သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးကောင်စီတွင် နိုင်ငံတကာနှင့် မြန်မာ့အရေးကို ဂျပန် ချဉ်းကပ်မည်


ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အလှည့်ကျ အဖွဲ့ဝင်နိုင်ငံအဖြစ် ရွေးချယ်ခံလိုက်ရတဲ့ ဂျပန်နိုင်ငံက မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် နိုင်ငံတကာနဲ့၊ အများသဘောတူ ချဉ်းကပ်ဆောင်ရွက်သွားမယ်လို့ ပြောဆိုပါတယ်။ မြန်မာနိုင်ငံ့အရေးဟာ နိုင်ငံတကာက စိုးရိမ်ရတဲ့ ကိစ္စတခုဖြစ်တယ် ဆိုတာကိုလည်း ဝန်ခံပြောဆိုပါတယ်။ အသေးစိတ်ကို ကိုသိန်းထိုက်ဦးက တင်ပြထားပါတယ်။

မနေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အလှည့်ကျ အဖွဲ့ဝင်နိုင်ငံအဖြစ် ၂ နှစ် သက်တမ်းအတွက် မဲပေးရွေးချယ်တဲ့ အချိန် ဂျပန်နိုင်ငံဟာ အခြား မက်ခ်ဆီကို၊ ယူဂန်ဒါ၊ တူရကီ၊ သြစတြီးယား စတဲ့နိုင်ငံတွေနဲ့အတူ အလှည့်ကျ အဖွဲ့ဝင် နိုင်ငံတွေ အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

မနေ့က နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်မှာ ကုလသမဂ္ဂဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး ယူကီယို တာကာဆု (Yukio Takasu) က သတင်းထောက်တွေနဲ့ တွေ့ဆုံတဲ့အချိန် မြန်မာနိုင်ငံအရေးကိစ္စ သတင်းထောက်တွေရဲ့ အမေးကို အခုလို ပြန်လည် ဖြေကြားသွားတာ ဖြစ်ပါတယ်။

“မြန်မာနိုင်ငံ အရေးကိစ္စဟာ ဒေသတွင်းနိုင်ငံတွေ စိုးရိမ်ရတဲ့ ကိစ္စတခုထဲတင် မဟုတ်ပါဘူး၊ နိုင်ငံတကာ အသိုင်းအဝိုင်းက စိုးရိမ်ရတဲ့ ကိစ္စပါ။ ဂျပန်နိုင်ငံအနေနဲ့ လူ့အခွင့်အရေးကိစ္စကို အပြည်ပြည်ဆိုင်ရာမှာ အလေးထားရမယ့် ကိစ္စတခုအဖြစ် ချမှတ်ထားပါတယ်။ လူ့အခွင့်အရေးကို ကာကွယ်ဖို့ ဆိုတာ အားလုံး လုပ်ကိုင်ရမယ့် ကိစ္စပါ။ ဘယ်နိုင်ငံမှာမှ ချွင်းချက်နဲ့ ချန်ထားလို့ မရပါဘူး။”

ဒုတိယ အနေနဲ့ လူ့အခွင့်အရေး ကို တိုးတက်လာအောင် ဘယ်လိုလုပ်မလဲ၊ အရေးယူပိတ်ဆို့ ဖိအားပေးတဲ့ နည်းတွေ က ပိုကောင်းသလား၊ တချိန်တည်းမှာ တိုးတက်လာအောင် လုပ်ဖို့ အကျိုုးခံစားခွင့်တွေ ပေးပြီး နားချတာမျိုး၊ ပိုပြီး တိုးတက်အောင် တွန်းအားပေးတာမျိုးက ထိရောက်သလား၊ ဂျပန်အနေနဲ့နဲ့တော့ မျှတအောင် ချဉ်းကပ်တဲ့ နည်းကို သုံးမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ ပတ်သက်လာရင် အပြုသဘောဆောင်ပြီး နိုင်ငံတကာအကြား အားလုံးလက်ခံတဲ့ တူညီတဲ့ ချဉ်းကပ်မှုမျိုးနဲ့ ရပ်တည်ဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး ယူကီယို တာကာဆုက ပြောဆိုပါတယ်။

ဂျပန်နိုင်ငံဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တိုးချဲ့ပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာခဲ့မယ်ဆိုရင် လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံ ဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်။ ကုလသမဂ္ဂရဲ့ ဒုတိယ အများဆုံး အလှူရှင်နိုင်ငံလည်း ဖြစ်ပါတယ်။

လုံခြုံရေးကောင်စီ အလှည့်ကျ အဖွဲ့ဝင်နိုင်ငံအဖြစ် ရွေးချယ်ခံရပြီးတဲ့နောက် အာရှဒေသတွင်း အာဖဂန်နစ္စတန်အရေး၊ အရှေ့တီမောအရေး၊ မြောက်ကိုရီးယား နျူကလီးယား အစီအစဉ် ဖျက်သိမ်းရေး အရေးကိစ္စတွေကိုလည်း အလေးထား ဆောင်ရွက်သွားမယ်လို့ ဂျပန်နိုင်ငံက ပြောဆိုထားပါတယ်။ အာရှဒေသအတွက် ဂျပန်နိုင်ငံနဲ့ အီရန်နိုင်ငံ ယှဉ်ပြိုင်ရတာ ဖြစ်ပြီး ဂျပန်က ထောက်ခံမဲ ၁၅၈ မဲရရှိပါတယ်။ အီရန်က ထောက်ခံမဲ ၃၀ ကျော်သာရရှိပြီး ဂျပန်နိုင်ငံကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ဂျပန်နိုင်ငံရောက် မြန်မာ့အရေး လှုပ်ရှားသူတွေကရော ဘယ်လို မြင်ပါသလဲ၊ မြန်မာ့အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (ဂျပန်နိုင်ငံ) ရဲ့ ဥက္ကဋ္ဌလည်းဖြစ် ဂျပန်-မြန်မာ မြန်မာ့အရေးလှုပ်ရှားရေးအဖွဲ့ဝင် ဦးတင်ဝင်းကတော့ အခုလို သုံးသပ်ပါတယ်။

“အရေးကြီးဆုံးက ဂျပန်က အီရန်ကို နိုင်တာက ပိုအရေးကြီးတယ်လို့ ထင်တယ်။ အီရန်သာ နိုင်သွားမယ်ဆိုရင်တော့ သေချာပေါက် သူကတော့ စစ်အစိုးရဘက်က လိုက်မှာပဲ။ ဂျပန်နိုင်တယ် ဆိုတာက ကျနော်တို့အတွက် နံပါတ် (၁) က ပိုပြီး စိတ်သက်သာရာ ရတယ်ပေါ့နော်။ အဲတော့ ဂျပန်ဆိုရင်တော့ ကျနော်တို့က ချဉ်းကပ်ရတာ လွယ်တယ်။ နောက်ဆုံး ဂျပန်က ကျနော်တို့ဘက်ကို မပါရင်တောင်မှ ကြားနေနိုင်ငံ အနေအထား ရှိနေတဲ့အတွက် အီရန် မရသွားတာ ကျနော်တို့အတွက် ကံကောင်းတယ်။ သာမန်အားဖြင့်ကတော့ ဂျပန်နိုင်ငံမှာက စီးပွားရေး အကူအညီပေးမှုနဲ့ပဲ နိုင်ငံတွေအပေါ်မှာ လွှမ်းမိုးမှု ရအောင်လုပ်တယ်။ မြန်မာနိုင်ငံ အပေါ်မှာလည်း သူက ဒီလိုပဲ ဆက်ဆံလာခဲ့တာပေါ့နော်။ အဲတော့ သူတို့ လုပ်နိုင်တာက ဘာလဲ ဆိုတော့ အနောက်နိုင်ငံ နဲ့ ဂျပန်နိုင်ငံ နဲ့ သူတို့နဲ့ တူတဲ့ လမ်းကြောင်းဘက်ကနေ သွားပြီးတော့မှ ပြင်းပြင်းထန်ထန်ကြီး အနောက်နိုင်ငံတွေလို တခါတည်း စီးပွားရေး ပိတ်ဆို့သည်အထိ မလုပ်သည့် တိုင်အောင် တစုံတရာ အတိုင်းအတာ အထိပေါ့နော် morally ပေါ့ သူတို့ ပြသဖို့ လိုတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ လက်ရှိ အနေအထားပေါ်မှာပေါ့။ အခု လာမယ့် နောက် လုံခြုံရေးကောင်စီမှာ ရှိလာမယ့် လှုပ်ရှားမှုတွေမှာ ဂျပန်က ကျနော်တို့ ဒီမိုကရေစီ အင်အားစုဘက်က ရပ်မယ့် အလားအလာ က တော်တော်ကို များတယ်လို့ ပြောရပါလိမ့်မယ်။”

မြန်မာ့အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (ဂျပန်နိုင်ငံ) ရဲ့ ဥက္ကဋ္ဌလည်းဖြစ် ဂျပန်-မြန်မာ မြန်မာ့အရေး လှုပ်ရှားရေးအဖွဲ့ဝင် ဦးတင်ဝင်းရဲ့ သုံးသပ်ချက် ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG