သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မင်းကိုနိုင်နှင့် ကျောင်းသား ခေါင်းဆောင်များကို နိုင်ငံ အစွန်အဖျား ထောင်များသို့ ပြောင်းရွှေ့


၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို သွားရခက်ခဲလှတဲ့ အကျဉ်းထောင်တွေဆီကို ပို့နေပါတယ်။ မကြာခင်တုန်းကမှ ထောင်ဒဏ် ၆၅နှစ်ဆီ ချခံထား ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ် စတဲ့ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ အပါအဝင် အခုချိန်အထိ သိရသလောက် အယောက် ၂၀ကျော်ကို နိုင်ငံ အစွန်အဖျားမှာ ရှိတဲ့ ကျိုင်းတုံ၊ ကော့သောင်း၊ ဗူးသီးထောင်စတဲ့ နယ်အကျဉ်းထောင်တွေဆီကို ပြောင်းရွှေ့ ပို့နေတာပါ။ ကော့သောင်း အကျဉ်းထောင်ကို အပို့ခံနေရတဲ့ ကျောင်းသားခေါင်းဆောင် ကိုပြုံးချိုရဲ့ ဖခင် ဦးဝင်မောင်က အခုလို ပြောင်းနေတာနဲ့ ပတ်သက်ပြီး အခုလို ပြောပြပါတယ်။

“မင်းကိုနိုင်နဲ့ ကိုကိုကြီးက ကျိုင်းတုံ၊ ကိုဌေးကြွယ်က ဗူးသီးထောင်၊ ကိုလှမျိုးနောင်က မြစ်ကြီးနား၊ ကိုမြအေးတို့က လွိုင်ကော်။ အားလုံးပေါင်း ၂၁ယောက်လို့ ပြောတယ်။ ဒီမှာ ကိုသစ်ဆန်းတို့လည်း ပါတယ်ကြားတယ်။ နေရာအနှံ့ပို့တာပဲ။ သူတို့ကို ထပ်ပြီး ခွဲမခွဲတော့ မသိဘူး။ အမျိုးသမီးတွေထဲမှာ စုစုနွေး တယောက်ပဲ ပါတယ် ကြားတယ်။”

အခုလို မိသားစုတွေ လက်လှမ်း မမှီနိုင်တဲ့ နယ်စွန်နယ်ဖျားက အကျဉ်းထောင်တွေကို ပို့လိုက်တဲ့အတွက် မိသားစုတွေ ထောင်ဝင်စာတွေ့နိုင်ဖို့ ခက်ခဲသွားပြီး ထောင်ကျနေသူတွေရဲ့ ကျန်းမာရေး အတွက် စိုးရိမ်ပူပန်တယ်လို့ ဦးဝင်မောင်က ပြောပါတယ်။

“ကျွန်တော်တို့ကတော့ ပိုပြီးတော့ အခက်အခဲ ဖြစ်လိမ့်မယ်လို့ ထင်တယ်။ အခုချိန်မှာ သွားရလာရတာက ရာသီဥတု အနေအထားအရ၊ အသက်အရွယ်အရ တော်တော်လေး ပင်ပန်းဆင်းရဲရမယ့် သဘောရှိတယ်။ မိသားစုအနေနဲ့က ပို ဒုက္ခ များသွားရတာပေါ့။ အလုပ်ပျက် သွားတာပေါ့။ သူတို့ကို ကျန်းမာရေးအတွက်ပဲ စိုးရိမ်တာပါ။ အခုဟာက ရာသီဥတု မမှန်ရင် ကျန်းမာရေး ထိခိုက်မှာ စိုးရတယ်။ ဆေးဝါး ကုသမှုလည်း မလွယ်တဲ့ နေရာတွေ ဖြစ်ဖို့များတယ်။ အဲဒါကြောင့် ကျွန်တော်တို့ စိုးရိမ်ပါတယ်။ စိတ်လည်း ပူပါတယ်။ သွားရတဲ့သူတွေအတွက်လည်း လမ်းပန်း ဆက်သွယ်ရေးက မလွယ်ကူတော့ ကျွန်တော်တို့ ကျန်းမာရေးပါ ထိခိုက်လာတယ်။

ပြီးခဲ့တဲ့ ၂၀၀၇ သြဂုတ်လထဲက ဖမ်းခံထားရပြီးတော့ မကြာခင် ရက်ပိုင်းတွေကမှ နှစ်ရှည် ထောင်ဒဏ်တွေ အချခံလိုက်ရတဲ့ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေကို အခုလို ထပ်ပြီးတော့ နိုင်ငံ အစွန်အဖျားမှာ ရှိတဲ့ ထောင်တွေ ပြောင်းနေတဲ့ အပေါ်မှာ ဖခင် တယောက်ရဲ့ ခံစားချက်ကိုလည်း ဦးဝင်မောင် က အခုလို ပြောပါတယ်။

“မတရား အမိန့်တွေ ချမှတ်ပြီး ထင်သလို လုပ်နေတာကို ကျွန်တော်တို့က ဘယ်လိုမှ လက်မခံနိုင်ပါဘူး။ ပြီးတော့ သူတို့မှာ ပြောရလောက်မယ့် အပြစ်လည်း ဘာမှ မရှိဘဲနဲ့ ဒီလို မညှာမတာ လုပ်တာတွေက သားသမီးချင်း ကိုယ်ချင်းစာဖို့ ကောင်းပါပြီလို့ ပြောချင်ပါတယ်။ ”

အခုလို ရန်ကုန် အင်းစိန် အကျဉ်းထောင်မှာ ဖမ်းခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ဝေးလှတဲ့ နယ်ထောင်တွေဆီကို ပိုနေသလိုပဲ သူတို့ အမှုတွေကို လိုက်ပေးနေတဲ့ တရားရုံးကို မထီမဲ့မြင် လုပ်တယ်ဆိုပြီး ထောင်ဒဏ်လေးလ ချခံထားရတဲ့ တရားရုံးချုပ် ရှေ့နေကြီး ဦးအောင်သိန်းနဲ့ ဦးခင်မောင်ရှိန်တို့ကိုလည်း ပုသိမ်နဲ့ မြောင်းမြထောင်တွေဆီကို ပို့လိုက်ပါတယ်။ သူတို့ ထောင်ပြောင်းတာကိုတော့ ကိုယ်တိုင် တွေ့လိုက်ရတဲ့ နိုင်ငံရေး အကျဉ်းသား တယောက်ရဲ့ မိခင်က အခုလို ပြောပြပါတယ်။

“ရှေ့နေကြီး ဦးအောင်သိန်းကို ပုသိမ်၊ ဦးခင်မောင်ရှိန်ကို မြောင်းမြကို ပို့လိုက်တာကို အန်တီမျက်စိနဲ့ မြင်လိုက်ရတယ်။ ညနေ သုံးနာရီမှာ တီအီး ၁၁လို ကားမျိုး၊ အစိမ်းရောင်၊ လုံခြုံရေးတွေ၊ ရဲတွေရောပါတဲ့ ကားပေါ်မှာ ဆရာတို့က ကားထဲကနေ ပုသိမ်ကို မြောင်းမြကို ဆိုပြီး အသံပြုသွားတယ်။”


အခုလို မိသားစုတွေနဲ့ ဝေးတဲ့ ထောင်တွေဆီကို ပို့နေတဲ့အတွက် မိသားစုတွေ ကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ ထောင်အကူးအပြောင်းမှာ အကျဉ်းသားတွေအတွက် ဘယ်လောက် အခက်အခဲ ဒုက္ခတွေ များသလဲဆိုတာကို အကျဉ်းသား မိခင်က ဆက်ပြီး ပြောပြပါတယ်။

ကိုလှမျိုးနောင်နဲ့ ကိုအောင်သူက မအူပင်ကနေပြီး အင်းစိန်ထောင်ကို ရောက်ရောက်ချင်း ထောင်တွင်းဆေးရုံ တင်လိုက်ရတယ်။ အခုတခါ မနက်အစောကြီး၊ ကိုအောင်သူက ပူတာအို၊ ကိုလှမျိုးနောင်က မြစ်ကြီးနားဆိုပြီး ပို့တယ်။ အခက်အခဲက အများကြီးပေါ့၊ လမ်းပန်းဆက်သွယ်ရေး အဆင်မပြေတာ၊ သွားရတဲ့ အခါ တည်းခိုစရာ၊ သွားရတာ အချိန်ကြာတာ၊ လေယာဉ်ဆိပ် မရှိတဲ့နေရာတွေဆို ကားလမ်းခရီးကလည်း မပေါက်တော့ သွားရတာ ခက်ခဲပါတယ်။ မစဉ်းစားရဲလောက်အောင် ခက်ခဲ့ပါတယ်။

အခုလို နိုင်ငံရေး အကျဉ်းသားတွေကို နယ်ထောင်တွေ ပြောင်းရွေ့နေတာကို မိသားစုတွေကို သက်ဆိုင်ရာက ကြိုတင် အကြောင်းကြားချင်း မရှိတဲ့အတွက်ကြောင့် မိသားစုတွေမှာ ဘယ်ကို လိုက်လို့ လိုက်ရမှန်းမသိဖြစ်နေကြပါတယ်။
ဒါနဲ့ပတ်သက်ပြီး မန္တလေးထောင်ကို အပြောင်းခံလိုက်ရတဲ့ ကဗျာဆရာ ကိုစောဝေရဲ့ ဇနီး မနန်းစန်းစန်းအေးက ပြောပြပါတယ်။

“သူဘယ်ထောင်ကို ပြောင်းလို့ ပြောင်းရမှန်း မသိ၊ သူနဲ့ အတူတူ ဘယ်နှစ်ယောက်ပါသွားမှန်း သေသေချာချာကို သတင်းမရသေးဘူး။ သူထွက်သွားပြီ၊ သူနဲ့ အတူ ၁၃ယောက်ပါသွားတယ်လို့တော့ ပြောတယ်။ ကြာသာပတေးနေ့က နောက်ဆုံးတွေ့လိုက်ရတော့ သူက ထောင်ပြောင်းရမယ်ဆိုရင် ဘာမှ မသိရဘူး။ သိမ်းတော့ သိမ်းတော့ ဆိုပြီး ချက်ခြင်းထွက်ရတာတဲ့ အဲဒီတော့ ကျမကို ထောင်ပြောင်းတယ်ဆိုပြီး သွေးရူး သွေးတန်း မလိုက်လာဖို့၊ အကြောင်း ကြားမယ်ဆိုတာမျိုးဆိုတဲ့ စကား အခံလေးရှိတော့ တော်သေးတယ်။ သူတို့လည်း ဒုက္ခရောက်တယ်။ ကျမတို့လည်း ဒုက္ခရောက်တယ်။ ဒီနေ့ဆို တနေ့လုံး သူဘယ်ကို ရောက်မှာလည်း သူဘယ်ကို ရောက်နေတာလဲဆိုပြီး ပူရတာပေါ့။ ခက်ဝေးဝေးပဲ ရောက်မလား၊ ခက်နီးနီးပဲ ရောက်မလား။ ဘယ်လိုလိုက်သွားရမလဲဆိုတာကို ပဲ စဉ်းစားနေရတယ်။ ကျမလိုပဲ သူများတွေ ဒီလိုပဲ ထင်တယ်။”

အခုလို ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ နိုင်ငံရေးပုဒ်မနဲ့ ထောင်အချခံနေရသူတွေကို မိသားစုနဲ့ ဝေးလှတဲ့ ထောင်တွေဆီကို ပို့နေတာ အစိုးရက တမင်အကွက်ချ စီစဉ်နေတာ ဖြစ်နိုင်တယ်လို့ နိုင်ငံရေး အကဲခတ်တွေက သုံးသပ်နေကြပါတယ်။


ဆက်စပ်သတင်းများ ...

XS
SM
MD
LG