သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယဝန်ကြီးချုပ်၏ တရုတ်နိုင်ငံခရီးစဉ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုတည်ဆောက်နိုင်


တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံကြား ကုန်သွယ်
ရေး၊ နှစ်နိုင်ငံဆက်ဆံမှု တိုးချဲ့ရေးတို့နဲ့
ပတ်သက်ပြီး အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်
ဆင်းဂ် (Manmohan Singh) က တရုတ်
ဝန်ကြီးချုပ်နဲ့ တရုတ်နိုင်ငံ ပီကင်းမြို့တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီဝန်ကြီးချုပ်
နှစ်ဦးရဲ့ တွေ့ဆုံမှုနဲ့ပတ်သက်ပြီး ဗွီအိုအေ
သတင်းထောက် Stephanie Ho ပီကင်းမြို့
တော်ကနေ သတင်းပေးပို့ထားတာကို
မအေးသန္တာကျော်က တင်ပြထားပါတယ်။

မစ္စတာဆင်းဂ်ဟာ ငါးနှစ်တာကာလအတွင်း တရုတ်နိုင်ငံကိုသွားရောက်တဲ့ ပထမဦးဆုံး
အိန္ဒိယဝန်ကြီးချုပ် ဖြစ်ပါတယ်။ အိန္ဒိယ
ဝန်ကြီးချုပ် မစ္စတာဆင်းဂ်နဲ့ တရုတ်ဝန်ကြီးချုပ် ဝမ်ကြားဘို (Wen Jiabao) တို့
ပြည်သူ့မဟာခန်းမမှာ တွေ့ဆုံမှုကို တရုတ် ရုပ်မြင်သံကြားမှာ ပြသခဲ့ပါတယ်။ တာတာ
အုပ်စုနဲ့ ဂျက်လေကြောင်းလိုင်းတို့လိုမျိုး အိန္ဒိယရဲ့ အကြီးဆုံးကုမ္ပဏီတချို့ပါဝင်တဲ့
စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲတခုကိုလည်း မစ္စတာဆင်းဂ် တက်ရောက်ခဲ့ပါတယ်။

အိန္ဒိယနဲ့တရုတ် နှစ်နိုင်ငံပေါင်းဟာ လူဦးရေစုစုပေါင်း သန်း ၂၄၀၀ နီးပါးရှိပါတယ်။
ဒီနှစ်နိုင်ငံဟာ ကမ္ဘာမှာ အရှိန်အမြန်ဆုံးနှုန်းနဲ့ စီးပွားရေးဖွံ့ဖြိုးနေတဲ့ နိုင်ငံတွေလည်း
ဖြစ်ပါတယ်။ ၂၀၀၇ ခုအတွက် နှစ်နိုင်ငံအကြား ကူးသန်းရောင်းဝယ်မှုဟာ ဒေါ်လာ
သန်းပေါင်း ၄၀၀၀ နီးပါးရှိတယ်လို့ တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒါပေမယ့် ဒီကူးသန်းရောင်းဝယ်ရေးဟာ တရုတ်အကျိုးစီးပွားဘက်ကို ပိုပိုရောက်လာ
တယ်ဆိုပြီး အိန္ဒိယခေါင်းဆောင်တွေဘက်က စိုးရိမ်မှုတွေကို ထုတ်ဖော်ခဲ့ကြပါတယ်။

နောက်အငြင်းပွားစရာဖြစ်နေတဲ့ ကိစ္စတခုကတော့ ၁၉၆၂ ခုက နှစ်နိုင်ငံစစ်ပွဲဖြစ်စေခဲ့
တဲ့ နယ်စပ်ပဋိပက္ခပဲ ဖြစ်ပါတယ်။ ဒီကိစ္စဟာ လုံးဝကြီး ဖြေရှင်းလို့ မပြီးသေးဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ချင်ဂန်း (Qin Gang) က ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး နှစ်နိုင်ငံလုံးက ဖြေရှင်းချင်တဲ့ဆန္ဒရှိကြောင်း ပြသကြပါတယ်လို့ မစ္စတာချင်ဂန်းက စကားပြန်ကတဆင့် အခုလိုပြောသွားပါတယ်။
“နှစ်ဖက်စလုံးကလည်း လက်ခံနိုင်တဲ့၊ သာတူညီမျှရှိပြီး မျှတတဲ့အဖြေတခုကို ကျနော်
တို့ စောစောစီးစီးရှာတွေ့မယ်လို့ အခိုင်အမာယုံကြည်ထားကြကြောင်း” ပြောသွားတာ
ပါ။

နောက်သတိထားကိုင်တွယ်ရတဲ့ ကိစ္စတခုဖြစ်တဲ့ တိဘက်ဘာသာရေးခေါင်းဆောင်
ဒလိုင်လားမား (Dalai Lama) နဲ့ပတ်သက်ပြီး မစ္စတာချင်ကပဲ ဆက်ပြီး “တရုတ်နိုင်ငံကို
ခွဲပစ်ဖို့ ရည်ရွယ်လုပ်ကိုင်တဲ့လုပ်ရပ်ဆိုတာကို လုပ်ဆောင်လို့ အိန္ဒိယရဲ့မြေကြီးကို
ပေးအသုံးမပြုဖို့ တရုတ်တို့ဘက်က မျှော်လင့်ကြောင်း” ပြောသွားပါတယ်။

တိဘက်ဘုန်းတော်ကြီး ဒလိုင်လားမားက တရုတ်နိုင်ငံကနေ ၁၉၅၉ ခုနှစ်ကတည်းက
ထွက်ခွာလာပြီး အိန္ဒိယနိုင်ငံမှာ အဲဒီကတည်းကစပြီး နေထိုင်လာခဲ့တာပါ။ လုံးဝ
သံသယဖြစ်စရာမရှိ တရုတ်ရဲ့ပိုင်နက်ပဲလို့ တရုတ်အစိုးရကသတ်မှတ်တဲ့ တိဘက်
ဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုရရှိဖို့ ဒလိုင်လားမားက ကြိုးစားနေတာပါ။

အိန္ဒိယနဲ့တရုတ်ခေါင်းဆောင်တွေဟာ အိန္ဒိယရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ ပါကစ္စတန်
နိုင်ငံအပေါ် သူတို့ရဲ့အမြင်တွေကို ဆွေးနွေးဖလှယ်ခဲ့ကြတယ်လို့ တရုတ်ပြောရေးဆိုခွင့်
ရှိသူကပဲ ပြောပါတယ်။ ပါကစ္စတန်နိုင်ငံရဲ့ ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ပတ်သက်ပြီး
တရုတ်အစိုးရက ပူပန်မှုရှိတယ်၊ ပါကစ္စတန်နိုင်ငံမှာ ငြိမ်းချမ်းရေးထိန်းထားနိုင်ပြီး နိုင်ငံရေးတည်တည်ငြိမ်ငြိမ်ရှိတာ မြင်ချင်တယ်လို့ တရုတ်ပြောရေးဆိုခွင့်ရှိသူကပဲ ဆက်ပြောပါတယ်။

နှစ်ဖက်ဆွေးနွေးသူတွေဟာ ကုန်သွယ်ရေး၊ စွမ်းအင်နဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလို ကိစ္စရပ်မျိုးတွေမှာ ပူးတွဲဆောင်ရွက်ကြဖို့ အပါအဝင် ၂၁ ရာစုအတွက် အကောင်
အထည်ဖော်ဖို့ နှစ်ဖက်စလုံးက သဘောတူတဲ့ ရည်မှန်းချက်တွေနဲ့ ပတ်သက်ပြီးတော့
လည်း အစီအစဉ် အကြမ်းဖျဉ်းပါရှိတဲ့ မှတ်တမ်းရှည်ကြီးတခုကို သဘောတူ လက်မှတ်
ရေးထိုးခဲ့ကြပါတယ်။ ဒီစာရွက်စာတမ်းတွေဟာ ရာဇဝင်တွင်စေမယ့် စာရွက်စာတမ်း
တွေဖြစ်တယ်၊ တရုတ်နဲ့အိန္ဒိယအကြား ဆက်ဆံရေးမှာ ရှေ့ကို ခြေလှမ်းကြီးကြီးတလှမ်း ရောက်သွားစေခဲ့တာပဲလို့ မစ္စတာချင်က ပြောပါတယ်။

ပီကင်းအိုလံပစ်ပွဲတော်ကျင်းပမယ့် နေရာတွေကိုလည်း အိန္ဒိယဝန်ကြီးချုပ်
မစ္စတာဆင်းဂ် တနင်္ဂနွေနေ့က သွားရောက်ခဲ့ပါသေးတယ်။ သူက တရုတ်သမ္မတ
ဟူဂျင်တောင်း (Hu Jintao) နဲ့ ဒီကနေ့ တွေ့ဆုံဖို့ရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG