သုံးရလွယ်ကူစေသည့် Link များ

အမေရိကန် ကယ်ဆယ်ရေး စစ်သင်္ဘောများ ပြန်ဆုတ်ခွာ


နာဂစ် ဆိုင်ကလုန်း မုန်းတိုင်းကို ခံခဲ့ရတဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသရဲ့ လက်တကမ်း အကွာက မြန်မာရေပိုင်နက် အစပ်မှာ ကျောက်ချထားတဲ့ အမေရိကန် ရေတပ် သင်္ဘောတွေကို ကြာသပတးနေ့ ဒီနေ့ကနေစပြီးတော့ ရွှေ့ပြောင်းတော့မှာ ဖြစ်ပါတယ်။ မုန်တိုင်းဒဏ် ခံရသူတွေကို ထိထိရောက်ရောက် အကူညီပေးနိုင်ဖို့ ကမ်းလှမ်းခဲ့ပေမယ့်လို့ မြန်မာ စစ်အစိုးရက ပိတ်ပင် ငြင်းဆန်မှုကြောင့် သန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ အခုထက်ထိ အကူညီတွေ မရပဲ ဖြစ်နေရပါတယ်။ ဒီအတွက် အချိန်ဆက်ပြီးတော့ မဖြုန်းဖို့ကိုလည်း အမေရိကန် ပြည်ထောင်စုက ပြောလိုက်ပါတယ်။ ဒါနဲ့ပတ်သက်လို့အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးပါတယ်။

မြန်မာနိုင်ငံက နာဂစ် ဆိုင်ကလုန်း ဒဏ်ခံရသူတွေအတွက် ကုလသမဂ္ဂ၊ အာဆီယံနဲ့ အစိုးရ မဟုတ်တဲ့ NGO တွေနဲ့ လက်တွဲပြီး ကူညီကယ်ဆယ်ရေးတွေလုပ်ဖို့ အမေရိကန် ပြည်ထောင်စုက ဂတိပေးခဲ့ပြီးတဲ့နောက် ဗုဒ္ဓဟူးနေ့အထိ ဒုက္ခသည် လေးသိန်းကျော်အတွက် အမေရိကန် ဒေါ်လာ(၂၆)သန်းဖိုး အရေးပေါ် ကူညီရေးပစ္စည်းတွေကို လေယာဉ် အခေါက်ပေါင်း(၁၀၆)ခေါက်နဲ့ ပေးပို့ခဲ့ပါတယ်လို့ သမ္မတ အိမ်ဖြူတော်က သတင်းထုတ် ပြန်ပါတယ်။ ဘင်္ဂလား ပင်ဘယ်အော်၊ မြန်မာ့ ရေပိုင်နက်နားမှာ ရပ်ထားတဲ့ အမေရိကန် လေယာဉ်တင် သင်္ဘော USS Essexနဲ့ MEU ပင်လယ်ပြင် စူးစမ်း ရှာဖွေရေး တပ်ဖွဲ့တွေကို ဇွန်လ(၅)ရက်၊ ကြာသပတေးနေ့ကစပြီး နဂို လုပ်ငန်းစဉ်တွေကို လုပ်ဖို့ ပစိဖိတ်ဒေသ တပ်မှူးကြီး ဗိုလ်ချုပ်ကြီး တင်မသီကီတင်က အမိန့်ပေးလိုက်တယ်လို့ ဗုဒ္ဓဟူးနေ့ ပင်တဂွန် စစ်ဌါနချုပ် သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်မှူးချုပ် ဂျွန်ကင်ဘဲလ်က အခုလိုပြောပြပါတယ်၊

“အမေရိကန် ရေတပ်သင်္ဘော USS Essexကို မနက်ဖန်ကနေ စပြီးတော့ အဲဒီနေရာက နေထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံဘက်ကို သွားမှာဖြစ်ပြီးတော့ လူသားချင်း စာနာ ကူညီမှု ဆိုင်ရာ အကူညီပစ္စည်းတွေကို အဲဒီးမှာချပေးမယ့်အပြင် အဲဒီမှာရောက်နေတဲ့ တပ်သားတွေကို ပြန်ခေါ်ပြီးတော့ သူတို့ရဲ့ဆိုင်းငံ့ထားတဲ့တာဝန်တွေကို ပြန်ပြီးတော့ ထမ်းဆောင်စေမှာပါ။”

မြန်မာနိုင်ငံထဲကို သွားပြီး ပေးပို့ဖို့ အခွင့်အရေးဟာ လုံးဝမရတဲ့အတွက် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်နဲ့ ရေတပ် ဗိုလ်ချုပ်ကြီး ကီတင်တို့က အခုလို ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ရတာလို့ ဆိုပါတယ်။ ဒါပေမယ့် စီ- ၁၃၀ လေယာဉ်တွေနဲ့ တနေ့ကို ငါးခေါက်၊ ခြောက်ခေါက် ပစ္စည်းတွေ ဆက်ပြီး ပေးပို့ နေဦးမယ်လို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံအတွက် အာဆီယံ နိုင်ငံတွေဘက်က လေကြောင်းဆိုင်ရာ အကူညီတွေကို ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက် လာနိုင်တဲ့ အထိ အမေရိကန် လေယာဉ်တွေနဲ့ ပို့ပေးဖို့ ရှိတယ်လို့လည်း ပြောပါတယ်။ ဒါပေမယ့် အခုလို သဘာဝ ဘေးအန္တရယ်အတွက် ထိထိရောက်ရောက် အကူညီပေးနိုင်မယ့် လေယာဉ်တင် သင်္ဘော USS Essex အပါအ၀င် အမေရိကန် သင်္ဘောတွေဟာ လက်တကမ်း အကွာကနေ ထွက်ခွာတော့မယ် ဆိုတာကြောင့် တလကျော် ကြာတဲ့အထိ အကူညီတွေ မရကြသေးတဲ့ မြန်မာ ဆိုင်ကလုန်း ဒုက္ခသည်တွေအတွက် အများက စိတ်မကောင်း ဖြစ်ရတာမို့ သံတမန် နည်းလမ်းနဲ့ ညှိနှိုင်းရေးကို ပြန်ပြီး စဉ်းစားဖို့ ရှိ / မရှိ မေးကြတဲ့အခါမှာတော့ ---

“လွန်ခဲ့တဲ့ သီတင်းပတ်တွေအတွင်း မြန်မာ စစ်အာဏာရှင် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ပြီးတော့ ဒီလက်တကမ်းမှာရှိတဲ့ USS Essex ရဲ့ ဆောင်ရွက်နိုင်တဲ့အတိုင်းတာ၊ နောက် မုန်တိုင်းဒဏ် ခံရသူတွေကို ကူညီနိုင်မယ့် ပမာဏတွေကို (၁၅)ကြိမ်ထက်မနည်း ရှင်းပြ ခဲ့ပြီး ပါပြီ၊ ဒီသင်္ဘောဟာ အကျိုးမရှိပဲ ဒီအတိုင်း ရပ်နေဖို့ မဟုတ်ပဲနဲ့ တချိန်ချိန်မှာ ထွက်ခွာရမှာ မို့လို့ အဲဒီချိန် မတိုင်ခင် သူတို့ ဘက်က သဘောပေါက်မယ်လို့ထင်ခဲ့ပေမယ့် အခုတော့ လူတိုင်း အသိပါဘဲခင်ဗျာ၊ ”

ဗိုလ်မှူးချုပ် ကင်ဘဲလ်ကပြောသွားတာပါ။

အခုလို မြန်မာ စစ်ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းလို့ မရပေမယ့် တကယ်လို့ သူတို့လက်ခံပြီး ပြန်လာပါလို့ ပြောခဲ့ရင်တော့ ပြန်သွားမှာပါလို့ ဗိုလ်ချုပ်ကြီး တင်မသီကီတင်က ပြောသွားပါတယ်။ အမေရိကန် ရေတပ် သင်္ဘောတွေဟာ မုန်တိုင်းဒဏ် ခံရပြီးပြီးချင်း မြန်မာ့ ရေပိုင်နက်နားကို ကူညီဖို့ သွားခဲ့တာမို့ အခုလို ကူညီ ကယ်တင်ခွင့် မရတာဟာ ၀မ်းနည်းဖို့ သိပ်ကောင်းပါတယ်လို့ သမ္မတအိမ်ဖြူတော်က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖေါ်ပြ ထားပါတယ်၊ ဒါ့အပြင် မြန်မာ စစ်ဗိုလ်ချုပ်ကြီးတွေဟာ ဒုက္ခသည်တွေ ရှိရာကို သွားရောက် ကူညီခွင့် ပြုမယ် ပြောခဲ့ပေမယ့် အမေရိကန် ပြည်ထောင်စုနဲ့ ကမ္ဘာ့နိုင်ငံတွေက ကယ်ဆယ် ကူညီသူတွေဟာ မုန်တိုင်းဒဏ် ခံရတဲ့နေရာတွေဆီကို တကယ် မသွားရောက်နိုင်ပဲ တားဆီး ပိတ်ပင်တာတွေ ခံနေရတယ်လို့ လည်းပြောပါတယ်။ အခု တလကျော် ကြာခဲ့ပြီးတဲ့ နောက်ပိုင်း အကူညီတွေ လိုအပ်နေတဲ့ သန်းနဲ့ချီတဲ့ လူတွေထဲမှာ သေဆုံးမှုတွေပါ တွေ့နေရတာမို့ နိုင်ငံတကာ ကယ်ဆယ် ကူညီရေး လုပ်သားတွေ ဒုက္ခသည်တွေဆီကို သွားရောက် ကူညီတာကို ဆက်ပြီး မဟန့်တားဖို့၊ အချိန်တွေကို အခုလို ဆက်ပြီး မဖြုန်းတီးဖို့ သမ္မတ အိမ်ဖြူတော်က ပြောကြား လိုက်တာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG