သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအရေးအပေါ် အာဆီယံ နှုတ်ဆိတ်နေမှု အတိုက်အခံ ဝေဖန်


မြန်မာနိုင်ငံတွင်းမှာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ လူ့အခွင့်ရေးလှုပ်ရှားသူတွေကို နှစ်ရှည်ထောင်ဒဏ်တွေချမှတ် အပြစ်ပေးနေသလို မိသားစုတွေနဲ့ ဝေးလန်လွန်းလှတဲ့ နယ်ထောင်တွေကိူ ပို့နေတဲ့ ကိစ္စတွေပေါ် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲအစည်းတွေ က ဒီလို အခြေအနေတွေပေါ် စိုးရိမ်မိတဲ့အကြောင်း အတော်လေး ဝေဖန် ပြောဆို နေကြပါတယ်။

ဒါပေမယ့် အာစီယံအဖွဲ့ ကြီးအနေနဲ့ အခုကိစ္စတွေနဲ့ ပတ်သက်ပြီး ခုချိန်ထိ ဘာမှ ပြောဆို ထုတ်ပြန်ခြင်း မရှိသေးတဲ့အတွက် ပြည်ပအခြေစိုက် NCGUB ခေါ်တဲ့ အမျိုးသား ညွှန်ပေါင်းအစိုးရက အာစီယ ံအသင်းကြီးအနေနဲ့ လက်ရှိအခြေအနေပေါ် သုံးသပ်ရင်း မြန်မာစစ်အစိုးရပေါ် အရေးယူမှုတွေ လုပ်သင့်တယ်လို့ ကြေငြာချက်တစ်စောင် ထုတ်ပြန်ပါတယ်။

အာစီယံရဲ့ ပဋိညာဉ်ထဲမှာ အဖွဲ့ဝင် နိုင်ငံတွေမှာ ဒေသတွင်း ပြည်သူတွေရဲ့ လူ့ခွင့်ရေးဆိုင်ရာ ကိစ္စတွေ တိုးတက်ဖို့ တိုးတက်တဲ့ လူ့အခွင့်ရေး ယန္တယားတရပ် တည်ဆောက်ပေးဖို့ဆိုတဲ့ အချက်တွေပါဝင်ပါလျက်နဲ့ အခုလို မြန်မာနိုင်ငံတွင်း လူအခွင့်ရေး ချိုးဖောက်မှုတွေနဲ့ တရားစီရင်ရေး ယန္တယားပျက်နေတဲ့အပေါ် အရေ.းယူဆောင်ရွက်ပေးသင့်တယ်လို့ NCGUB အဖွဲ့က ကုလသမဂ္ဂရေးရာ တာဝန်ခံ ဒေါက်တာ သောင်းထွန်းက ပြောပါတယ်။

“ဒီနေ့ ဗမာနိုင်ငံမှာ အခုလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ အာစီယံရဲ့ စံနှုန်းနဲ့ ယှဉ်ရင်တောင်မှ ဘယ်လိုမှ လက်ခံနိုင်စရာမရှိတဲ့ အခြေအနေမှာ အာစီယံက အခုလို ရေငုံ နုတ်ပိတ်နေခြင်းဟာ အဖွဲ့အတွက် ဂုဏ်သိက္ခာကျတယ်။ အာစီယံ ခေါင်းဆောင်တွေကလည်း လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အခုလိုမျိုး လူသိရှင်ကြား ပြောထားတာတွေ ရှိပေမယ့် လက်တွေ့အကောင်အထည် ဖော်ရာမှာ အားနည်းနေတယ်လို့ ပြနေတယ်။ အခုလို အစိုးတရပ်ဟာ ဥပဒေရဲ့ အထက်မှာ ရှိနေတာတွေ၊ ရှေ့နေကိုတောင်မှ ထောင်ချနိုင်တာတွေဟာ တခြား အာစီယံနိုင်ငံတွေမှာ ဒီနေ့ကာလမှာ ရှာကြည့်ရင် မတွေ့ရပါဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့ လာမယ့် ထိုင်းနိုင်ငံမှာ ကျင်းပမယ့် အာစီယံ ထိပ်သီး အစည်းအဝေးမှာ ဒီကိစ္စကို အရေးယူမှုလုပ်ချင်တယ်လို့ တင်ပြထားပါတယ်။”

မြန်မာစစ်အစိုးရဟာ ကုန်သွယ်ရေးဆိုင်ရာကိစ္စတွေနဲ့ အာစီယံအဖွဲ့ဝင် နိုင်ငံတွေနဲ့ အားကိုးအားထားပြုဆက်ဆံနေရတာ ဖြစ်ပြီး မြန်မာ့အရေးပေါ် ပြောင်းလဲတိုးတက်လာအောင် အာစီယံအဖွဲ့ကြီးက လုပ်ဆောင်ပေးနိုင်တဲ့ အချက်တွေ ရှိပါတယ်လို့ ဒေါက်တာ သောင်းထွန်းက ဆက်ပြောပါတယ်။

“ဘာကြောင့်လဲဆိုတော့ အာစီယံ အဖွဲ့ဝင်တွေဟာ ဗမာနိုင်ငံရဲ့ ကုန်သွယ်ဘက်တွေပါ။ နအဖစစ်အစိုးရအနေနဲ့ အာစီယံနိုင်ငံတွေနဲ့ လုပ်နေတဲ့ ကုန်သွယ်မှုတွေက ငွေမရဘဲနဲ့ မရပ်တည်နိုင်ပါဘူး။ ကိုယ့်ရဲ့ ယုံကြည်မှုကြောင့် ထောင်ချခံရတာဟာ ဒေသတွင်းမှာ ရှိတဲ့ နအဖကို ငွေကြေးအရ ပံ့ပိုးနေတဲ့ ကုမ္ပဏီတွေနဲ့ အစိုးရတွေမှာ တစိတ်တပိုင်း တာဝန်ရှိပါတယ်။”

ကုလသမဂအဖွဲ့ကြီး အပါအဝင် မြန်မာ့အရေး အားပေးတိုက်တွန်းနေတဲ့ နိုင်ငံတကာအဖွဲ့တွေရဲ့ တောင်းဆိုချက်တွေကို မြန်မာ စစ်အစိုးရဘက်က အလေးအနက်ထား ဆောင်ရွက်တာ မရှိပါဘူး။ ဒါပေမယ့် နိုင်ငံတကာ အဖွဲ့အစည်းတွေ ဟာ ဟန်ချက်ညီညီနဲ့ တွန်းအားပေးရင်ဖြင့် တိုးတက်မယ့် ပြောင်းလဲမှုတရပ်ကို မြင်နိူင်ပါတယ်လို့ ပြောပါတယ်။

“နိုင်ငံတကာ အင်အားစုတွေဟာ တကယ့်ကို ဟန်ချက်ညီညီနဲ့ ဆောင်ရွက်မယ်ဆိုရင် တွန်းအားပေနိုင်တဲ့ အနေအထားတွေ ရှိပါတယ်။ ရေငုံနုတ်ပိတ်ပြီးတော့ မနေသင့်ပါဘူး။ ဗမာနိုင်ငံမှာ တကယ့် အမျိုးသား ပြန်လည် သင့်မြတ်ရေး မရခဲ့ဘူးဆိုရင် ၂၀၁၀ ရွေးကောက်ပွဲမှာ ဗမာနိုင်ငံမှာ ပိုပြီးတော့ ထိပ်တိုက်တွေ့မှုတွေနဲ့ အုံကြွမှုတွေကို ဖန်တီးပေမယ့် လမ်းကြောင်းပဲ ဖြစ်ပါတယ်။ အဲဒီ ပြဿနာတွေဟာ ဗမာနိုင်ငံတွင်းမှာ ရပ်သွားမှာ မဟုတ်ဘဲ နယ်စပ်ကို ဖြတ်ကျော်ပြီး သက်ရောက်မှုတွေ အများကြီးရှိမှာပါ။ အိမ်နီးချင်းနိုင်ငံတွေက ဒါတွေကို စဉ်းစားသင့်တယ်။ ကြောက်မယ်ထင်လို့ ခြောက်တာပါ။ ကျွန်တော်တို့ မကြောက်ဖို့လိုပါတယ်။ ဇွဲရှိဖို့ လိုပါတယ်။ အဲဒီလို လုပ်ကြမယ်ဆိုရင် အပြောင်းအလဲကို မျှော်လင့်လို့ရမယ်။ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်တွေ လွတ်လပ်တဲ့ လူသားအနေနဲ့ ဂုဏ်သိက္ခာရှိတဲ့ လူသားအနေနဲ့ ရှင်သန်နိုင်မယ်။”

ဒါကတော့ လက်ရှိမြန်မာနိုင်ငံတွင်းက အခြေအနေတွေပေါ် အာစီယံအဖွဲ့ကြီးအနေနဲ့ အမြန်ဆုံး အရေးယူဆောင်ရွက်ဖို့ ကိစ္စကို NCGUB အဖွဲ့က ကုလသမဂရေးရာတာဝန်ခံ ဒေါက်တာသောင်းထွန်းက ပြောပြခဲ့တာ ဖြစ်ပါတယ်၊

ဆက်စပ်သတင်းများ ...

XS
SM
MD
LG