သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သားသမီးအရေအတွက် ကန့်သတ်ရယူမှု အကျိုးကြီးမား


မိသားစုစီမံကိန်းစံနစ်ဟာ အကျိုးဖြစ်ထွန်းမှု ရှိတဲ့အကြောင်း ဒီကနေ့ကျရောက်တဲ့ ကမ္ဘာ့လူဦးရေနေ့မှာ ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ကြီးက မီးမောင်းထိုးပြထားပါတယ်။ ဒီ မိသားစုစီမံကိန်းကြောင့် မိခင်တွေရဲ့ ကျန်းမာရေး၊ ယောကျ်ား မိန်းမ အဆင့်အတန်း ခွဲခြားမှုနဲ့ ဆင်းရဲနွမ်းပါးမှု စတဲ့နေရာတွေမှာ တိုးတက်ကောင်းမွန်လာစေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ ဒီအကြောင်း ဂျနီဗာမြို့ကနေ ဗွီအိုအေသတင်းထောက် Lisa Schlein သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ဒီကနေ့ ကမ္ဘာ့လူဦးရေဟာ ၆ ဒဿမ ၇ ဘီလီယံရှိပြီး နောင် အနှစ် ၄၀ အတွင်း ၉ ဒဿမ ၂ ဘီလီယံအထိ ရှိလာနိုင် ပါတယ်။ မလိုချင်ဘဲ သန္ဓေတည်လာတဲ့ ကလေးငယ်တွေ တော်တော်များများ ရှိလာနိုင်တာကြောင့် အခက်အခဲ အကျပ်အတည်းနဲ့ ရင်ဆိုင်နေကြရတဲ့ မိသားစုတွေမှာ ပြဿနာတွေ ပိုတိုးလာစေနိုင်ပါတယ်။

မိသားစုစီမံကိန်းစံနစ်ဟာ မိခင်နဲ့ ရင်သွေးငယ်တွေအတွက် ချက်ချင်း အကျိုးသက်ရောက်မှု ရှိစေနိုင်တယ်လို့ ကုလသမဂ္ဂ အဖွဲ့ကြီးက ပြောပါတယ်။ မိသားစုစီမံကိန်း လုပ်ဆောင်ခြင်းအားဖြင့် တနှစ်ကို မီးဖွားမှုက သေဆုံးတဲ့ မိခင်လောင်း ၅၀၀,၀၀၀ ရှိရာက သုံးပုံ တပုံလောက်အထိ လျော့ကျသွားစေနိုင်တယ်လို့ ဆိုပါတယ်။

အခုလို ဝိုးတဝါး ကိန်းဂဏန်းတွေ ရှိနေပေမယ့်လည်း ဒီ မိသားစု စီမံကိန်းဟာ ကြီးမားတဲ့ တိုးတက်မှုတွေ ရှိခဲ့တယ်လို့ ဂျနီဗာမှာ အခြေစိုက်တဲ့ ကုလသမဂ္ဂ လူဦးရေ ရံပုံငွေအဖွဲ့ ညွှန်ကြားရေးမှူး ဆီရီ တယ်လီယာ (Siri Tellier) က ဗွီအိုအေကို ပြောပါတယ်။ လွန်ခဲ့တဲ့ ၁၉၆၀ ခုနှစ်လောက်တုန်းက ပဋိသန္ဓေတားဆီးမှု ၅ % ရှိခဲ့ပေမယ့် ၂၀၀၀ ခုနှစ်မှာ ၆၀ % အထိ တိုးများလာတယ်လို့ သူမက ပြောပါတယ်။

"သားဖွားမှုနှုန်းက တကမ္ဘာလုံးအတိုင်းအတာနဲ့ ကျဆင်းနေတယ်ရှင့်။ ၁၉၆၀ ခုနှစ်တွေကို ကျမတို့ ပြန်ကြည့်ကြမယ် ဆိုရင် ဖွံ့ဖြိုးဆဲနိုင်ငံတွေက အမျိုးသမီးတွေဟာ ယေဘုယျအားဖြင့် ကလေး ၆ ယောက်စီလောက် ယူကြတယ်။ အခုတော့ ၃ ယောက်စီလောက် ဖြစ်သွားပြီ။ ဒါဟာ ကြီးမားတဲ့ ပြောင်းလဲမှုပါ။ ဒါကလည်း ဒေသအပေါ်မှာ မူတည်ပါတယ်၊ ဥပမာ အာဖရိကတိုက်မှာ ဆိုရင် သားဖွားမှုနှုန်း သိသိသာသာ ကျဆင်းလာတာကို မတွေ့ရတဲ့အပြင် တချို့နေရာတွေမှာ ဆိုရင် ပိုများလာတာတောင် တွေ့ရသေးတယ်။ တကမ္ဘာလုံး အတိုင်းအတာနဲ့ မီးတွင်းမှာ သေဆုံးတဲ့ ကလေးအရေအတွက် အခုလို ကျဆင်းလာတာဟာ ဧရာမ ပြောင်းလဲမှုကြီးပါပဲရှင်။ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က အသက် ၅ နှစ်အောက် ကလေးငယ် တနှစ်မှာ ၁၅ သန်းလောက် သေဆုံးကြတယ်။ အခု အဲဒါက ၁၀ သန်းအောက်ကို လျော့ကျသွားပြီ။ ဒါဟာ အင်မတန် ကြီးမားတဲ့ တိုးတက်မှုပါ။"

ကလေးငယ်သေဆုံးမှုနှုန်း ကျဆင်းလာတာဟာ အာဟာရပြည့်ဝတဲ့ အစားအစာတွေ ရရှိတာနဲ့ ကာကွယ်ဆေးတွေ ထိုးနိုင်တဲ့အတွက် ဖြစ်တယ်လို့ တယ်လီယာက ပြောပါတယ်။ ဒါပေမယ့် မွေးကင်းစကလေးငယ် သေဆုံးမှုနှုန်းကတော့ လျော့ကျမသွားဘူးလို့ ဆိုပါတယ်။ ဒါကလည်း ဘာကြောင့်လဲဆိုတော့ မီးဖွားရာမှာ အခက်အခဲတွေ ဖြစ်ပေါ်ရာကလည်း ကလေးငယ်တွေကို သေစေနိုင်တဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလို သေဆုံးမှုတွေ လျော့ကျအောင်လုပ်နိုင်တဲ့အချက် ၃ ချက်ရှိတယ်လို့ တယ်လီယာက ပြောပါတယ်။

"ပထမ တခုက ဘာလဲဆိုတော့ အရည်အချင်းရှိတဲ့ လက်သည်တွေ မီးဖွားတဲ့နားမှာ ရှိနေကြလို့ပါပဲ။ နောက်တခုက ဘာလဲဆိုတော့ သားဖွားပညာ တတ်ကျွမ်းသူတွေထံ အလွယ်တကူ သွားရောက်နိုင်ကြလို့ပါပဲ။ မီးဖွားတဲ့နေရာမှာ ဖြစ်လေ့ ဖြစ်ထရှိတဲ့ ပြဿနာက ဥပမာအားဖြင့် သွေးထွက်လွန်တဲ့ ကိစ္စ၊ ဒီပြဿနာကို လက်သည်တွေကချည်းပဲ မကိုင်တွယ်နိုင် ကြဘူးလေ။ ဒီလိုဖြစ်လာရင် ဆေးရုံကို ၂ နာရီအတွင်း ချက်ချင်း သွားနိုင်မှ လိုအပ်တဲ့ သွေးသွင်းတဲ့ ကိစ္စတွေ ဘာတွေ လုပ်နိုင်မှာလေ။ နောက်ဆုံး တတိယအချက်ကတော့ မိသားစု စီမံကိန်းပါပဲ။"

ဆာဟာရ သဲကန္တာရတောင်ပိုင်း အာဖရိကနိုင်ငံတွေထဲက အိမ်ထောင်သည် အမျိုးသမီး ၂၀ ကနေ ၃၀ % ဟာ ပဋိသန္ဓေ တားဆီးတဲ့ ပစ္စည်းတွေကို မရနိုင်ကြဘူးလို့ ကုလသမဂ္ဂက ပြောပါတယ်။

ကောက်ယူထားတဲ့ ကိန်းဂဏန်းတွေအရ နိုင်ဂျာ နိုင်ငံမှာရှိတဲ့ ကိုယ်ဝန်သည်အမျိုးသမီး ၇ ယောက်မှာ ၁ ယောက်က အသက်ဘေးနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ဆိုပါတယ်။ ဒါကို အမေရိကန်က ၄,၈၀၀ မှာ ၁ ယောက်နဲ့ ဆွီဒင်နိုင်ငံက ၁၇,၄၀၀ မှာ ၁ ယောက်နဲ့ နှိုင်းယှဉ်လိုက်ရင် အများကြီး ကွာဟမှုရှိနေတာကို တွေ့ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG