သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှားသမ္မတဟောင်း ဆူဟာတိုအတွက် နိုင်ငံတော်ဈာပန အခမ်းအနားပြုလုပ်


ကွယ်လွန်သွားပြီဖြစ်တဲ့ အင်ဒိုနီးရှားသမ္မတ
ဟောင်း ဆူဟာတို (Suharto) ရဲ့ ရုပ်
အလောင်းကို ဂျာဗားအလယ်ပိုင်း ဆိုလို
(Solo) မြို့မှာရှိတဲ့ မိသားစုဂူဗိမာန်မှာ နိုင်ငံ တော်ဈာပနအခမ်းအနားနဲ့ ဂုဏ်ပြုထားပါ
တယ်။ မစ္စတာဆူဟာတိုဟာ ခန္ဓာတွင်းအင်္ဂါ
အတော်များများ ပျက်စီးတဲ့ဒဏ်နဲ့ပဲ အသက်
၈၆ နှစ်အရွယ်မှာ တနင်္ဂနွေနေ့က ကွယ်လွန်
သွားခဲ့ပါတယ်။ သူကွယ်လွန်ချိန်မှာပဲ သူ့ရဲ့
၃၂ နှစ်တာ အုပ်ချုပ်စဉ်ကာလအတွင်း
လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့တာတွေ
အတွက် လူ့အခွင့်အရေးချိုးဖောက်ခံရသူတွေ
တရားမျှတမှု ပြန်ပေးနိုင်ဖို့ဆိုပြီး လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုနေကြပါတယ်။
ဒီအကြောင်း ဂျကာတာကနေ ဗွီအိုအေသတင်းထောက် Nancy-Amelia Collins
သတင်းပေးပို့ထားတာကို ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

မစ္စတာဆူဟာတိုရဲ့ရုပ်အလောင်းကို ကားတန်းနဲ့သယ်ဆောင်အလာမှာ အလယ်ပိုင်း
ဂျာဗားက ဆိုလိုမြို့မှာတော့ ထောင်နဲ့ချီတဲ့လူတွေက သူ့ရဲ့ရုပ်အလောင်းကို တန်းစီ စောင့်ဆိုင်းကြည့်ရှုခဲ့ပါတယ်။ မစ္စတာဆူဟာတိုလိုပဲ စစ်ဗိုလ်ချုပ်ကြီးဟောင်းဖြစ်ခဲ့တဲ့ လက်ရှိအင်ဒိုနီးရှားသမ္မတ ဆူဆီလိုဘန်ဘန်း ယူဟိုယိုနို
(Susilo Bambang Yudhoyono) က ကွယ်လွန်သွားတဲ့ သမ္မတဟောင်းအတွက် အင်ဒို
နီးရှားတနိုင်ငံလုံး ဝမ်းနည်းကြေကွဲဖွယ်အဖြစ် ရက်သီတင်းတပတ် သတ်မှတ်ကြေညာ
ပါတယ်။

အခုဈာပနမှာလည်း အင်ဒိုနီးရှားသမ္မတ ယူဟိုယိုနိုက မစ္စတာဆူဟာတိုကို ဂုဏ်ပြု
ချီးမွမ်းစကား ပြောခဲ့ပါတယ်။ မစ္စတာယူဟိုယိုနိုက မစ္စတာဆူဟာတိုဟာ စစ်တပ်
အတွင်းမှာရရှိခဲ့တဲ့ ဆုတံဆိပ်တွေ၊ အောင်မြင်မှုတွေကို တသီတတန်းကြီး ဖတ်ပြခဲ့
ပါတယ်။ ဈာပနပွဲပြီးချိန်မှာလည်း မစ္စတာယူဟိုယိုနိုပြောတာကတော့ မစ္စတာဆူဟာ
တိုရဲ့ တိုင်းပြည်အတွက် စွမ်းဆောင်ချက်တွေဟာ အားလုံးအတွက် စံနမူနာပြဖြစ်တယ်
လို့ ဆိုပါတယ်။ မစ္စတာဆူဟာတိုဟာ အင်ဒိုနီးရှားနိုင်ငံကို ၃၂ နှစ်ကြာ တင်းတင်း
ကျပ်ကျပ် ကိုင်တွယ်အုပ်ချုပ်ခဲ့သူပါ။ ဒီ့နောက် ၁၉၉၈ ခုနှစ်အတွင်းမှာတော့ အင်ဒိုနီး
ရှားနိုင်ငံမှာ လူမှုရေးနဲ့ စီးပွားရေးဖရိုဖရဲဖြစ်မှုတွေကနေ ကြီးမားတဲ့ဆန္ဒပြမှုတွေဖြစ်
လာပြီး သူရာထူးကနေ ဆင်းပေးခဲ့ရပါတယ်။ မစ္စတာဆူဟာတိုဟာ အင်ဒိုနီးရှားနိုင်ငံကို
ခေတ်မီနိုင်ငံ၊ စီးပွားရေးအလားအလာကောင်းတဲ့နိုင်ငံအဖြစ် ဦးဆောင်မှုပေးခဲ့တယ်
ဆိုတာကို အများက အသိအမှတ်ပြု လက်ခံကြပေမယ့် သူ့ကာလအတွင်းမှာ အဂတိ လိုက်စားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ အချက်တွေဟာလည်း သူ့အတွက် တင်ကျန်နေတဲ့မှတ်တမ်းတွေ ဖြစ်ပါတယ်။

နိုင်ငံအဝှမ်း အစိုးရတွေ၊ နိုင်ငံတွေရဲ့ အဂတိလိုက်စားမှုကို စောင့်ကြည့်နေတဲ့
Transparency International အဖွဲ့ကြီးရဲ့ အဆိုအရတော့ မစ္စတာဆူဟာတိုရဲ့ သား
သမီးခြောက်ဦးဟာ သူတို့ရဲ့ စီးပွားရေးလုပ်ငန်း မသမာမှုတွေကနေ အမေရိကန်ဒေါ်လာ
၃၅ ဘီလျံ ရရှိခံစားခဲ့ကြတယ်လို့ ဆိုပါတယ်။ သူတို့ရဲ့ဖခင် မစ္စတာဆူဟာတိုရော သူတို့
အားလုံးပါ လက်ဆောင်ပစ္စည်းတွေ၊ တရားမဝင် စီးပွားရေးလုပ်ငန်းတွေနဲ့ ချမ်းသာ
ကြွယ်ဝခဲ့ကြတယ်လို့ စွပ်စွဲခံထားရပါတယ်။

ဒါပေမယ့် မစ္စတာဆူဟာတိုဟာ သူ့ရဲ့ကျန်းမာရေးအခြေအနေကြောင့် သူဟာ အဂတိ လိုက်စားမှုစွဲချက်တွေကို ရင်မဆိုင်လိုက်ရပါဘူး။ မစ္စတာဆူဟာတိုဟာ သူ့ရဲ့ လူမှုရေး ဖောင်ဒေးရှင်းတခုကနေ အမေရိကန်ဒေါ်လာ ၁.၄ ဘီလျံဖိုး ခိုးယူခဲ့တယ်ဆိုတဲ့ မစ္စတာ ဆူဟာတိုအပေါ်စွဲချက်ကို အစိုးရက ထူးထူးခြားခြား အရပ်ဖက်တရားရုံးကို တင်ခဲ့တာ
ပါ။ တချိန်တည်းမှာ မစ္စတာဆူဟာတို အုပ်ချုပ်စဉ်ကာလအတွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေအတွက် နစ်နာမှုတွေ၊ တရားမျှတမှုတွေ ပြန်လည်ခံစားခွင့်ရဖို့ကို
လည်း လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုထားပါတယ်။

မစ္စတာဆူဟာတိုဟာ ၁၉၆၅ ခုနှစ် အာဏာရယူပြီးနောက် ကွန်မြူနစ်ဆန့်ကျင်ရေး
ဆိုပြီး လူပေါင်း အနည်းဆုံး ငါးသိန်းလောက်ကို လပိုင်းအတွင်းမှာ သတ်ဖြတ်ခဲ့ပါတယ်။ မစ္စတာဆူဟာတိုလက်ထက်မှာ အခုလို စနစ်တကျကူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး
ချိုးဖောက်မှုတွေမှာ တာဝန်ရှိတဲ့လူတွေကို အင်ဒိုနီးရှားအစိုးရအနေနဲ့ ပြန်လည်အရေး
ယူ ကိုင်တွယ်သင့်တယ်လို့ နယူးယော့ခ်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့
(Human Right Watch) က ဂျိုးဆောန်ဒါးစ် (Joe Saunders) က အခုလိုပြောပါတယ်။

“အင်ဒိုနီးရှားနိုင်ငံ ပြန်လည်ပြုပြင်ပြောင်းလဲရေးလုပ်တဲ့ လုပ်ငန်းစဉ်ကြီးမှာ ပျောက် နေတဲ့အပိုင်းကတော့ တရားမျှတမှုတွေ ပြန်လည်ဖော်ထုတ်ရေးအပိုင်းပါ။ မစ္စတာ
ဆူဟာတိုဟာ သူအုပ်ချုပ်စဉ်ကာလအတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အများကြီးရှိခဲ့ပေမယ့် သူဟာ သေသာသေသွားတယ်၊ ဘာမှအပြစ်ပေး အရေးယူတာ မခံလိုက်ရပါဘူး။ ၁၉၆၅ ခုနှစ်တုန်းက အကြောင်းတွေပဲပြောပြော၊ တီမောကိစ္စ၊
ပါပူဝါကိစ္စပဲပြောပြော ဒီကိစ္စတွေမှာ တိုက်ရိုက်ပါဝင်ပတ်သက်ခဲ့ကြတဲ့ မစ္စတာဆူဟာ
တို အုပ်စုအနွယ်ဝင်တွေကို ပြန်လည်အရေးယူကိုင်တွယ်ဖို့ အရေးကြီးပါတယ်” လို့
သူက ပြောခဲ့တာပါ။

မစ္စတာဆူဟာတိုဟာ သူ့ရဲ့နောက်ဆုံးအချိန် ဆယ်စုနှစ်ပိုင်းတွေမှာတော့ ဂျာဗား
အလယ်ပိုင်းက သူ့ရဲ့နေအိမ်မှာပဲ အနှောင့်အယှက်မရှိဘဲ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင် ခွင့်ရသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG