သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်သမား ဖော်ထုတ်ရေး နည်းမျိုးစုံသုံးရန် အိန္ဒိယအသင့်


အိန္ဒိယနဲ့ ပါကစ္စတန်တို့ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတင်းမာလာတာနဲ့အမျှ အမေရိကန်
ထိပ်တန်းအစိုးရကိုယ်စားလှယ်တွေက ပါကစ္စတန်ကို နိုင်ငံတကာရဲ့ အကြမ်းဖက်
တရားခံတွေ ရှာဖွေတဲ့ ကြိုးပမ်းမှုမှာ တက်တက်ကြွကြွပါဝင်ဖို့ တောင်းဆိုလိုက်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာ ရိုက်စ် (Condoleezza Rice) က အိန္ဒိယ
ဝန်ကြီးချုပ် မန်မိုဟန် ဆင်းဂ် (Manmohan Singh) နဲ့ တွေ့ဆုံပြီး အခုလို ကောက်ချက်
ချခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယအစိုးရကလည်း အကြမ်းဖက်မှုမှာ တာဝန်ရှိသူတွေဟာ
ပါကစ္စတန်က လာခဲ့ကြတာ ကျိန်းသေဖြစ်တာမို့ လိုအပ်ရင် စစ်ရေးပါမကျန် နည်းမျိုးစုံ
သုံး ဖြေရှင်းဖို့ အသင့်ပဲလို့ ပြောကြားလိုက်ပါတယ်။ နယူးဒေလီမြို့က ဗွီအိုအေသတင်း
ထောက် စတိဗ် ဟားမန်း (Steve Herman) ပေးပို့ထားတဲ့သတင်းကို နော်ရှိုးက တင်ပြ
ပေးထားပါတယ်။

အိန္ဒိယအစိုးရက မွမ်ဘိုင်းမြို့မှာ မကြုံစဖူး ရင်ဆိုင်
ခဲ့ရတဲ့ အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး အိမ်နီးချင်း
ပါကစ္စတန်နဲ့ အဖြေရှာတဲ့နေရာမှာ နည်းမျိုးစုံ
သုံးပြီး ဖြေရှင်းဖို့ အဆင်သင့်ဖြစ်တယ်လို့
ပြောလိုက်ပါတယ်။

မနေ့က နယူးဒေလီမြို့ကိုရောက်နေတဲ့ အမေရိ
ကန် နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာ ရိုက်စ်
နံဘေးမှာ ရပ်လျက် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး
ပရာနက်ဘ် မူခါဂျီ (Pranab Mukherjee) က
အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးအချက်အချာကျတဲ့
မွမ်ဘိုင်းမြို့ကို အကြမ်းဖက်တိုက်ခိုက်ခဲ့သူတွေဟာ
ပါကစ္စတန်ကနေလာပြီး အဲဒီမှာပဲ ပြင်ဆင်ခဲ့ကြ
တယ်ဆိုတာကတော့ သံသယရှင်းပါတယ်လို့
သတင်းထောက်တွေကို အခုလိုပြောပါတယ်။

"အိန္ဒိယအစိုးရအနေနဲ့ ကျနော်တို့ရဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် ပြတ်ပြတ်
သားသား ဆောင်ရွက်မှာဖြစ်ပြီး ကျနော်တို့နိုင်ငံသားအားလုံး ငြိမ်းချမ်းတဲ့ဘဝတွေ
ရရှိပိုင်ဆိုင်နိုင်ခွင့်အတွက်လည်း အားသွန်ခွန်စိုက် မဆုတ်မနစ် ကြိုးစားသွားမှာဖြစ်ပါ
တယ်။"

တကယ်လို့ အိန္ဒိယအနေနဲ့ ပါကစ္စတန်နယ်နိမိတ်တွင်းမှာရှိတဲ့ အကြမ်းဖက်သူတို့ရဲ့
အခြေခံအဆောက်အအုံတွေကို စစ်ရေးအရ တုံ့ပြန်ခဲ့မယ်ဆိုရင် အမေရိကန်က
ထောက်ခံမှာလားလို့ သတင်းထောက်တွေက မေးတဲ့အခါမှာတော့ နိုင်ငံခြားရေးဝန်ကြီး
ရိုက်စ်က ပါးနပ်စွာနဲ့ပဲ အခုလိုဖြေကြားခဲ့ပါတယ်။

"ဘယ်လိုတုံ့ပြန်မှုမျိုးမဆို အကြမ်းဖက်မှုကို တကယ်ပဲ ထိထိရောက်ရောက် ကာကွယ်
နိုင်ပါ့မလားဆိုတာနဲ့ မျှော်လင့်မထားတဲ့ အကျိုးဆက်တွေ၊ အခက်အခဲတွေကို ဖန်တီး
မိနေမလားဆိုတာကို သတိထားကြရမှာဖြစ်ပါတယ်။"

အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံစလုံးဟာ နျူကလီးယားလက်နက် ပိုင်ဆိုင်ထားကြတာ
ဖြစ်ပြီး တဖက်နဲ့တဖက် သုံးကြိမ်တိတိ စစ်မက်ဖြစ်ပွားခဲ့ဖူးပါတယ်။

အိန္ဒိယအစိုးရက မွမ်ဘိုင်းမြို့ကို အကြမ်းဖက်တိုက်ခိုက်ခဲ့သူ သေနတ်သမား ၁၀ ဦးဟာ
လက်ပစ်ဗုံးအပါအဝင် တခြား လက်နက်ခဲယမ်းအပြည့်နဲ့ ပါကစ္စတန်နိုင်ငံကနေ
ပင်လယ်ခရီးနဲ့ လာခဲ့ကြတာဖြစ်တယ်လို့ အပြစ်ဖို့နေပါတယ်။ နာရီပေါင်း ၆၀ ကြာ
အကြမ်းဖက်စီးနင်းခဲ့တဲ့ ဖြစ်ရပ်မှာ လူပေါင်း ၁၇၅ ဦး သေဆုံးခဲ့ပါတယ်။

အိန္ဒိယအစိုးရက ပါကစ္စတန်မှာရှိနေတဲ့ အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံသား အယောက် ၂၀
ကို အိန္ဒိယအစိုးရလက်ထဲကို အပ်နှင်းဖို့ တရားဝင်တောင်းဆိုထားတာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရိုက်စ်က ပါကစ္စတန်အနေနဲ့ မွမ်ဘိုင်းမြို့ အကြမ်း
ဖက်မှုကို ကျူးလွန်းသူ တရားခံတွေကို လိုက်လံရှာဖွေပြီး သူတို့ကို တရားဥပဒေ
ဘောင်တွင်းကို ရောက်လာဖို့အတွက် ပြည့်ပြည့်၀၀ ပူးပေါင်းဆောင်ရွက်မယ်လို့
မျှော်လင့်တယ်လို့ ပြောခဲ့ပါတယ်။ တဆက်ထဲမှာပဲ ပါကစ္စတန်အခြေစိုက် လက်ရှ်ကာ
အီး-တိုင်ယီးဘာ (Lashkar-e Tayyiba) လို့ အမည်ရတဲ့ အကြမ်းဖက်အုပ်စုတွေရဲ့
လက်ချက်ဖြစ်တယ်လို့ တတ်အပ်ပြောနိုင်ဖို့အတွက် စောလွန်းတယ်လို့ ဝန်ကြီး ရိုက်စ်
က ဆိုပါတယ်။

ဒီနေ့ ကြာသပတေးနေ့မှာ ဝန်ကြီးရိုက်စ်ဟာ ပါကစ္စတန်နိုင်ငံရဲ့မြို့တော် အစ္စလမ်မာ
ဘတ်ကို ခရီးဆက်မှာဖြစ်ပါတယ်။ တခြား အမေရိကန်က အထင်ကရ အစိုးရအရာရှိ
တွေဟာလည်း အိန္ဒိယနဲ့ ပါကစ္စတန် အစိုးရအရာရှိတွေနဲ့ တွေ့ဆုံစကားပြောဖို့ ဒေသ
တွင်းကို ရောက်ရှိနေကြပါတယ်။ အဲဒီထဲမှာ အမေရိကန် အထက်လွှတ်တော်အမတ်
၃ ဦးနဲ့ ရေတပ်ဗိုလ်ချုပ်ကြီး မိုက်ခ် မူလန် (Mike Mullen) တို့ ပါဝင်ပါတယ်။

ပါကစ္စတန်အစိုးရက မွမ်ဘိုင်းမြို့ အကြမ်းဖက်တိုက်ခိုက်မှုဟာ ပါကစ္စတန်အစိုးရနဲ့
ဘာမှ ပါဝင်ပတ်သက်မှု မရှိဘူးလို့ ငြင်းဆိုပြီး ဒါဟာ အစိုးရမဟုတ်တဲ့ အုပ်စုရဲ့လက်ချက်
သက်သက်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG