သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရီပါပလစ်ကန်ပါတီ ဒုတိယ သမ္မတ လောင်း အဖြစ် ဆာရာ ပေလင်း ကို ရွေးချယ်


ရီပါပလစ်ကန်ပါတီ က သမ္မတလောင်း ဂျွန် မက်ကိန်းဟာ သူ နဲ့အတူ လက်တွဲမယ့် ဒု သမ္မတ လောင်း အဖြစ်နဲ့ လူသိနည်းပါးတဲ့ အလက်စကား ပြည်နယ် အုပ်ချုပ်ရေးမှူး ဆာရာ ပေလင်း ကို ရွေးချယ်လိုက်ပါတယ်။ ရီပါပလစ်ကန်ပါတီ ရဲ့ ပါတီညီလာခံ ကို ရှေ့သီတင်းပတ်ထဲမှာ ကျင်းပမှာ ဖြစ်ပါတယ်။ အခု သောကြာနေ့မှာတော့ အိုဟိုင်းယိုး ပြည်နယ် ဒေတန် မြို့မှာ လူထု စုဝေးပွဲကြီး ကျင်းပပြီး ဒုသမ္မတ လောင်းအဖြစ် သူ ရွေးချယ်ထားတာကို ကြေညာလိုက်တာပါ။

ဆာရာ ပေလင်း ဟာ သူ့အတွက် တကယ်သင့်လျော်တဲ့ ဒု သမ္မတ လောင်း ဖြစ်ပြီး သူမ မှာ ခိုင်မာတဲ့ မူ နဲ့ စည်းကမ်းတွေ ရှိတဲ့အပြင် အနိုင်မခံ အရှုံးမပေးတဲ့ စိတ်နဲ့ စာနာရိုင်းပင်းမှု အပြည့်အ၀ ရှိသူ လို့ မစ္စတာ မက်ကိန်း က သတ်မှတ်ပါတယ်။ ဒါဟာ ရီပါပလစ်ကန်ပါတီ ရဲ့ နိုင်ငံရေး လောကမှာ ပထမဆုံး ဒု သမ္မတ အဖြစ် အမျိုးသမီးတဦးကို ရွေးချယ်တာ ဖြစ်ပါတယ်။

မစ္စ ပေလင်း ဟာ အသက် ၄၄ နှစ်ပဲ ရှိသေးတဲ့အပြင် ပြည်နယ် အုပ်ချုပ်ရေးမှူး အဖြစ်နဲ့ ပထမဆုံး သက်တမ်း ကို ထမ်းဆောင်နေသူ ဖြစ်ပါတယ်။ သူမ ဟာ လူမှုရေးမှာရော စီးပွားရေးမှာပါ Conservative ရှေးရိုးစွဲဝါဒီ ကို လက်ကိုင်ထားသူ ဖြစ်ပါတယ်။ လူသိ သိပ်မများတဲ့ ကလေး ၅ ယောက်မိခင် ဆာရာ ပဲလင်း ကို ဒု သမ္မတလောင်းအဖြစ် ရွေးမယ်လို့ ဘယ်သူကမှ မျှော်လင့်မထားကြပါဘူး။ မစ္စ ပဲလင်း ကတော့ သူ့ကိုယ်သူ ပြောင်းလဲရေးသမား အဖြစ်နဲ့ ခံယူထားသူ ဖြစ်ပြီး အမေရိကန်နိုင်ငံသားတွေ အတွက် နိုင်ငံရေး ခေါင်းဆောင်ကောင်း တယောက် ရဖို့ လိုအပ်နေတယ် လို့ ပြောပါတယ်။

ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဘားရက် အိုဘားမား ကတော့ သူ့ပြိုင်ဘက် ဂျွန် မက်ကိန်း ဟာ နိုင်ငံခြားရေး မူဝါဒ အတွေ့အကြုံ လုံး၀ မရှိတဲ့သူ ကို ရွေးချယ်ခဲ့တယ်လို့ ဝေဖန်လိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG