သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘဏ္ဍာရေး အကျပ်အတည်းဒဏ် တရုတ်အလုပ်သမားတွေ ခံရပြီ


အနောက်နိုင်ငံက ဈေးကွက်တွေအတွင်းမှာ တရုတ်နိုင်ငံလုပ် ကစားစရာ အရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်လိုက် တာကြောင့် တရုတ်နိုင်ငံ တောင်ပိုင်းမှာရှိတဲ့ အဓိက အရုပ်စက်ရုံကြီး ၂ ခု ပိတ်ပစ်လိုက်ရပါတယ်။ အဲဒီစက်ရုံမှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမားဦးရေ ၇,၀၀၀ ကျော်ဟာလည်း အလုပ်လက်မဲ့ဘဝကို ရောက်သွားခဲ့ရပါတယ်။ ဒီကနေ့ ကမ္ဘာကြီးအတွင်းမှာ ရင်ဆိုင်နေရတဲ့ ငွေကြေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ အကျပ်အတည်း ပြဿနာတွေကြားမှာ တရုတ်နိုင်ငံ လုပ် ပို့ကုန်ဆိုင်ရာ ကိစ္စတွေ၊ တရုတ်ပြည်နိုင်ငံထုတ် ကစားစရာ လုပ်ငန်းတွေဟာ အပြင်းအထန် ထိခိုက်နစ်နာ ဆုံးရှုံးနေရတဲ့အကြောင်း ဗွီအိုအေ သတင်းထောက် ဒန်နီယယ် ရှက်ဖ် (Danial Schearf) က ဘေဂျင်းမြို့ကနေ သတင်းပေးပို့ထားပါတယ်။

တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ်က ဒေါင်းဂန်းမြို့မှာရှိတဲ့ အစိုးရရုံးကို မနေ့က သောကြာနေ့က အလုပ်လက်မဲ့ဘဝကို ရောက်နေကြတဲ့ တရုတ်လူမျိုး အလုပ်သမား ရာပေါင်းများစွာ ရှိခဲ့ကြပါတယ်။ သူတို့ အလုပ်လုပ်နေကြတဲ့ ကစားစရာ ကုမ္ပဏီကြီးတွေကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အပြီးအပိုင် ပိတ်ပစ်လိုက်ပေမယ့် သူတို့ရဲ့ လုပ်ခ လစာ ၂ လစာ အထိကို အဲဒီကုမ္ပဏီက မရှင်းပေးသေးတာကြောင့် အခုလို အစိုးရရုံးရှေ့ကို သူတို့ ရောက်ခဲ့ကြရတာပါ။

အခု ပိတ်ပစ်လိုက်တဲ့ ကုမ္ပဏီတွေက အမေရိကန် က ဒက်စ်နဲလ် နဲ့ ဒစ်စနီ တံဆိပ်တွေ ထုတ်ပေးနေတဲ့ ဟောင်ကောင် စာရင်းဝင် စမတ် ယူနီယံ အဖွဲ့ ဖြစ်ပါတယ်။ ကမ္ဘာ့ငွေကြေး အကျပ်အတည်းထဲ စီးပွားရေး အခက်တွေ့နေတဲ့ ပို့ကုန် ထုတ်လုပ်မှု လုပ်ငန်းတွေ လုပ်နေကြတဲ့ ကုမ္ပဏီ ထောင်ပေါင်းများစွာထဲက အဲဒီ ကုမ္ပဏီဟာလည်း တခု အပါအဝင် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်က ဒေါင်းဂန်းမြို့တော်ဝန် လီယွန်း ကတော့ အလုပ်လက်မဲ့ဦးရေ များလာတာဟာ ဒီနှစ် အစောပိုင်း အဲဒီမြို့က စက်ရုံတွေ ၄၀၀ လောက် ပိတ်ပစ်လိုက်တာကြောင့် ဖြစ်တယ်လို့ နိုင်ငံခြား သတင်းထောက်တွေကို ပြောပါတယ်။

“မနှစ်ကထက် ဒီနှစ်မှာ နိုင်ငံခြား စီးပွားရေး လုပ်ငန်းတွေရဲ့ အမြတ်အစွန်း ရရှိမှု အများကြီး လျော့ကျသွားလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ အရှုံးပေါ်နေတဲ့ နိုင်ငံခြား စီးပွားရေး လုပ်ငန်းတွေဟာလည်း ပိုပို များလာနေပါပြီ။ နောက်နှစ်မှာတော့ ပိတ်လိုက်ရတဲ့ စက်ရုံ အရေအတွက် နည်းနည်း ပိုများလာ လိမ့်မယ်လို့ ယူဆရပါတယ်။”

အနောက်နိုင်ငံ ဈေးကွက်တွေထဲမှာ တရုတ်နိုင်ငံလုပ် ထုတ်ကုန်တင်သွင်းမှု ၁၃ % ကျော်ကျော်ကို အဲဒီ ဂွမ်ဒေါင်း ပြည်နယ်က တင်ပို့နေတာ ဖြစ်ပါတယ်။ ဂွမ်ဒေါင်းပြည်နယ်မှာ တရုတ်နိုင်ငံထုတ် နိုင်ငံခြား တင်ပို့နေတဲ့ ကစားစရာအရုပ် လုပ်ငန်းတွေ လုပ်နေကြတဲ့ ကုမ္ပဏီ တဝက်ကျော် အခြေစိုက်တာ ဖြစ်ပြီးတော့ ဒီနှစ်ထဲမှာကိုပဲ ကုမ္ပဏီပေါင်း ၃,၆၀၀ ကျော်ဟာ လုပ်ငန်းတွေ ရပ်ဆိုင်းပြီး ကုမ္ပဏီတွေ ပိတ်ပစ်လိုက်ရတဲ့ အဆင့်အထိ ဖြစ်ခဲ့ရတာပါ။ အခုလို ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းတွေထဲ တရုတ်နိုင်ငံက စက်ရုံတွေမှာ အလုပ်သမားတွေရဲ့ လစဉ်လုပ်ခ ကိစ္စ၊ ကုန်ကြမ်းဆိုင်ရာ ကိစ္စနဲ့ စိတ်ချယုံကြည်ရတဲ့ အရည်အသွေးနဲ့ ထုတ်ကုန်တွေ ဖြစ်လာဖို့ တရုတ်လူမျိုးတို့ တက်နိုင်သမျှ အကောင်းဆုံး ဖြစ်အောင် ရုန်းကန် စွမ်းဆောင် ကြရမှာပါ။

ကစားစရာ အရုပ်တွေကို အနောက်ဈေးကွက်တွေမှာ ဝယ်ယူအားကျလာပြီး ဈေးကွက် ပျက်ခဲ့ရပြီးတဲ့နောက် အမေရိကန် ဒေါ်လာ ၂၆ သန်း အထိ ဆုံးရှုံးခဲ့တယ်လို့ အဲဒီ စမတ် ယူနီယံ အဖွဲ့က အစောပိုင်းက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒါပေမယ့် အခု အလုပ်သမားတွေကို မရှင်းပေးရသေးတဲ့ လုပ်ခတွေကို အဲဒီကုမ္ပဏီက ပေးမယ် မပေးမယ် ဆိုတဲ့ကိစ္စတွေကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အဲဒီ ကုမ္ပဏီ ပိုင်ရှင်ကတော့ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းက ဘယ်ရောက် နေမှန်းမသိ ပျောက်နေပေမယ့် အဲဒီ ပြည်နယ်က တာဝန်ရှိ အစိုးရ အဖွဲ့တွေကတော့ သောကြာနေ့ကစပြီး အလုပ်သမား တွေကို ရှင်းပေးရမယ့် အလုပ်သမား လစာတွေအတွက် ဒေါ်လာ ၃ သန်းမက ယာ ထားပြီး အလုပ်သမားတွေရဲ့ ပြဿနာကို ဖြေရှင်းပေးနေတယ်လို့ တရုတ်နိုင်ငံက ပြည်တွင်းသတင်းမီဒီယာတွေမှာ ဖော်ပြရေးသားထားကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG