သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇာဂနာလွတ်မြောက်ရေး လှုပ်ရှားဖို့ နိုင်ငံတကာ အနုပညာအသင်း ဆော်သြ


လေဘေး ဒုက္ခသည်တွေကို အကူအညီပေးရင်း စစ်အစိုးရရဲ့ ဖမ်းဆီးအကျဉ်းချ တာကို ခံခဲ့ရတဲ့ လူရွှင်တော် ဇာဂနာ ပြန်လည် လွတ်မြောက်ရေး ဆန္ဒပြပွဲကို ဗြိတိန်နိုင်ငံအခြေစိုက် International Committee for Artist's Freedom (ICAF) ခေါ် နိုင်ငံတကာ အနုပညာရှင်တွေရဲ့ လွတ်လပ်ခွင့် လှုပ်ရှားရေးအဖွဲ့က ကျင်းပဖို့ စီစဉ်နေပါတယ်။ အသေးစိတ်ကို ကိုသိန်းထိုက်ဦးက တင်ပြထားပါတယ်။

ရှေ့ သီတင်းပတ်အတွင်း စက်တင်ဘာ ၂၆ ရက်နေ့ နေ့ခင်းပိုင်း ဗြိတိန်နိုင်ငံ လန်ဒန်မြို့ ထိုင်း သံရုံးရှေ့ မှာ ဆန္ဒပြပွဲကျင်းပမှာဖြစ်တယ်လို့ ဗြိတိန်နိုင်ငံထုတ် The Statge သတင်းစာစောင်မှာ ဖော်ပြထားပါတယ်။ လက်ရှိ အာဆီယံ အလှည့်ကျ သဘာပတိဖြစ်တဲ့ ထိုင်းနိုင်ငံ သံရုံးရှေ့ မှာ ဆန္ဒပြပွဲ ကျင်းပမှာဖြစ်ပြီး ဒီဆန္ဒပြပွဲကို ဗြိတိန်နိုင်ငံ အခြေစိုက် Burma Campaign UK အဖွဲ့ကြီးနဲ့ ပူးပေါင်း ကျင်းပတာလို့ ပြောပါတယ်။

ဒီလှုပ်ရှားမှုဟာ မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းအနေနဲ့ ဦးဆောင်ဦးရွက်ဆောင်ရွက်ပေးရေး ဖိအားပေးဖို့ ဆောင်ရွက်တဲ့ လှုပ်ရှားမှုတွေ ထဲက တခုဖြစ်တယ်လို့ နိုင်ငံတကာ အနုပညာရှင်တွေရဲ့ လွတ်လပ်ခွင့် လှုပ်ရှားရေးအဖွဲ့က ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အာဆီယံ အရှေ့ တောင်အာရှနိုင်ငံတွေအနေနဲ့လည်း မြန်မာနိုင်ငံအတွင်းက နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး ကုလသမဂ္ဂက တောင်းဆိုတာတွေကို ထောက်ခံပေးဖို့ ဆော်သြတဲ့ လှုပ်ရှားမှုဖြစ်တယ်လို့ ဆိုပါတယ်။

International Committee for Artist's Freedom (ICAF) နိုင်ငံတကာ အနုပညာရှင်တွေရဲ့ လွတ်လပ်ခွင့် လှုပ်ရှားရေး အဖွဲ့က အရင်က မန္တလေးမြို့ က လူရွှင်တော် ပါပါလေး ကို စစ်အာဏာပိုင်တွေ ဖမ်းဆီးခဲ့တဲ့အချိန်ကလည်း လူရွှင်တော် ပါပါလေး လွတ်မြောက်ရေးအတွက် စည်းရုံးလှုပ်ရှားပေးခဲ့ဖူး ပါတယ်။ မြန်မာနိုင်ငံက လူရွှင်တော်ဇာဂနာ အပါအဝင် နိုင်ငံတကာမှာ ဖိနှိပ်အုပ်ချုပ်တဲ့ အစိုးရတွေကြောင့် မတရားဖမ်းဆီးခံနေရတဲ့ အနုပညာရှင်တွေရဲ့ လွတ်မြောက်ရေး အတွက် ဝိုင်းဝန်းလှုပ်ရှားဖို့ စည်းရုံးနေပါတယ်။

ဒီအတောအတွင်း စက်တင်ဘာလ ၁၉ ရက်၊ ကြာသပတေးနေ့ ကတော့ လှုရွှင်တော်ဇာဂနာကို အင်းစိန်အကျဉ်းထောင် အထူး တရားရုံးမှာ အာဏာပိုင်တွေက ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။ အမှုစစ်ဆေးတဲ့ အခြေအနေနဲ့ ဇာဂနာရဲ့ ကျန်းမာရေး အခြေအနေကို ခယ်မဖြစ်သူ မငြိမ်းက အခုလို ရှင်းပြပါတယ်။

“၃၃ (က) ဗွီဒီယို အက်ပေါ့၊ အဲဒီ ဥပဒေအရ သူနဲ့ ကိုသန့်ဇင်အောင်နဲ့ တွဲစစ်တယ်။ ကိုသူရတယောက်တည်းက ၁၇/၂၊ တရားမဝင် နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်မှု၊ အီးမေးလ်တွေ အင်တာနက်က ချက်လုပ်တာ ဘာညာပေါ့။ ပြီးတော့ သူက ဟိုရက်က ကျီးပေါင်းဖြစ်တော့ မူးတယ်လေ၊ အာရုံကြော ကို ထိတော့၊ အဲဒါသူက သွေးတိုးတယ်ပဲ ထင်ခဲ့တာ၊ ဒီနေ့တော့ ကျမတို့ ကော်လာတွေ ဘာတွေ ဝယ်ရပြီပေါ့။ ကော်လာထောက်တာပေါ့။ ကျီးပေါင်းဖြစ်တော့ ငုံ့လို့ မရတော့ဘူး။ ထောင်ထဲမှာ စားတာ၊ နေရတာလည်း တယောက်တည်း ဆိုတော့ စာပဲ ငုံ့ဖတ်နေတော့၊ ခုံလည်း မပါတော့ ငုံ့ပြီး ဖတ်လိမ့်မယ်။ ငုံ့ပြီး ဖတ်တာ အခု ဘယ်လောက် ကြာပြီလဲ၊ ကိုသူရ အင်းစိန်ရောက်တာပဲ နှစ်လကျော်သွားပြီ၊ နှစ်လကျော်လုံး သူ ဒီလိုပဲ စာဖတ်နေမှာပေါ့။ ကြာလာတော့ အခန်းကလည်း အေးမယ်လေ၊ ထောင်ဆိုတာ အေးစိမ့်စိမ့်ကြီး။ အပြင်ကလူတောင် အေးစိမ့်စိမ့်ကြီး၊ အတွင်းထဲမှာ ဘယ်လောက်အထိ အေးမှန်းမှ မသိတာ။”

ဇာဂနာရဲ့ ကျန်းမာရေးအခြေအနေနဲ့ အမှုစစ်ဆေးနေတဲ့ အခြေအနေတွေကို ခယ်မဖြစ်တဲ့ မငြိမ်းပြောပြသွားတာပါ။ လူရွှင်တော် ဇာဂနာရဲ့ အမှုကို ပုံမှန် တပတ်တခါ အာဏာပိုင်တွေက အကျဉ်းထောင်အတွင်းမှာ စစ်ဆေးနေပါတယ်။ တခါတရံ တရားလိုမလာလို့ အမှုပြန်ချိန်းတာမျိုး တရားသူကြီးမလာလို့ ပြန်ချိန်းတာမျိုးတွေ နှောင့်နှေးတာမျိုးတွေ ရှိပေမယ့် များသောအားဖြင့်တော့ ပုံမှန်စစ်ဆေးတာမျိုးတွေ လုပ်နေတယ်လို့ တရားရေး သတင်းရပ်ကွက်က ပြောပါတယ်။

ဗြိတိန်နိုင်ငံအခြေစိုက် နိုင်ငံတကာ အနုပညာရှင်တွေရဲ့ လွတ်လပ်ခွင့် လှုပ်ရှားရေးအဖွဲ့က အခု လူရွှင်တော် ဇာဂနာကို မြန်မာစစ်အစိုးရက ဖမ်းဆီးထားတာဟာ ကုလသမဂ္ဂရဲ့ နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အပိုဒ် (၁၉)၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ချိုးဖေါက်တာဖြစ်တဲ့အတွက် ချက်ခြင်း ပြန်လွှတ် ပေးဖို့လည်း တောင်းဆိုထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG