သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံတွင်း ကလေးစစ်သားအသုံးပြုမှု အမေရိကန်နှင့် အင်္ဂလန်ဝေဖန်


စစ်ပွဲတွေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေအတွင်း ကလေးငယ်တွေကို ကာကွယ်စောင့်
ရှောက်ရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မနေ့က ဆွေးနွေးပွဲ
တရပ် ပြုလုပ်ခဲ့ပါတယ်။ ဒီကလေးငယ်တွေကို အကာအကွယ်ပေးဖို့ရာ အစိုးရတွေ၊
သက်ဆိုင်ရာတာဝန်ရှိသူတွေမှာ နိုင်ငံရေးစိတ်ဆန္ဒ ရှိဖို့လိုတယ်လို့ ကုလသမဂ္ဂ အတွင်း
ရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က သတိပေးခဲ့ပါတယ်။ ဒီဆွေးနွေးပွဲအတွင်းမှာ
မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အခြေအနေတွေကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။
အကြောင်းစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ကမ္ဘာပေါ်က စစ်ပွဲနဲ့ လက်နက်ကိုင်ပဋိပက္ခတွေ အတွင်းက ကလေးငယ်တွေကို
ကာကွယ်စောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေနဲ့ အထူး
ကိုယ်စားလှယ်တဦး ခန့်အပ်ထားသလို လုံခြုံရေးကောင်စီမှာလည်း ကလေးတွေကို
မတရားပြုကျင့်တာတွေကို တားမြစ်တဲ့ ဆုံးဖြတ်ချက်တွေနဲ့အတူ မကြာခဏဆိုသလို
တကမ္ဘာလုံးက ကလေးငယ်တွေအပေါ် မတရားပြုကျင့်မှုတွေကို တင်ပြဆွေးနွေးလေ့
ရှိပါတယ်။

မနေ့ကလုပ်တဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက
ကလေးငယ်တွေကို ကာကွယ်စောင့်ရှောက်ရေးအတွက် နိုင်ငံတကာရဲ့ ပူးပေါင်း
ဆောင်ရွက်မှုတွေလည်း အရေးကြီးသလို အစိုးရတွေရဲ့ ပိုင်းဖြတ်မှုကလည်း အရေးကြီး
တယ်လို့ အခုလိုထောက်ပြ ပြောခဲ့ပါတယ်။

"နိုင်ငံရေးအရ ခံယူချက်က အရေးကြီးပါတယ်။ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ၊ လက်တွဲ
ဖက်အဖွဲ့တွေ၊ အစိုးရတွေ အားလုံးပါဝင်တဲ့ နိုင်ငံတကာ ကြိုးပမ်းဆောင်ရွက်မှုကသာ
လျှင် အခုလို စစ်ပွဲတွေအတွင်း နေနေရတဲ့ ကလေးငယ်တွေရဲ့ လိုအပ်ချက်အခြေအနေ
ကို ဖြည့်တင်းနိုင်မှာ ဖြစ်ပါတယ်။ ဒီကလေးငယ်တွေ၊ သူတို့ရဲ့မိသားစုတွေ၊ သူတို့ရဲ့
အသိုင်းအဝိုင်းတွေ အနာဂတ်ကောင်းမွန်လှပပြီး ဘဝစိတ်ချလုံခြုံရေးအတွက် ခင်ဗျား
တို့အားလုံးနဲ့အတူ အလုပ်တွဲလုပ်ချင်ပါတယ်။"

စစ်ပွဲနဲ့ လက်နက်ကိုင်ပဋိပက္ခအတွင်းက ကလေးသူငယ်တွေရဲ့ အခြေအနေကို
ဆွေးနွေးကြတဲ့နေရာမှာ ကလေးတွေကို စစ်သားအဖြစ် စုဆောင်းအသုံးပြုနေတာတွေ
ကို အလေးပေးပြီး ပြောဆိုဆွေးနွေးခဲ့ပါတယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအနေနဲ့
ကလေးစစ်သား ပပျောက်ရေးကို အလေးပေးပြီး ဆောင်ရွက်နေတဲ့ကြားမှာပဲ
အောင်မြင်သင့်သလောက် အောင်မြင်ပေမယ့် နိုင်ငံအတော်များများမှာတော့ ကလေး
စစ်သား အသုံးပြုမှုတွေဟာ ရှိနေတုန်းပဲလို့လည်း ဆွေးနွေးခဲ့ကြပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဇာမေးလ် ခါလီဇက်ကတော့ ဒီထဲမှာ
မြန်မာနိုင်ငံကို ဥပမာထားပြီး အခုလိုပြောဆိုသွားပါတယ်။

"ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအနေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေအတွင်းက
ကလေးငယ်တွေကို အကာအကွယ်ပေးရေးလုပ်ငန်းတွေ ဒီလောက်လုပ်ကိုင်နေတဲ့
ကြားမှာပဲ နိုင်ငံအတော်များများမှာ ကလေးတွေကို စစ်သားအဖြစ် စုဆောင်းအသုံးချ
တဲ့ မနှစ်မြို့စရာလုပ်ရပ်တွေ ရှိနေတုန်းပါ။ ဥပမာ မြန်မာနိုင်ငံဆိုပါစို့၊ စစ်အစိုးရနဲ့
အခြားလက်နက်ကိုင်အဖွဲ့တွေဟာ အသက် ၁၀ နှစ်လောက်ပဲငယ်တဲ့ ကလေးငယ်တွေ
ကိုတောင် စစ်ထဲသွင်း အသုံးချတာတွေ ရှိနေပါတယ်။"

ကလေးစစ်သားအသုံးပြုမှု ပပျောက်ရေး နိုင်ငံတကာရဲ့ ကြိုးပမ်းမှုတွေမှာ တိုးတက်မှု
တွေ ရှိလာပေမယ့် မထူးခြားဘဲ စိန်ခေါ်ချက်တွေဖြစ်နေတဲ့ နိုင်ငံတွေလည်းရှိတယ်လို့
ဗြိတိသျှနိုင်ငံကိုယ်စားလှယ် ကရမ်းပီးယားစ်က အခုလိုပြောပါတယ်။

"မြန်မာအစိုးရအနေနဲ့ အထူးကိုယ်စားလှယ်ကိုပေးထားတဲ့ ကတိကဝတ်တွေအတိုင်း
ဆောင်ရွက်ဖို့နဲ့ ကလေးစစ်သား အသုံးပြုမှုအခြေအနေကို စောင့်ကြည့်လေ့လာအစီရင်
ခံတဲ့ အဖွဲ့တရပ်ထူထောင်ရေးမှာ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ ဗြိတိသျှ
အစိုးရအနေနဲ့ တိုက်တွန်းတောင်းဆိုပါတယ်။ ဒီဥပမာတွေကို ကြည့်ခြင်းအားဖြင့်
ဒီပြဿနာတွေဟာ ကျယ်ကျယ်ပြန့်ပြန့်ရှိနေပြီး လုံခြုံရေးကောင်စီကနေ နေ့စဉ်နဲ့အမျှ
ကိုင်တွယ်ဆောင်ရွက်နေရတဲ့ အခြားကိစ္စရပ်တွေပေါ်မှာလည်း သက်ရောက်မှုရှိပါ
တယ်။"

ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာသံအမတ်ကြီး ဦးကျော်တင့်ဆွေကလည်း မြန်မာနိုင်ငံ
အပေါ် စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ ပြန်လည်ချေပ ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ
အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေကြောင့် လက်နက်ကိုင်အဖွဲ့ ၁၈ ဖွဲ့
ဟာ ဥပဒေဘောင်အတွင်း ဝင်ရောက်ပြီး ငြိမ်းချမ်းမှုတွေ ရနေပါပြီလို့ မြန်မာသံအမတ်
ကြီး ဦးကျော်တင့်ဆွေက ဖြေရှင်းပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံဟာ စစ်ပွဲနဲ့ လက်နက်
ကိုင်အကြမ်းဖက်မှုတွေ ရှိတဲ့နေရာမဟုတ်ဘူးလို့ သူကပြောပါတယ်။ မြန်မာနိုင်ငံမှာ
ကလေးစစ်သားအသုံးပြုမှုကို တားမြစ်တဲ့ဥပဒေလည်း ရှိတယ်လို့ သူက အခုလို
ထောက်ပြခဲ့ပါတယ်။

"မြန်မာ့တပ်မတော် ကာကွယ်ရေးရုံးရဲ့ လုပ်ထုံးလုပ်နည်း ဥပဒေသထဲမှာ စစ်သား
စုဆောင်းဖို့ သတ်မှတ်ထားတဲ့ အသက်အရွယ်ဟာ ၁၈ နှစ် ဖြစ်ပါတယ်။ မြန်မာနိုင်ငံက
တပ်မတော်ကြည်း အပါအဝင် တပ်ဖွဲ့တိုင်းမှာ ဝင်ရောက်လာကြသူတွေဟာ မိမိစိတ်
ဆန္ဒ သဘောထားနဲ့ ဝင်ရောက်လာကြသူတွေ ဖြစ်ပါတယ်။ အတင်းအကျပ် စစ်သား
စုဆောင်းတာမျိုးကို တင်းတင်းကျပ်ကျပ် တားမြစ်ထားပါတယ်။"

ဒါပေမယ့် အသက် ၁၈ နှစ်အောက် စစ်ထဲဝင်ခဲ့တဲ့ဖြစ်ရပ်တွေလည်း မြန်မာနိုင်ငံမှာ
ရှိခဲ့ဖူးတယ်လို့ သူက ဝန်ခံပါတယ်။ ဒါကြောင့် ၂၀၀၄ ခုနှစ်မှာ အစိုးရက ဥပဒေသစ်တွေ
ထုတ်ပြန်ခဲ့ပြီး အစိုးရအာဏာပိုင် အဆင့်ဆင့်အနေနဲ့လည်း ကုလသမဂ္ဂ အေဂျင်စီတွေနဲ့
လက်တွဲပြီး ကလေးစစ်သား ပပျောက်ရေးအစီအစဉ်တွေကို ဆောင်ရွက်လုပ်ကိုင်ခဲ့
တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကတော့ ကလေးစစ်သား ပပျောက်
ရေးကို လုပ်ရုံတင်မက၊ ဒီကလေးငယ်တွေအနေနဲ့ လူ့အသိုင်းအဝိုင်းထဲကို ပြန်လည်
ဝင်ဆံ့လာဖို့အတွက် အကူအညီတွေလည်း လိုအပ်တယ်လို့ ထောက်ပြခဲ့ပါတယ်။

"ကလေးငယ်တယောက် ကလေးစစ်သားဘဝက လွတ်မြောက်လာပြီဆိုတာနဲ့ ပဲရစ်
အခြေခံမူမှာ ချမှတ်ထားတဲ့အတိုင်း ဒီကလေးငယ်တွေ လူ့အဖွဲ့အစည်း အသိုင်းအဝိုင်း
ထဲ ပြန်လည်ဝင်ဆံ့လာဖို့ အပြည့်အ၀ အကူအညီပေးရပါမယ်။ လိုအပ်တဲ့အရင်းအမြစ်
တွေကို အသုံးပြုပြီး အစိုးရတွေ၊ ကျနော်တို့တွဲလုပ်နေတဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ အဖွဲ့အစည်း
တွေ အခုလို အကူအညီတွေပေးနိုင်ရေး နိုင်ငံတကာ အသိုင်းအဝိုင်းကနေ အားဖြည့်
ပေးကြဖို့ ကျနော် တိုက်တွန်းပါတယ်။ ဆင်းရဲမွဲတေမှုတွေနဲ့ ဖွံ့ဖြိုးရေးနောက်ကျမှုတွေ
ဟာ ကလေးငယ်တွေကို အသုံးချခံရစေဖို့၊ အကြမ်းဖက်မှုခံရစေဖို့ အားပေးသလို
ဖြစ်တယ်ဆိုတာကို မမေ့ကြဖို့လိုပါတယ်။" လို့ မစ္စတာဘန်ကီမွန်းက ပြောခဲ့ပါတယ်။

အမေရိကန်အခြေစိုက် Human Right Watch လူ့အခွင့်အရေး ကာကွယ်
စောင့်ရှောက်မှုအဖွဲ့က ထုတ်ပြန်မှုအရ ကမ္ဘာပေါ်မှာ ကလေးစစ်သားအသုံးပြုမှု
အများဆုံးနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်းပါဝင်တယ်လို့ ထောက်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG