သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထိန်းသိမ်းခံ သတင်းစာဆရာကြီး ဦးဝင်းတင် ဆေးကုသမှုခံယူရန် လိုအပ်


မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အတိုက်အခံတွေ ပါဝင်သင့်တယ်လို့ ကမ္ဘာ့အသိုင်းအဝိုင်းမှာ ဆွေးနွေးနေကြပေမယ့် မြန်မာနိုင်ငံမှာတော့ အတိုက်အခံတွေနဲ့ မသင်္ကာသူတွေ အားလုံးကို ဖမ်းဆီး အပြစ်ပေး ထောင်ချတာ ခံနေရာပါတယ်။ အခုဆိုရင် ထိပ်တန်း အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင် တဦးလည်းဖြစ်၊ ဝါရင့်သတင်းစာ ဆရာကြီးတဦးလည်း ဖြစ်တဲ့ ဆရာ ဦးဝင်းတင်ကို ဒီကနေ့မနက် အင်းစိန်ထောင်မှာ ထောင်ဝင်စာ သွားတွေ့တဲ့အခါ ကျန်းမာရေးသိပ်ကောင်းတာ တွေ့ရတယ်လို့ သူ့ကို တွေ့ခဲ့တဲ့ မိတ်ဆွေ ဦးမောင်မောင်ခင်က ဗွီအိုအေကို အခုလို စ ပြောပြပါတယ်။

“ကျန်းမာရေး အခြေအနေကတော့ ဒီ အခု တွေ့တာတော့ ရင်တွေ ကျပ်နေတယ်။ လေးငါးခြောက်ရက် ခုနှစ်ရက်လောက် ရှိပြီ။ ရင်ကျပ်ပြီး ထမင်းလည်း မစားနိုင်ဘူးတဲ့။ အိပ်လည်း မအိပ်နိုင်ဘူးတဲ့။ ချွဲသံပေါက်ပြီး ရှဲရှဲ ဖြစ်နေတာ တွေ့ခဲ့ရတယ်။ မနက်က တွေ့ခဲ့ရတဲ့ပုံအရတော့ နည်းနည်းလေး ပိန်သွားတယ်။”

ဟုတ်ကဲ့ရှင်။ အခု ဆရာ ဦးဝင်းတင်က ရင်ကျပ်ပြီးတော့ အစားတောင်မစားနိုင်ဘူး ဖြစ်နေတယ်ဆိုတော့ အဲဒီအတွက် ဆေးကုသခွင့်တို့၊ သောက်ဆေးပေးခွင့်တို့ ရပါလားရှင်။ -

“အဲဒါကတော့ ဆရာဝန်က သောက်ဆေးပေးတယ်။ သူ သွားပြောတဲ့အခါမှာ ဆရာဝန်က သူ့ကို ဘိုင်ဆော်ဗန်ဆေးကို သောက်ပါဆိုပြီးတော့ အဲဒီလို ညွှန်းတယ်တဲ့။ ဆေးရုံမှာ မရှိလို့ပဲလား ဘာလားတော့ မသိဘူးပေါ့လေ။ အဲဒါနဲ့ တာဝန်ခံတယောက်ကို အဲဒီဆေးလေး ပေးပါဆိုပြီးတော့ ပိုက်ဆံပေးခဲ့တယ်။”

ဒီဆရာ ဦးဝင်းတင်ကို အကျဉ်းထောင်ထဲမှာ သူ့ရဲ့ ပုံမှန် ကျန်းမာရေး ဆေးစစ်ခွင့်ရတယ်လို့ရော ဦးမောင်မောင်ခင် ကြားမိပါလားရှင့်။ -

“ထောင်ထဲမှာကတော့ သူ့ကိုလာပြီး သွေးတွေဘာတွေ ချိန်ခိုင်းတာတွေ ရှိပါတယ်။ ကြည့်တော့ကြည့်နေပါတယ် လာပြီးတော့။ တရက်ခြား နှစ်ရက်ခြား လာကြည့်တယ်ထင်တာပဲလေ။ သူ စောစောပိုင်းတုန်းကတော့ အဲဒီ ခွဲတယ်စိပ်တယ် ဆိုတာကတော့ ရန်ကုန်ဆေးရုံကြီးကို ပို့ဖူးတယ်လေ။ အခု နောက်ပိုင်းတော့ သူ့ ကျန်းမာရေးကလည်း မဆိုးဘူး ဆိုပြီးတော့ အခုမှ ရင်တော်တော် ကျပ်တာကို တွေ့ခဲ့ရတယ်။ အခုတခေါက် တွေ့ရတာ ကျနော်လည်း တော်တော်လေး စိုးရိမ်သွားတယ်ပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ အသက်လည်း ကြီးပြီလေ။ ၇၉ နှစ်။ အခုလို ရင်ကျပ်ပြီးတော့ ချွဲသံပါအောင် အသက်ရှူနေရတာတော့ မကောင်းဘူးပေါ့ဗျာ။ ကျနော်လည်း တော်တော် ခံစားရပါတယ်။”

ဒါကတော့ ဆရာ ဦးဝင်းတင်ကို ပုံမှန် ထောင်ဝင်စာတွေ့နေသူ ဦးမောင်မောင်ခင်က ဆရာကြီးရဲ့ နောက်ဆုံး ကျန်းမာရေး အခြေအနေ အကြောင်းကို ပြောပြခဲ့တာပါ။ ဆရာဦးဝင်းတင်ဟာ အခုဆိုရင် အသက် ၇၉ နှစ် ရှိနေပြီ ဖြစ်သလို အခုလာမယ့် ဇူလိုင်လ ၄ ရက်နေ့ဆိုရင်လည်း ထောင်သက်တမ်း ၁၉ နှစ် ပြည့်ပြီ ဖြစ်ပြီးတော့ ထောင်သက်တမ်း ကျော်လွန်ပြီး ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG