သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အငြင်းပွားနေတဲ့ ရေပိုင်နက်ကိစ္စ ဘင်္ဂလားဒေ့ရ်ှ မြန်မာ နှစ်ဖက် နိုင်ငံခြားရေးဝန်ကြီးများဆွေးနွေး


မြန်မာ ဘင်္ဂလားဒေ့်ရှ် ရေပိုင်နက် အငြင်းပွားမှုနဲ့ပတ်သက်လို့ ဒီကနေ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ တိတိကျကျ ရလဒ်ကို မသိရသေးပေမယ့်လို့။ ဒီဆွေးနွေးမှုတွေကနေ နှစ်ဖက်ပြဿနာကို အဖြေထုတ်နိုင်လိမ့်မယ်လို့ ဘင်္ဂလားဒေ့ရ်ှဖက်ကတော့ မျှော်လင့်တယ်လို့ဆိုပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက ပြောပြမှာပါ။

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာကျင်းပနေတဲ့ BIMSTEC နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ကျင်းပရာ အပြင်ပန်းမှာ ဘင်္ဂလားဒေ့်ရ်ှနိုင်ငံခြားရေးဝန်ကြီး Dr. Iftekhar Ahmed Chowdhury နဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းတို့နှစ်ဦး တွေ့ဆုံခဲ့တာပါ။ အငြင်းပွားနေတဲ့ ရေပိုင်နက်ပြဿနာအပေါ် နှစ်နိုင်ငံ ထိပ်ပိုင်းအရာရှိတွေအကြား တွေ့ဆုံဖြေရှင်းဖို့ မူလကတည်းက အစီအစဉ်လုပ်ထားတာဖြစ်ပြီး အခု နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး ဒီကနေ တွေ့ဆုံဖြစ်ခဲ့တာလို့ ဘင်္ဂလားဒေ့်ရ်ှနိုင်ငံခြားရေးဌာန အရှေ့တောင်အာရှရေးရာ ညွန်ကြားရေးမှုးချုပ် မိုဟာမက် အမ်ရင်က ဗီအိုအေကို ရှင်းပြပါတယ်။

“ကျနော်တို့ နိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးတို့တွေ့ကြမယ်။ ကျနော်တို့ဖက်က နိုင်ငံခြားရေးဌာန အကြံပေးအရာရှိချုပ်နဲ့ မြန်မာဝန်ကြီးချုပ်တို့ တွေ့ဆုံကြဖို့ရှိနေပါတယ်။ အခု နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးကတော့ နယူးဒေလီမှာ တွေ့ဆုံ ဆွေးနွေးခဲ့ပြီးပြီလို့ သိထားပါတယ်။ အခုအချိန်အထိ ကျနော်သိထားသမျှတော့ တင်းမာမှုအခြေအနေက လျော့သွားပြီလို့ ပြောနိုင်ပါတယ်။”

အခုလို နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး တွေ့ဆုံမှုနဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့်ရ်ှ နိုင်ငံခြားရေးဌာနကလည်း သတင်းထုတ်ပြန်ပါတယ်။ နှစ်ဖက်အကြား ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား နွေးထွေးချစ်ကြည်စွာနဲ့ နှစ်နိုင်ငံအငြင်းပွားနေတဲ့ ရေပိုင်နက်ကိစ္စအပြင် နှစ်နိုင်ငံ စီးပွားရေး နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုအလားအလာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဒီကြေညာမှာ ဆိုထားပါတယ်။ နှစ်ဖက် အိမ်နီးချင်းနိုင်ငံတွေဖြစ်တာနဲ့အညီ နှစ်နိုင်ငံ နိုင်ငံရေး စီးပွားရေးကိစ္စတွေမှာ အပြန်အလှန်နားလည်မှုရှိရှိနဲ့ ကွဲပြားမှုတွေကို ညှိုနှိုင်းဆွေးနွေးသွားကြဖို့ နှစ်နိုင်ငံစလုံးက ဆန္ဒရှိကြတယ်လို့ ဘင်္ဂလားဒေ့ရ်ှ နိုင်ငံခြားရေးဝန်ကြီး ချောင်ဒရေ ပြောဆိုပါတယ်။

မကြာခင်လည်း နယူးဒေလီကိုရောက်လာမယ့် မြန်မာဝန်ကြီးချုပ်နဲ့ ဘင်္ဂလားဒေ့်ရ်ှဖက်က အကြီးတန်းအကြံပေးအရာရှိချုပ်တို့ရဲ့ ဆွေးနွေးကြဖို့လည်း သဘောတူထားပြီးပြီလို့ ဆိုပါတယ်။

ဒါပေမယ့်လည်း အငြင်းပွားနေတဲ့ ရေပိုင်နက်မှာ စစ်သင်္ဘောတွေ မရှိတော့ဘူးဆိုပေမယ့် ဘင်္ဂလားဒေ့ရ်ှ မြန်မာ ကုန်ချင်းဆက် နယ်စပ်တလျှောက်မှာတော့ နှစ်ဖက်တပ်တွေ အပြန်အလှန်တိုးမြင့်ချထားတယ်လို့ နယ်စပ်သတင်းတွေမှာဖော်ပြထားတော့ ဒါဟာ စစ်ရေးအရပါ ပြင်နေကြတဲ့ သဘောလားလို့ ယူဆစရာရှိပါတယ်။ ဘင်္ဂလားဒေ့်ရှ နိုင်ငံခြားရေးဌာန အရာရှိကတော့ သံတမန်ရေးဆွေးနွေးမှုကနေ အဖြေထွက်လာမယ်လို့ သူတို့မျှော်လင့်ထားတဲ့အကြောင်း ပြောပါတယ်။

“ကျနော်တို့အနေနဲ့ သံတမန်ရေးလမ်းကြောင်းကနေ ဆောင်ရွက်နေပါတယ်။ ဆွေးနွေးမှုတွေကနေ အဖြေတခုခု ရလာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။”

ဘင်္ဂလားဒေ့်ရ်ှနဲ့ မြန်မာနယ်စပ်ဟာ ကီလိုမီတာ ၃၂၀ အရှည်ရှိပြီး နတ်မြစ်နဲ့ နယ်နမိတ်ကို ပိုင်းခြားထားတာပါ။ အခု အငြင်းပွားနေတဲ့ ရေပိုင်နက်ကိုတော့ မြန်မာဖက်က ရေနံနဲ့သဘာဝဓါတ်ငွေ့ထုတ်လုပ်ဖို့ ကြိုးစားစဉ်မှာ နှစ်ဖက် အပြန်အလှန်တင်းမာမှုတွေရှိခဲ့ပါတယ်။ ပိုင်နက်ပြဿနာတွေကို ဖြေရှင်းဖို့တော့ လာမယ့် နိုဝင်ဘာ ၁၆နဲ့ ၁၇ ဒါကာမြို့မှာ နှစ်ဖက် နည်းပညာဆိုင်ရာကိုယ်စားလှယ်အဖွဲ့တွေ ဆွေးနွေးကြဖို့ရှိတယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် အခုအချိန်အထိတော့ ရေပိုင်နက် အငြင်းပွားမှုကိစ္စ အဖြေတစုံတရာထွက်လာပြီလို့ မကြားရသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG