန္ဒခံယူပွဲ ကျင်းပခဲ့ပြီး ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲဆီ ဦးတည်သွားစေမယ့် အဲဒီဖွဲ့စည်းပုံမူကြမ်းကို မဲဆန္ဒရှင်များက တခဲနက် ထောက်ခံခဲ့ကြတယ်လို့ စစ်အစိုးရက ကြေညာခဲ့ပြီး အတိုက်အခံများ၊ လူအခွင့်အရေး အဖွဲ့အစည်းများကတော့ စစ်တပ် အာဏာမြဲရေးအတွက် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ မူကြမ်းဖြစ်တယ်လို့ ဝေဖန် နေကြပါတယ်။

မနက်ဖြန် ရန်ကုန်မြို့မှာ ကုလသမဂ္ဂနဲ့ အာဆီယံတို့ ပူးတွဲ ကမကထ ပြုလုပ်မယ့် အလှူရှင်များ စည်ဝေးပွဲသို့ ဘန်ကီမွန်း တက်ရောက်မှာဖြစ်ပြီး စစ်အစိုးရက အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ တောင်းဆိုထားပါတယ်။

နာဂစ် ဆိုင်ကလုန်းလေမုန်တိုင်းကြောင့် လူ ၁၈,၀၀၀ လောက်နီးပါး သေဆုံးပြီး ၅၆,၀၀၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ စစ်အစိုးရက ကြေညာထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG