သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရကို အရေးယူဖို့ အာဆီယံကို အမေရိကန် သံအမတ်ကြီးတိုက်တွန်း


မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေကို နှစ်ရှည်ထောင်ဒဏ်တွေ ဆက်ပြီး ချမှတ်နေတာတွေ နဲ့ပတ်သက်ပြီး အာဆီယံ အရှေ့တောင်အာရှနိုင်ငံများ အသင်းကြီးက ပဋိဉာဉ်စာတမ်းပါ အချက်တွေအရ တိတိကျကျ အရေးယူဖို့ အမေရိကန် ပြည်ထောင်စုရဲ့ အာဆီယံ ဆိုင်ရာ အထူး သံအမတ်ကြီးဖြစ်တဲ့ အမေရိကန် ဒုတိယ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး စကော့ မာရှယ် (Scott Marciel) က တိုက်တွန်း လိုက်ပါတယ်။

အာဆီယံနဲ့ အမေရိကန် ပြည်ထောင်စုအကြား ဆက်ဆံရေးတွေ တိုးမြင့် လုပ်ဆောင်လာနိုင်နေပေမယ့် မြန်မာစစ်အစိုးရရဲ့ အခုလို မတရား ဖမ်းဆီး ချုပ်နှောင်မှုတွေနဲ့ တခြား လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ခရီးက ထင်သလောက် မပေါက်ပဲ ဖြစ်နေတယ်လို့လည်း ပြောဆိုပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တနှစ် ၂ ကြိမ် တွေ့ဆုံ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်တွေကို အလွတ်သဘော ဆွေးနွေးဖို့ စင်ကာပူနိုင်ငံကို ရောက်နေတုန်း စင်ကာပူသတင်းစာ The Straits Times နဲ့ မေးမြန်းခန်းမှာ စကော့ မာရှယ် က အခုလို ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံမှာ ဆိုင်ကလုန်း နာဂစ် တိုက်ခတ်ခဲ့စဉ်တုန်းကလည်း အမေရိကန် ပြည်ထောင်စုဟာ မုန်တိုင်း ဒုက္ခသည်တွေကို ကူညီဖို့အတွက် အာဆီယံအဖွဲ့ နဲ့ နီးနီးကပ်ကပ် ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး အခုချိန်ထိ အမေရိကန် ဒေါ်လာသန်း ၅၀ ကျော် ကူညီ ထောက်ပံ့ပြီးဖြစ်တယ်လို့ အာဆီယံအဖွဲ့အနေနဲ့ မြန်မာစစ်အစိုးရက အတိုက်အခံတွေအပေါ် အခုနောက်ဆုံး ပြုလုပ်ခဲ့တဲ့ နိုင်ငံရေးအရ ဖိနှိပ် ချုပ်ချယ်မှုတွေအပေါ် ဘာတခုမှ ပြောဆို လုပ်ဆောင်ခြင်းမရှိတဲ့ အပေါ်မှာလည်း အမေရိကန် ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီးက ထောက်ပြ ဝေဖန်ထားပါတယ်။

အာဆီယံ စစ်အစိုးရအပေါ် သိသိသာသာ ဝေဖန် ပြောဆိုခြင်းမရှိပေမယ့်လည်း AIPMC မြန်မာ့အရေး လှုပ်ရှားဆောင်ရွက် နေတဲ့ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့က အတွင်းရေးမှူး ရိုဆင်န် ဂျေဆန် (Roshan Jason) ကတော့ -

“စစ်အစိုးရက အခုလို အတိုက်အခံအင်အားစုတွေကို မတရားသဖြင့် ထောင်ဒဏ် နှစ်ရှည်တွေ ချမှတ် အပြစ်ပေးနေတာကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက တစုံတရာ ပြောဆိုခြင်းမလုပ်တာဟာ မကြာခင်ကမှ သဘောတူလိုက်ကြတဲ့ အာဆီယံ ပဋိဉာဉ်စာတမ်းကို ချိုးဖောက်ရာရောက်ပါတယ်။”

ဒါပေမယ့် ဒီကိစ္စကို အာဆီယံ ထိပ်သီးစည်းဝေးပွဲမှာ မဆွေးနွေးနိုင်ခင် နိုင်ငံခြားရေးဝန်ကြီးအဆင့် စည်းဝေးပွဲမှာ ထည့်သွင်း ဆွေးနွေးသင့်တဲ့အကြောင်း ရိုဆင်န် ဂျေဆန် က အခုလို ဆက်ပြောပါတယ်။

“ဒီကိစ္စကို လာမယ့် အာဆီယံ ထိပ်သီးစည်းဝေးပွဲမှာ ဆွေးနွေးကြလိမ့်မယ်လို့ ကျနော် ထင်ပါတယ်။ အဲဒီ ထိပ်သီးစည်းဝေးပွဲကို လောလောဆယ်မှာ ရက်ရွေ့ဆိုင်းထားပေမယ့်လည်း နိုင်ငံခြားရေး ဝန်ကြီးအဆင့် စည်းဝေးပွဲကိုတော့ ဂျကာတာ မှာ လုပ်ကြလိမ့်မယ်လို့ ပြောဆိုနေကြပါတယ်။ အဲဒီ စည်းဝေးပွဲကို အခွင့်ကောင်းယူပြီး မြန်မာစစ်အစိုးရက အခုလို ထောင်ဒဏ် နှစ်ရှည်တွေ ချမှတ် အပြစ်ပေးနေတဲ့ ကိစ္စနဲ့ပတ်သက်လို့ အာဆီယံအဖွဲ့ဟာ လူ့အခွင့်အရေးဆိုင်ရာ စံချိန် စံညွန်းတွေကို လေးစားလိုက်နာပါတယ်ဆိုတာကို ပြသဖို့ တိတိပပ လုပ်ကိုင် ပြောဆိုသင့်ပါတယ်။”

ထိုင်းနိုင်ငံမှာကျင်းပမယ့် အာဆီယံ ထိပ်သီး စည်းဝေးပွဲအတွင်း အဲဒီ အာဆီယံ ပဋိဉာဉ်စာတမ်းကို လက်မှတ် ရေးထိုးကြဖို့ ရှိပေမယ့်လည်း ထိုင်းနိုင်ငံရဲ့ ပြည်တွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ဒီစည်းဝေးပွဲကို လောလောဆယ်မှာ ရက် ရွေ့ဆိုင်းထားရပါတယ်။

အမေရိကန် ဒုတိယ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး စကော့ မာရှယ် ကတော့ မြန်မာနိုင်ငံအရေးက အာဆီယံနဲ့ အမေရိကန်ဆက်ဆံရေးမှာ ကြားခံဖြစ်နေပေမယ့်လည်း သမ္မတ ဘားရက် အိုဘားမား (Barak Obama) လက်ထက်မှာ အမေရိကန်အစိုးရရဲ့ ပေါ်လစီဟာ လက်ရှိအခြေအနေတိုင်းပဲ ဆက်ရှိသွားမယ်လို့ ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG