သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေဘေးဒဏ် ပြန်လည်ထူထောင်ရေး ရံပုံငွေ ပိုမိုလိုအပ်


နိုင်ငံတကာ ကြက်ခြေနီ ဖက်ဒရေးရှင်း အဖွဲ့ IFRC နဲ့ လခြမ်းနီအဖွဲ့ တို့ က မြန်မာနိုင်ငံ လေဘေးသင့်ဒေသများ ပြန်လည် နလန်ထရေး ရံပုံငွေ အဖြစ် ဒေါ်လာ ၇၂ သန်းခွဲ အထိ အလှူရှင်တွေဆီက တိုးမြှင့်တောင်းခံလိုက်ပါတယ်။

အဲသလို ပြောင်းလဲ သတ်မှတ် လိုက်တဲ့ ရံပုံငွေ ဟာ ၃ နှစ်ကြာ အစီအစဉ်တွေ အတွက် ဖြစ်ပြီး၊ ရေရှည် သဘာ၀ ဘေးအန္တရာယ် လျှော့ချရေး စီမံကိန်းတွေလည်း ပါဝင်မှာ ဖြစ်ပါတယ် လို့ အိုင်အက်ဖ်အာစီ နဲ့ လခြမ်းနီ အဖွဲ့တို့က ပြောဆိုပါတယ်။

အဲသလို ဆောင်ရွက်ချက်တွေထဲမှာ သဘာ၀ ဘေးဒဏ် ခံရဖွယ်ရှိတဲ့ ဒေသတွေကို သတ်မှတ်တာ၊ အရေးပေါ် လူတွေကို ဆိုင်ရာဒေသတွေက ဖယ်ရှား ပြင်ဆင်တာ၊ အဲသလို ဖယ်ရှား ပြင်ဆင်ဖို့ ကြိုတင် လေ့ကျင့်တာတွေ ပါဝင်ပါမယ်လို့ အိုင်အက်ဖ်အာစီရဲ့ ပြောရေး ဆိုခွင့်ရှိသူ Zach Abrahamက ပြောပါတယ်။

မုန်တိုင်းကျအပြီး၊ လူပေါင်း ၁၃၈၀၀၀ သေဆုံး ဒါမှမဟုတ် ပျောက်ဆုံးနေချိန်မှာ အိုင်အက်ဖ်အာစီ က ချက်ချင်းလက်ငင်း ဆောင်ရွက်စရာတွေအတွက် ဒေါ်လာ သန်း ၅၀ တောင်းခံခဲ့ပါတယ်။

"လေမုန်တိုင်း မကျမီကတည်းက ဆင်းရဲသား ထောင်ပေါင်းများစွာဟာ မရေရာလှတဲ့ ဘဝမှာ နေခဲ့ကြရတာပါ" လို့ အာရှ ပစိဖိတ် ဇုံ အကြီးအကဲ Alistair Henleyက ဆိုပါတယ်။

"လေဘေး သင့်လိုက်တဲ့အခါ၊ သူတို့ခမျာ ပို အားနည်း၊ ပို ခံရဖွယ် ရှိသွားပါတယ်။" လို့ မစ္စတာ Henley က ပြောပါတယ်။

"သူတို့ ဆုံးရှုံးသွားတာတွေ ကို သူတို့ ပြန်ရစေဖို့ ကျွန်တော်တို့ သေချာအောင် လုပ်ကြရမှာ သာမက အနာဂတ် မှာ သူတို့ ဘဝတွေ ပို ကောင်းပြီး၊ ပို လုံခြုံဖို့လည်း လုပ်ကြရမှာပါ။" လို့ သူ က ဆိုပါတယ်။

ဇူလိုင် ၈ ရက်နေ့ အထိ၊ ကြက်ခြေနီ အဖွဲ့ကြီးဟာ လူပေါင်း ၅ သိန်းဆီကို ရေတို အကူအညီတွေ ပေးပြီး ဖြစ်ပါတယ်။ ရပ်ရွာတွေကို ရေသန့်တွေ ရရှိအောင်၊ မသန့်ရှင်းတဲ့ ရေးတွင်းရေကန်တွေ ကို သန့်ရှင်းအောင် ကူညီခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG