သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရဲချုပ် ရာထူးကဖယ်ရှားခံရ


ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ အကြီးအကဲကို ထိုင်း ဝန်ကြီးချုပ်က ရာထူးက ဖယ်ရှားလိုက်ပါတယ်။ ဘန်ကောက်မြို့ အဓိက လေဆိပ်ကြီးနှစ်ကို ဆန္ဒပြသူတွေ သိမ်းထားတာနဲ့ ပတ်သက်ပြီး ဖြေရှင်းဖို့ ထိုင်းရဲတပ်ဖွဲ့ကို ထိုင်း ဝန်ကြီးချုပ် က အမိန့်ပေးခဲ့ပြီးတဲ့နောက် တရက်အကြာမှာ အခုလို ရဲချုပ်ကို ရာထူးက ဖယ်ရှားလိုက်တာပါ။

အခုလို ထိုင်းရဲချုပ် ကို ရာထူးက ဖယ်ရှားလိုက်တဲ့အကြောင်း ထိုင်း ဝန်ကြီးချုပ် ဆွန်ချိုင်း ဝမ်ဆာဝတ် (Somchai Wongsawat) ရဲ့ ကြေညာချက် ဟာ ဘန်ကောက် သုဝဏ္ဍဘူမိ နိုင်ငံတကာ လေဆိပ်ကို လုံထိန်းတပ်ဖွဲ့ဝင်တွေ မရောက်ခင် နာရီပိုင်းအလိုမှာ ထွက်ပေါ်ခဲ့တာပါ။

စောစောပိုင်းကတော့ ထိုင်း ရဲအရာရှိတွေက ဆန္ဒပြသူတွေနဲ့ စေ့စပ်ဆွေးနွေးနေတယ်လို့ ပြောပါတယ်။ သူတို့ ရည်ရွယ်ချက်က လေဆိပ်ကို သိမ်းထားတာတွေကို အကြမ်းဖက်မှု မရှိဘဲ အဆုံးသတ်အောင် လုပ်ဆောင်နိုင်ဖို့ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမယ့်လည်း ဆွေးနွေးလို့ မရရင် လိုအပ်သလို အရေးယူဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။

ဆန္ဒပြသူတွေကတော့ ထိုင်း ဝန်ကြီးချုပ် ရာထူးက မနုတ်ထွက်ဘူးဆိုရင် လေဆိပ်ကို သိမ်းထားတာက ဖယ်ပေးမှာ မဟုတ်ဘူးလို့ ပြောဆိုနေပါတယ်။

ထိုင်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ဆူနိုင်း ဖာဆွတ်ခ် (Sunai Paskuk) ကတော့ အာဏာပိုင်တွေနဲ့ ဆန္ဒပြခေါင်းဆောင်တွေအကြား သွေးထွက်သံယို မဖြစ်အောင် တိုးတက်မှုရှိလာအောင် ဆွေးနွေးကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဆန္ဒပြသူတွေနဲ့အတူ ကလေးငယ်တွေ ပါလာသူတွေလည်း ရှိတဲ့အတွက် သူတို့အတွက်လည်း ထပ်ပြီး စိုးရိမ်ရတယ်လို့ ဆူနိုင်းဖာဆွတ်ခ် က ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG