သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဈေးကွက် မငြိမ်မသက်ဖြစ်ချိန် ကုန်ဈေးနှုန်းတွေ ဈေးကျ


ကမ္ဘာ့ စတော့ဈေးကွက် က သောကြာနေ့ မှာလည်း ငြိမ် မသွားသေးပါဘူး။ အမေရိကန် နိုင်ငံ က ဒေါဂျုံး စက်မှု စတော့ အညွှန်းကိန်း က တက်လိုက်ကျလိုက် ဖြစ်နေခဲ့ပါတယ်။ ဒေါဂျုံး ဈေး က သောကြာနေ့ မှာ ကျသွားခဲ့ပါတယ်။ ဗွီအိုအေ သတင်းထောက် ဘယ်ရီ ဝုဒ် (Barry Wood) သတင်းပေးပို့ထားတာ ကို ဦးတင်မောင်သန်း က တင်ပြထားပါတယ်။

ဒေါဂျုံး စက်မှု အညွှန်းကိန်း က ၁၂၇ မှတ် ကျသွားပြီး၊ ၈၈၅၂ ကို ရောက်သွားပါ တယ်။ ဒါပေမယ့် ဒီ အပတ်အတွက် ဆိုရင်တော့ အညွှန်းကိန်း က ၅ % တက်သွားခဲ့ ပါတယ်။ သုံးနှစ်မှာ အများဆုံး တက်ခဲ့တာပါ။ အမေရိကန် နိုင်ငံ ဝေါ စထရိ ဈေးကွက် မှာ အရင်နေ့ က တက်သွားခဲ့ပြီးတဲ့နောက် ဥရောပ မှာလည်း လိုက်လို့ တက်လာခဲ့ပါတယ်။

ကမ္ဘာတဝှမ်း စီးပွါးရေး ထိုင်း လာမယ့် အလားအလာ ရှိလာတဲ့အတွက် ရင်းနှီးမြှုပ်နှံ သူတွေ က စိတ်တထင့်ထင့် ဆက်ဖြစ် နေတဲ့အတိုင်း၊ ပစ္စည်းဈေးတွေ ကလည်း ကျလာပါတယ်။ ပြီးခဲ့တဲ့ အပတ် မှာ ရွှေဈေး က ၇ % ကျသွားခဲ့ပါတယ်။ ရေနံဈေး က ၁၄ လအတွင်း အကျဆုံးဖြစ်ခဲ့ရာ က ပြန်တော့ တက်လာခဲ့ပါတယ်။ ဒါပေမယ့် ဒီ အပတ် အတွက် ဆိုရင် ၈ % ဈေး ကျနေဆဲပါပဲ။ သောကြာနေ့ မှာ ရေနံဈေး က တစ်စည် ၇၂ ဒေါ်လာ အောက် လျှိုရုံလေး ဖြစ်နေပါတယ်။ မီရှီဂန် တက္ကသိုလ် အညွှန်းကိန်း အရ ဆိုရင်၊ အမေရိကန် မှာ ဝယ်ယူစားသုံးသူတွေ ရဲ့ ယုံကြည်မှု ဟာ စက်တင်ဘာလ မှာ ကျသွားပါတယ်။ မှတ်တမ်းမှာ အကျဆုံး ဖြစ်ပါတယ်။

သြဂုတ်လ မှာ ၇၀ ရှိရာ က အညွှန်းကိန်း ဟာ ၅၇ ကျသွားပါတယ်။ ဒါ့အပြင်၊ မိသားစု တစ်စုပဲ နေဖို့ ဆောက်ထားတဲ့ အိမ်ယာ အရောင်းအဝယ်တွေ ကလည်း စက်တင်ဘာလ မှာ ၂၆ နှစ်အတွင်း အရောင်းအဝယ် မဖြစ်ဆုံး ဖြစ်နေပါတယ်။ နောက်ဆုံး ဖြစ်ပေါ်လာတဲ့ အချက်အလက်တွေ ကို သတိကြီးကြီးထား ကောက်ယူ အသုံးပြုသင့်တယ်လို့ နယူးယောက်မြို့မှာ ရှိတဲ့ တိုကျို မစ်ဆုဘီရှီ ဘဏ် က ငွေကြေးဆိုင်ရာ စီးပွါးရေး ပညာရှင် အကြီးအကဲ Chris Ripkey က Bloomberg ရုပ်မြင်သံကြား မှာ ဆိုပါတယ်။

“အမေရိကန် နဲ့ ပတ်သက်ပြီး ကျနော် ကတော့ သတိနည်းနည်း ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ စီးပွါးရေး ကျဆင်းမှု ဟာ ဇန်နဝါရီ ဒါမှမဟုတ် ဖေဖော်ဝါရီ က စခဲ့တာဖြစ်ပြီး၊ ၉ လ၊ ၁၀ လ အဲသလို ကျတဲ့အထဲ မှာ ရှိနေခဲ့ပြီးပါပြီ။ သိပ်ကြီး ကြာလိမ့်မယ်တော့ ကျွန်တော် မထင်ပါဘူး။ တနည်းပြောရင်တော့ဗျာ .. ဝယ်ယူစားသုံးသူတွေ ယုံကြည်မှု ကျလာတာကြောင့် ဒီ စီးပွါးရေး ကျတာ က ပိုကြာမယ်၊ ပို နက်ရှိုင်းလာမယ် လို့ ကျွန်တော် ထင်မလာပါဘူး။”

အမေရိကန် စီးပွါးရေး က ကျတဲ့အထဲ မှာ ရှိနေတယ်လို့ ယုံကြည်တဲ့သူတွေ ထဲမှာ Ripkey က တစ်ယောက်တည်း မဟုတ်ပါဘူး။ စီးပွါးရေး ကျဆင်းတယ်လို့ သတ်မှတ်လေ့ရှိတာ က သုံးလပတ် ၂ ပတ် ဆက်တိုက် စီးပွါးရေး တိုးတက်မှု က ဆုတ်ယုတ်လာမှသာ သတ်မှတ်တာပါ။ ဒါပေမယ့် အမေရိကန် က အဲဒီလို သုံးလပတ် ၂ ပတ် ဆက်တိုက် တိုးတက်မှု ဆုတ်ယုတ်တာမျိုး မဖြစ်သေးပါဘူး။

ကြွေးပေးကြွေးယူ ဈေးကွက် စလှုပ်ရှားလာဖွယ်ရှိတဲ့ လက္ခဏာတွေ ကလည်း ရှိလာပါပြီ။ ဗဟိုဘဏ်တွေ က တက်ညီ လက်ညီ အတိုးနှုန်း ကို ချလိုက်ပြီး ၁၀ ရက်အကြာ၊ ဈေးကွက် ကို တည်ငြိမ်အောင် မြောက်အမေရိက၊ ဂျပန် နဲ့ ဥရောပ နိုင်ငံတွေ က လုပ်ဆောင်ကြမယ်လို့ ကတိထားပြီး ၇ ရက်အကြာ မှာတော့ လန်ဒန် က ဘဏ်တွေ ရဲ့ နေ့ချင်း ချေးငွေ အတိုးနှုန်း က ကျလာပါတယ်။

ဆိုလိုတာကတော့ ဘဏ်တွေ ဟာ ဗဟိုဘဏ် က သတ်မှတ်ထားတဲ့ အနည်းဆုံး ငွေကြေး ကျောထောက်နောက်ခံ ရှိနေကြပြီး၊ လည်ပတ်နေကြတယ် ဆိုတဲ့သဘော ဖြစ်ပါတယ်။ ဒါ ကို လက္ခဏာကောင်းတစ်ရပ် အဖြစ် အဓိပ္ပါယ် ကောက်ယူကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG