သုံးရလွယ်ကူစေသည့် Link များ

နာမကျန်း နိုင်ငံရေးအကျဉ်းသားများ ဆေးကုသခွင့်မရ


မြန်မာစစ်အစိုးရရဲ့ အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးထိန်းသိမ်း ခံနေရသူတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှု လုံလုံလောက်လောက် မရှိတဲ့အပြင် အခုဆိုရင် လေမုန်တိုင်းဒဏ် ခံရပြီးတဲ့ နောက်မှာ အခြေအနေတွေ ပိုပြီး ဆိုးရွားလာနေတယ်လို့ နီးစပ်သူတွေက ပြောကြပါတယ်။ ကျန်းမာရေး စောင့်ရှောက်ခွင့်ရဖို့ တောင်းခံတာတွေ ရှိပေမယ့်လည်း လျစ်လျူရှုခံထား ရတာတွေလည်း ရှိနေတာပါ။ အကြောင်းစုံကို ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

မြန်မာစစ်အစိုးရကို ဆန့်ကျင်တဲ့လုပ်ရပ်တွေကို လုပ်ကိုင်တယ်ဆိုတဲ့ စွပ်စွဲချက်အမျိုးမျိုးနဲ့ ထိန်းသိမ်း ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အပါအ၀င် အကျဉ်းကျခံနေရသူတွေ အနေနဲ့ ကျန်းမာရေး ပြဿနာတွေနဲ့ ရင်ဆိုင်နေရပေမယ့် လိုအပ်တဲ့ ဆေးကုသမှုတွေ မရနိုင်လို့ အခြေအနေတွေ ဆိုးရွားလာနေကြတယ်လို့ အကျဉ်းသား မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေက ပြောဆိုနေကြတာပါ။ ထောင်တွင်းဆိုးရွားတဲ့ အခြေအနေတွေအောက်မှာ ကြုံရတဲ့ ကျန်းမာရေး ပြဿနာတွေအတွက် ဆေးကုသခွင့် တောင်းခံထားပေမယ့် ဒါတွေကို လျစ်လျူရှုထားလို့လည်း အခြေအနေတွေဟာ ပိုဆိုးလာရတာလို့ ကိုယ်တိုင်လည်း နိုင်ငံရေး အကျဉ်းသားဟောင်း တဦးဖြစ်တဲ့ ၈၈ မျိုးဆက် ကျောင်းသား ကိုထွန်းမြင့်အောင် က ပြောပါတယ်။

“ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကျန်းမာရေးအခြေအနေက တော်တော်ကြီးကို ဆိုးဆိုးရွားရွား ဖြစ်နေတယ်ဗျ။ အခုဆိုရင်ပဲ ကျနော်တို့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်ပြီးတော့ မျက်စိဝေဒနာနဲ့ ပတ်သက်ပြီးတော့ တော်တော်ကို ဆိုးဆိုးရွားရွား ဖြစ်နေကြတယ်။ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဗိုလ်ချုပ် ဆေထင် ရဲ့ မျက်လုံးဟာလည်း ကွယ်မတက် ဖြစ်နေပြီ။ နောက်ပြီးတော့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မတ္တရာ ဦးသန်းလွင်ရဲ့ မျက်လုံးဆိုရင်လည်း ကွယ်သွားပြီ။ နောက်ပြီးတော့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုလှမျိုးနောင်ရဲ့ မျက်စိတဖက်ဆိုရင်လည်း ကွယ်သွားရပါပြီ။ နောက် သင်္ကြန်မတိုင်ခင်ကတည်းက ကိုမင်းကိုနိုင်ရဲ့ မျက်လုံးကျန်းမာရေး အတွက်ကို ထောင်အာဏာပိုင်တွေကို တင်ပြထားတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့လည်း ထိထိရောက်ရောက် ဒီနေ့ထက်ထိကို ကုသပေးတာ ဘာမှ မရှိပါဘူး။ ဆိုတော့ ဒါဟာ အင်မတန်ကို စိုးရိမ်စရာ အနေအထား ရှိနေတယ်ဗျ။ ကျနော်တို့ အများကြီးတောင် သံသယ ၀င်တယ်။ ဒါက ရည်ရွယ်ချက်ရှိရှိနဲ့ကို နိုင်ငံရေး အကျဉ်းသားတွေရဲ့ အရေးကြီးဆုံး ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကို ချို့ယွင်းသွားအောင် လုပ်နေတာလား၊ ကျနော်တို့ သံသယ ဖြစ်စရာတွေ အများကြီး တွေ့ရတယ်။ နောက်ပြီးတော့ အခုဆိုလို့ရှိရင် မိန်းမထောင်မှာလည်း အကျဉ်းသူတွေရဲ့ ကျန်းမာရေး အခြေအနေတွေဟာလည်း တော်တော်ကို ဆိုးရွားနေတယ်လို့ ကျနော်တို့ ကြားရတယ်။ မစန္ဒာမင်းသူရဲ့ ကျန်းမာရေး အခြေအနေဟာလည်း တော်တော် ဆိုးနေတယ်လို့ ကျနော်တို့ သိရတယ်။ နောက်ပြီးတော့ အမျိုးသမီးဆောင်မှာ ၀မ်းပျက်ဝမ်းလျော ရောဂါတွေ မုန်တိုင်းနောက်ပိုင်းမှာ ဖြစ်နေတယ်လို့လည်း ကျနော်တို့ သိရတယ်။”

နဂိုကမှ ကျန်းမာရေး စောင့်ရှောက်မှု ချို့တဲ့နေရတဲ့အထဲ ဆိုင်ကလုန်း လေမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ရန်ကုန်မြို့က နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အင်းစိန်ထောင်လို နေရာတွေမှာ အခြေအနေတွေက ပိုလို့သာ ဆိုးလာနေတယ်လို့လည်း ကိုထွန်းမြင့်အောင်က ပြောပါတယ်။

“နောက်ပြီးတော့ ဒီ ထောင်တွေထဲမှာ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုတွေနဲ့ စားရေး သောက်ရေး ကိစ္စတွေက ဒါ ကျနော်တို့တတွေလည်း တော်တော်များများ ဖြတ်သန်းခဲ့ကြရပါတယ်။ ထောင်တွေထဲမှာ တော်တော်ကို ဆိုးဆိုးရွားရွားပဲ ကျန်းမာရေးဆိုလို့ရှိရင် ဒါ ထောင်ထဲမှာ ဆိုးဆိုးရွားရွား ရှိတယ်။ ဘာပဲဖြစ်ဖြစ် ပါရာစီတမော့ လောက်ပဲရှိတယ်။ ပါရာစီတမော့ တောင် ဒါ တရုတ် ပါရာစီတမော့ လောက်ပဲ ပေးနိုင်တာ။ အခုဆိုရင် အိုင်စီအာစီကလည်း ၀င်ခွင့်မရတော့ဘူး။ အဲဒီတော့ ကျန်းမာရေးနဲ့ပတ်သက်ပြီး အတော်ကို ဆိုးရိမ်စရာ ကောင်းနေတယ်ဗျာ။ နောက်ပြီးတော့ စားရေးသောက်ရေးနဲ့ပတ်သက်ပြီးတော့လည်း ကျနော်တို့ ကြားနေရတာက အခု မုန်တိုင်း နောက်ပိုင်းမှာ ဒီ ရေစိုနေတဲ့ ဆန်တွေ အကျဉ်းသားတွေကို ကျွေးနေတဲ့အတွက် အဲဒီအတွက် ၀မ်းလျော ရောဂါတွေ ဖြစ်နေတယ်လို့ ကျနော်တို့ ကြားရတယ်။ ပြီးတော့ နဂိုကတည်းကမှ ကျန်းမာရေးဆိုင်ရာ၊ စားရေးသောက်ရေး ဆိုင်ရာ ပြည့်ပြည့်၀၀ တာဝန်မယူတဲ့ အခြေအနေမှာ အခုလို မုန်တိုင်းအခြေအနေဆိုးတွေကို ခံရပြီးတဲ့နောက်မှာ၊ လက်ရှိ ထောင်ထဲမှာ နေနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အပါအ၀င် အကျဉ်းသူ အကျဉ်းသားတွေ အားလုံးရဲ့ ကျန်းမာရေး အခြေအနေကို ကျနော်တို့က အတော်ကို စိုးရိမ်နေရပါတယ်။ ဒါဟာ အကျဉ်းသားတွေအပေါ်မှာ တုတ်နဲ့ရိုက်သတ်တာထက်ကို ပိုပြီးတော့ စိုးရိမ်စရာ ကောင်းတဲ့ အခြေအနေမျိုးကို သူတို့ နေ့စဉ် ရင်ဆိုင်နေရတဲ့ဘ၀ပါ။”

နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) ဖက်ကတော့ လေမုန်တိုင်း ဘေးသင့်ရာ ဒေသက အကျဉ်းထောင်တွေ၊ ထိန်းသိမ်းရေး စခန်းတွေကို အရေးပေါ် အကူအညီတွေ ပေးအပ်ဖို့ ဆောင်ရွက်နေတာတွေ ရှိနေပါတယ်။ ဒါပေမယ့်လည်း နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေရဲ့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ကန့်သတ်ချက်တွေ ရှိနေသလို၊ (ICRC) ကိုယ်တိုင် အကျဉ်းထောင်တွေကို သီးသန့် သွားရောက်ခွင့်မရှိတဲ့ အခြေအနေမှာ ဒီလို အကူအညီပေးတဲ့ ကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်၊ မလုပ်နိုင် ဆိုတာကတော့ မသေချာသေးတဲ့ အခြေအနေလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG