သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပကော်မရှင် မြန်မာနေ့ဆွေးနွေးပွဲတွင် ဒီမိုကရေစီရေးဆွေးနွေးမှုအားနည်းဟု လှုပ်ရှားသူများဝေဖန်


အီးယူ (ဥရောပ သမဂ္ဂ) ရဲ့ ဥရောပ ကော်မရှင်က နှစ်စဉ် ကမကထလုပ် ကျင်းပပေးနေတဲ့ အီးယူ-မြန်မာနေ့ ကို ဘရပ်ဆဲလ်မှာ ကျင်းပနေရာမှာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ ထိုက်သင့်တဲ့ ဆွေးနွေးပြောဆိုမှုမျိုးတွေ မလုပ်ဘူး ဆိုပြီး မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေက စောဒက တက်နေကြပါတယ်။ ဒီကနေ့ ကျင်းပတဲ့ ဆွေးနွေးပွဲအတွင်း မြန်မာနိုင်ငံက နိုင်ငံရေး၊ လူမှုရေး စတဲ့ ပြဿနာတွေနဲ့ ပတ်သက်လို့ အခမ်းအနားမှာ ကျယ်ကျယ်ပြန့်ပြန့် မပြောကြသလို ဆွေးနွေးမယ့် သူတွေကို ရွေးချယ်မှုမှာလည်း အားနည်းချက်တွေ ရှိခဲ့တယ်ဆိုပြီး ပြောနေကြတာပါ။ အကြောင်းစုံကို စုံစမ်းထားတဲ့ ကိုအောင်လွင်ဦး က ပြောပြပေးပါဦးရှင်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးတိုးတက်ဖြစ်ထွန်းမှုတွေ မရှိတာ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေသေးတာ စတဲ့ ပြဿနာတွေကြောင့် အီးယူ (ဥရောပ သမဂ္ဂ) က အရေးယူ ဒဏ်ခတ်မှုတွေ၊ ဝေဖန်ပြစ်တင်မှုတွေ ရှိနေပေမယ့်လည်း အခု အီးယူ-မြန်မာနေ့ အခမ်းအနားမှာတော့ ဒါတွေနဲ့ ပတ်သက်လို့ ပြောသံဆိုသံ မကြားရလို့ မြန်မာ့အရေး တက်ကြွ လှုပ်ရှားသူတွေဖက်က အားမလို အားမရ ဖြစ်နေကြတာပါ။ ဗြိတိန်နိုင်ငံ အခြေစိုက် မြန်မာ့အရေးလှုပ်ရှားနေတဲ့ ဘားမားကန်ပိန်း ယူကေ အဖွဲ့ကဆိုရင်လည်း ဆွေးနွေးသူ အများစုဟာ အခြေအနေတွေဟာ တိုးတက်မှုတွေ ရှိလာနေတယ်ဆိုပြီးတော့သာ အလေးထား ပြောဆို နေတယ်ဆိုပြီး ပြောပါတယ်။ တကယ်တမ်း မြန်မာနိုင်ငံမှာ နိုင်ငံရေးပြဿနာတွေ မပြေလည်နိုင်သေးတာ၊ မကြာသေးခင်က ဆိုင်ကလုန်းလေဘေးဒဏ် ခံခဲ့ရအပြီး လူသားချင်း စာနာမှုလုပ်ငန်းတွေမှာ မြန်မာစစ်အစိုးရက အဟန့်အတားတွေ လုပ်ထားတွေနဲ့ ပတ်သက်လို့လည်း ရေရေရာရာ မပြောဘူးဆိုပြီး ဘရပ်ဆဲလ်မှာ ကျင်းပတဲ့ ဒီအခမ်းအနားပွဲကို တက်ရောက်ခဲ့တဲ့ ဘားမားကန်းပိန်းအဖွဲ့ရဲ့ ညွှန်ကြားရေးမှူး မက်ခ် ဖာမာနား က ပြောပါတယ်။

“မြန်မာနိုင်ငံက နိုင်ငံရေးပြဿနာတွေနဲ့ ပတ်သက်လို့ ဘာမှပြောတာဆိုတာလည်းမရှိ၊ အကူအညီ အထောက်အပံ့ပေးတဲ့ လုပ်ငန်းတွေမှာ အကန့်အသတ်တွေ ရှိနေသေးတာ၊ မြစ်ဝကျွန်းပေါ်ဒေသထဲက တချို့ဒေသလောက်ကိုသာ လက်လှမ်းမှီ သေးတာတွေနဲ့ ပတ်သက်လို့လည်း မပြောကြပါဘူး။ ဒါက မြန်မာနိုင်ငံမှာ တကယ်တမ်း ဘာတွေ ဖြစ်ပျက်နေတယ် ဆိုတာကို ပိုပြီးနားလည် သဘောပေါက်လာအောင် ဘယ်လိုလုပ် အထောက်အကူဖြစ်မှာလဲဗျာ။”

တကယ်တော့ ပြီးခဲ့တဲ့ အပတ်ထဲတုန်းကပဲ နိုင်ငံပေါင်း (၂၇) နိုင်ငံ ပါဝင်တဲ့ ဥရောပ ပါလီမန် အမတ်တွေက မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ ဖမ်းဆီးခံနေရဆဲ ဖြစ်တာ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ဖိနှိပ်မှုတွေ လုပ်နေတာ၊ ဒီလို ပြဿနာတွေကို မြန်မာစစ်အစိုးရက ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိတာတွေကို အလေးထား ပြောဆိုရင်းနဲ့ ဆုံးဖြတ်ချက် တရပ်လည်း ချမှတ်ခဲ့တာပါ။ ဒါပေမယ့်လို့ ဥရောပပါလီမန်ရဲ့ ဒီလို ကျိုးပမ်းမှုတွေဟာ ဥရောပ ကော်မရှင်ရုံးရဲ့ လုပ်ရပ်တွေကြောင့် အရာမထင် ဖြစ်နေရတယ်ဆိုပြီးတော့လည်း မက်ခ် ဖာမာနား က ဝေဖန်ပါတယ်။

“ဥရောပ ကော်မရှင်ရုံးအဖွဲ့ဝင်တွေနဲ့ အတွင်းရေးမှူးအဖွဲ့ အနေနဲ့က ဥရောပ သမဂ္ဂအတွက် အလုပ်လုပ်ပေးနေပေမယ့် လတ်တလော အခြေအနေမှာတော့ ဥရောပ ပါလီမာန်ရဲ့ ဆောင်ရွက်ချက်တွေကို လျစ်လျူရှုနေတာပါ။ ပါလီမန်ရဲ့ ဆုံးဖြတ်ချက်တွေဟာ မလိုက်နာမဖြစ် လိုက်နာရမယ်ဆိုပြီး သတ်မှတ်ပြဋ္ဌာန်းထားတာ မဟုတ်ပဲ အကြံပြုချက်တွေသာ ဖြစ်တဲ့အတွက်လည်း လတ်တလော အခြေအနေမှာ ဒီမိုကရေစီဆန်တဲ့ အကြံပြုချက်တွေ အခုလို လျစ်လျူရှု ခံနေရတာပါ။”
ဒီလို အီးယူ-မြန်မာနေ့ ကျင်းပပြီး မြန်မာနိုင်ငံက အခြေအနေတွေနဲ့ ပတ်သက်လို့ ဆွေးနွေးပြောဆိုတာတွေ နှစ်စဉ် လုပ်တဲ့ နေရာမှာ အခုလို ဝေဖန်သံတွေ ထွက်ပေါ်လေ့ရှိတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်တုန်းကလည်း အလားတူ အခမ်းအနားပွဲ ကျင်းပတဲ့ နေရာမှာ မြန်မာစစ်အစိုးရကို ထောက်ခံပြောဆိုမယ့်သူတွေကိုသာ ဥရောပ ကော်မရှင်က ရွေးချယ်ပြီး ဆွေးနွေးပြောဆိုဖို့ ဖိတ်ခေါ်ခဲ့တယ် ဆိုပြီးတော့လည်း မြန်မာ့အရေးလှုပ်ရှားသူတွေ တက်ကြွသူတွေက အကြီးအကျယ် ဆန္ဒပြ ကန့်ကွက်မှုတွေလည်း ထွက်ပေါ်ခဲ့ဘူးပါတယ်။ အခုတကြိမ်မှာ အဲဒီတုန်းကလောက် မဆိုးပေမယ့် အလားတူ အခြေအနေမျိုးတွေ ရှိနေသေးတုန်းပဲလို့လည်း မက်ခ် ဖာမာနား က ပြောပါတယ်။

“အခုတကြိမ်မှာလည်း အလားတူခပ်ဆင်ဆင်ပါပဲ။ ၂၀၀၅ ခုနှစ်တုန်းကတော့ ဘားမားကန်းပိန်း အဖွဲ့ကို အစပိုင်းမှာ တက်ရောက်ခွင့်တောင် ပိတ်ပင်ခံခဲ့ရတာပါ။ အခုတကြိမ်မှာလည်း တက်ရောက်ခွင့်ရဖို့ အခြေအတင်ပြောခဲ့ပေမယ့် တက်ရောက်ခွင့်ရပြီး၊ စကားပြောခွင့်တော့ မရပါဘူး။ အဲဒီအချိန်တုန်းကတော့ မြန်မာစစ်အစိုးရအတွက် ဘက်လိုက် ပြောပေးမယ့်သူတွေ ပါနေတာက သိသိသာသာ ဖြစ်ပါတယ်။ ဒီတကြိမ်မှာတော့ အဲဒီလူတွေထဲက တချို့ မပါတော့ပါဘူး။”
ဗြိတိန်နိုင်ငံ အခြေစိုက် မြန်မာ့အရေးလှုပ်ရှားနေတဲ့ ဘားမားကန်ပိန်း ယူကေ အဖွဲ့ ညွှန်ကြားရေးမှူး မက်ခ် ဖာမာနား ဖြစ်ပါတယ်။ အခုဆွေးနွေးပွဲမှာ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ရှမ်းအမျိုးသမီး နန်း ချန်တောင်း တက်ရောက် စကားပြောဆိုခွင့်ရပြီးတော့ မြန်မာနိုင်ငံ တိုင်းရင်းသားဒေသတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ပြောပြခွင့်တော့ ရခဲ့တယ်လို့လည်း သူကပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG