သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

‘ဝ’ ဘိန်းဘုရင်တွေနဲ့ စီးပွားရေးမလုပ်ဖို့ အမေရိကန် တားမြစ်မိန့်ထုတ်


မြန်မာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲပြီး
ငြိမ်းချမ်းရေးရယူထားတဲ့ UWSA ဝတပ်ဖွဲ့
ခေါင်းဆောင် ဝေရှုခန်း အပါအဝင် သူနဲ့
ဆက်စပ်နေတဲ့ လူပုဂ္ဂိုလ်တွေ၊ စီးပွားရေး
လုပ်ငန်းတွေကို အမေရိကန်ပြည်ထောင်စုက
စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့လိုက်ပါတယ်။
အထူးသတ်မှတ်ထားတဲ့ မူးယစ်ဆေးဝါး
ရောင်းဝယ်ဖောက်ကားသူများစာရင်းမှာ
ဝေရှုခန်းနဲ့ ဆက်စပ်ပတ်သက်သူတွေကို
ထည့်သွင်းသတ်မှတ်လိုက်ပြီးတော့ အခုလို
အရေးယူလိုက်တာလည်းဖြစ်ပါတယ်။
ကိုကျော်ကျော်သိန်းက အပြည့်အစုံ တင်ပြထားပါတယ်။

ဝေရှုခန်းအပါအဝင် သူနဲ့ဆက်စပ်ပတ်သက်သူ လူပုဂ္ဂိုလ် ၂၆ ဦးနဲ့ စီးပွားရေးကုမ္ပဏီ
၁၇ ခုတို့အပေါ်မှာ အမေရိကန်က ဒဏ်ခတ်အရေးယူလိုက်တဲ့အကြောင်း ဘဏ္ဍာရေး
ဝန်ကြီးဌာနက ကြာသပတေးနေ့ကပဲ ကြေညာလိုက်တာပါ။ ဒီအရေးယူမှုအရ အဲဒီ
လူပုဂ္ဂိုလ်တွေနဲ့ စီးပွားရေးကုမ္ပဏီတွေရဲ့ ပိုင်ဆိုင်ပစ္စည်းတွေ၊ ဘဏ္ဍာငွေကြေးတွေ
အမေရိကန်ပြည်ထောင်စုမှာ ရှိနေခဲ့ရင် အသုံးပြုလို့မရတော့ဘဲ ထိန်းချုပ်လိုက်ပါတယ်။
သူတို့နဲ့ ဆက်စပ်ပတ်သက်သူ အမေရိကန်နိုင်ငံသားတွေ၊ စီးပွားရေးလုပ်ငန်းတွေကို
လည်း ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၁၀ သန်းနဲ့ ထောင်ဒဏ် နှစ် ၃၀ ထိ ချမှတ်မှာ
ဖြစ်ပါတယ်။

အမေရိကန်ရဲ့ ဒီဒဏ်ခတ်အရေးယူမှုဟာ တိတိကျကျ ပစ်မှတ်ထား အရေးယူတာမို့
ထိရောက်မှုရှိတဲ့အတွက် ကြိုဆိုပါတယ်လို့ အဝေးရောက် ပြည်ထောင်စုမြန်မာနိုင်ငံ
ညွန့်ပေါင်းအစိုးရ (NCGUB) ရဲ့ မြန်မာ့ရန်ပုံငွေအဖွဲ့က စီးပွားရေးပညာရှင် ဦးစိန်ဌေးက
ပြောပါတယ်။

"မြန်မာနိုင်ငံမှာ ပြည်သူလူထု အများစုက ဆင်းရဲနေတယ်။ ဒီ နအဖဗိုလ်ချုပ်တွေနဲ့
အသိုင်းအဝိုင်းကပဲ စီးပွားရေးကို လက်ဝါးကြီးအုပ်ထားတယ်။ ချုပ်ထားပြီးသား
လုပ်ငန်းတွေကို နအဖဗိုလ်ချုပ်တွေ၊ သားသမီးတွေ၊ မြေးမြစ်တွေပိုင်တဲ့ ကုမ္ပဏီတွေက
တဖက်က လုပ်နေကြသလို သူတို့နဲ့ရင်းနှီးတဲ့ ဦးတေဇလိုလူမျိုးက လုပ်နေတဲ့အပြင် ခုန
ဘိန်းရာဇာတွေက ငွေမည်းတွေကို ငွေဖြူဖြစ်အောင် ခဝါချပြီး ရလာတဲ့ငွေတွေဟာ
ပြည်သူလူထုကို ဖိနှိပ်ဖို့အတွက် လက်နက်ခဲယမ်းမီးကျောက်တွေ ဝယ်တာကအစ
နောက်ဆုံး အဏုမြူလက်နက်ရဖို့အထိ လုပ်နေတဲ့ဟာတွေက ပြည်သူလူထုအတွက်
အကျိုးမရှိတဲ့အတွက်ကြောင့် ဒါတွေကို ပိတ်တာဆို့တာ၊ မတော်မတရားဖြစ်နေတဲ့
စီးပွားရေးလုပ်ငန်းတွေကို ပိတ်တာဆို့တာသည် ပြည်သူလူထုကို ထိခိုက်တာမဟုတ်ဘဲ
နအဖရဲ့ မတော်မတရား လုပ်နေတာတွေကို ထိခိုက်အောင်လုပ်တာ ဖြစ်တဲ့အတွက်
ကျနော်တို့အနေနဲ့ ကြိုဆိုရမှာပါ။ ကျနော်တို့လည်း အမြဲတမ်း ဒါကို တောင်းဆိုနေတာ
ပါ။"

အမေရိကန်သမ္မတက UWSA ခေါင်းဆောင် ဝေရှုခန်းကို ပြည်ပ မူးယစ်ဆေးဝါး
ရောင်းဝယ်ဖောက်ကားသူအဖြစ် ၂၀၀၀ ပြည့်နှစ်ကတည်းက သတ်မှတ်ထားပြီး သူ့ရဲ့
UWSA တပ်ဖွဲ့ကိုတော့ ၂၀၀၃ ခုနှစ်မှာ သတ်မှတ်ထားပါတယ်။ အခု အရေးယူလိုက်တဲ့
စာရင်းထဲမှာ ဝေရှုခန်းကို အဓိကပုဂ္ဂိုလ်အဖြစ်ထားပြီး သူနဲ့ပတ်သက်ဆက်နွယ်တဲ့
မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံနဲ့ တရုတ်ပိုင် ဟောင်ကောင်ကျွန်းတို့က
လူပုဂ္ဂိုလ်တွေ၊ စီးပွားရေးလုပ်ငန်းတွေ ပါဝင်ပါတယ်။

မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေနဲ့ လူပုဂ္ဂိုလ်တွေကို အမေရိကန်က ဒဏ်ခတ်
အရေးယူတာ ဒါ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ အမေရိကန်ပြည်ထောင်စုရဲ့
ဒဏ်ခတ်ပိတ်ဆို့တဲ့ ဥပဒေတွေမှာကိုက အားနည်းချက် ယိုပေါက်တွေ ရှိနေတဲ့အတွက်
ဒါတွေကနေတဆင့် အခွင့်အရေးရနေတာမျိုး မဖြစ်အောင် အခုလို သတ်သတ်မှတ်မှတ်
ထပ်ပြီး အရေးယူတာဖြစ်တယ်လို့ ဦးစိန်ဌေးက ရှင်းပြပါတယ်။

"အမေရိကန်အစိုးရကလည်း သူတို့ထုတ်ပြန်လိုက်တဲ့ ဥပဒေဟာ ပိုပြီးထိရောက်လာ
အောင် ပြန်သုံးသပ်တယ်။ သုံးသပ်တဲ့အခါ ယိုပေါက်တွေ သွားတွေ့တယ်။ ယိုပေါက်
တွေဟာ နအဖ စစ်ဗိုလ်ချုပ်တွေနဲ့ သူတို့ပိုင်တဲ့ကုမ္ပဏီတွေ၊ သူတို့နဲ့အတူ စီးပွားရေး
လုပ်ငန်း အတူလုပ်နေတဲ့ အကြီးစားကုမ္ပဏီကြီးတွေဟာ ဘယ်သူတွေလဲလို့ ကြည့်တဲ့
အခါ နှစ်ပိုင်းတွေ့တယ်။ တပိုင်းက ဦးတေဇတို့လို၊ ဗိုလ်ချုပ်ရွှေမန်းသားတို့လို စီးပွား
ရေးလုပ်နေတဲ့ ကုမ္ပဏီတွေကို သွားတွေ့တယ်။ ဒါတွေကိုလည်း ပိတ်ဆို့ခဲ့ပြီးပြီ။

"နောက်တခါ ဘိန်းရာဇာတွေပိုင်တဲ့ ကုမ္ပဏီတွေ၊ သူတို့က ပိုဆိုးတယ်။ ငွေမည်းတွေကို
ငွေဖြူလုပ်ပြီးတော့မှ ဒီငွေတွေနဲ့ စီးပွားရေးလုပ်တယ်၊ လုပ်လာပြီး ရတဲ့ဟာကို သူတို့
အင်အားအတွက် ချဲ့တယ်။ ပြည်သူလူထုအတွက် အကျိုးမရှိဘူး။ နအဖကို တဖက်က
ထောက်ပံ့နေတဲ့အတွက်ကြောင့် ဒါတွေကို ပိုထိရောက်လာအောင် Targeted
Sanctions နဲ့ သတ်သတ်မှတ်မှတ် ပိတ်ဆို့မှုဥပဒေကို ထပ်ထပ်ပြီး လုပ်တဲ့သဘောပါပဲ။"

ဝေရှုခန်းခေါင်းဆောင်တဲ့ UWSA ဝတပ်ဖွဲ့ဟာ မြန်မာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲ
ထားတဲ့ လက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်ပြီး သူတို့ရဲ့ စီးပွားရေးလုပ်ငန်းကြီးတွေဟာလည်း
မြန်မာနိုင်ငံအနှံ့အပြားမှာ စီးပွားရေးလုပ်ငန်း အမျိုးအစားပေါင်းများစွာကို လုပ်ကိုင်နေ
ကြတဲ့ ကုမ္ပဏီကြီးတွေ ဖြစ်ပါတယ်။ အထင်ရှားဆုံးကတော့ ဟုန်ပန်းနဲ့ တက်ခမ်းဆိုတဲ့
ကုမ္ပဏီကြီးတွေပါ။ အခုအရေးယူလိုက်တဲ့ စာရင်းထဲမှာ ဟုန်ပန်းကုမ္ပဏီရဲ့ လျှပ်စစ်
ကုန်ထုတ်လုပ်ငန်း၊ ကျောက်မျက်ရတနာလုပ်ငန်း၊ အထွေထွေကုန်သွယ်ရေးလုပ်ငန်း၊
မွေးမြူရေးနဲ့ရေလုပ်ငန်း၊ အထည်အလိပ်လုပ်ငန်း၊ သတ္တုတူးဖော်ရေးလုပ်ငန်းတွေ၊
တက်ခမ်းကုမ္ပဏီရဲ့ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ ကျောက်မျက်ရတနာလုပ်ငန်းတွေအပြင်
Yangon Airways လေကြောင်းလိုင်းလည်း ပါဝင်ပါတယ်။

ဒီစီးပွားရေးလုပ်ငန်းတွေဟာ ပြည်သူလူထုအတွက် အကျိုးမဖြစ်ထွန်းစေဘဲ သူတို့
ကိုယ်တိုင်နဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေရဲ့ ကိုယ်ကျိုးစီးပွားပဲ ဖြစ်ထွန်းနေတာကြောင့်
အခုလို ဒဏ်ခတ်အရေးယူတာဟာ လုပ်သင့်လုပ်ထိုက်ပါတယ်လို့ ဦးစိန်ဌေးက သုံးသပ်
ပါတယ်။

"ဥပမာပြောရင် တက်ခမ်းတို့လို ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံ စီးပွားရေးမှာ လုပ်ငန်း
အနေနဲ့ ပြန်ကြည့်ရင် သိသာအောင် တချက်ထောက်ပြချင်ပါတယ်။ တက်ခမ်းကုမ္ပဏီ
ဟာ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာလည်း ရှိတယ်။ နေပြည်တော်ကြီး တည်ဆောက်
တာ အားလုံးသိတယ်၊ ပြည်သူလူထုအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေတယ်။ နအဖ
ဗိုလ်ချုပ်တွေရဲ့ နန်းတော်လိုဆောက်တာပဲ။ ဘာအကျိုးမှမပြုဘူး။ အကျိုးမပြုတဲ့အပြင်
ပြည်သူလူထုပိုင်တဲ့ ငွေတွေကို အလဟသ ဖြုန်းတီးနေတာ။

"အဲဒီလိုလုပ်ငန်းတွေမှာ တက်ခမ်းလို ကုမ္ပဏီတွေ၊ ဝေရှုခန်းတို့လို UWSA ပိုင်တဲ့
ကုမ္ပဏီတွေက ဗိုလ်ချုပ်တွေရဲ့ အကျိုးစီးပွားအတွက် ဆောက်လုပ်ပေးတယ်။ တဖက်က
ကျနော်တို့ပြည်သူတွေရဲ့ အခွန်ငွေနဲ့ ရလာတဲ့ပိုက်ဆံတွေကို သူတို့ကို မျှပေးနေရတာ
ဖြစ်တဲ့အတွက်ကြောင့် ဒါတွေဟာ အကျိုးမရှိဘူး။ ဒါကြောင့် ဒီလိုပိတ်တာဆို့တာဟာ
တိုင်းပြည် ပြည်သူလူထုအကျိုးကို ကာကွယ်တာဖြစ်တဲ့အတွက် အလွန်အင်မတန်
သမာသမတ်ဖြစ်တဲ့၊ လုပ်သင့်လုပ်ထိုက်တဲ့လုပ်ငန်း ဖြစ်တဲ့အတွက် ကျနော်တို့က
ကြိုဆိုပါတယ်။"

မြန်မာ့ရန်ပုံငွေအဖွဲ့က စီးပွားရေးပညာရှင် ဦးစိန်ဌေး ပြောပြသွားတာ ဖြစ်ပါတယ်။

UWSA ခေါင်းဆောင် ဝေရှုခန်းနဲ့အတူ ဒဏ်ခတ်အရေးယူတဲ့ထဲမှာ သူနဲ့ညီအစ်ကို
တော်စပ်သူတွေဖြစ်တဲ့ ဝေရှုလွန်းနဲ့ ဝေရှုယွမ်၊ ပေါက်ညီအစ်ကိုတွေလို့ ဖော်ပြထားတဲ့
ပေါက်ယူဆန်း၊ ပေါက်ဟွာချန်း၊ ပေါက်ယုယီနဲ့ ပေါက်ယူလယန်တို့လည်း ပါဝင်ပြီး
သူတို့တွေအားလုံးကို ဓာတ်ပုံတွေနဲ့တကွ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက
ထုတ်ပြန်ကြေညာထားပါတယ်။

ဝေရှုခန်းကိုတော့ အမေရိကန်ပြည်ထောင်စုက ဖမ်းဝရမ်းထုတ်ထားပြီး သူ့ကိုဖမ်းဆီး
မိနိုင်ဖို့ သတင်းပေးသူကို ဆုငွေ အမေရိကန် ဒေါ်လာ ၂,၀၀၀,၀၀၀ ချီးမြှင့်မယ်လို့
ကြေညာထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG