သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေးအကျပ်အတည်း ကျော်လွှားရေး အာရှကျား သုံးနိုင်ငံဆွေးနွေး


အရှေ့အာရှ ဒေသ က အင်အားကြီး စီးပွားရေးပိုင်ရှင် နိုင်ငံအစိုးရတွေက ကမ္ဘာ့စီးပွားရေး ယိုယွင်းမှု အခြေအနေကို ပြန် အသက်သွင်းဖို့ ကူညီကြမယ်လို့ ကတိပြုသွားကြပါတယ်။ အရင်တခါမှ မပြုလုပ်ဖူးတဲ့ ထိပ်သီး ဆွေးနွေးပွဲတခုကို ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ကျင်းပခဲ့ပြီးတော့ တရုတ်၊ ဂျပန် နဲ့ တောင်ကိုရီးယားခေါင်းဆောင်တွေက ဒီလိုကတိကို ရဲရဲကြီး ပေးသွားကြတာ ဖြစ်ပါတယ်။

ကုန်သွယ်ရေး အရံအတားသစ်တွေ ပြုလုပ်တာမျိုး၊ တခြားနိုင်ငံတွေက စီးပွားရေးကို ထိခိုက်စေခဲ့တဲ့ အမှားမျိုးကို ရှောင်ကြဉ်နိုင်အောင် အချင်းချင်း ကူညီကြမယ်၊ ကုန်ထုတ်လုပ်မှုအပိုင်းကို မြှင့်တင်ဖို့ လက်တွဲလုပ်ဆောင်ကြမယ်လို့ ခေါင်းဆောင်တွေ က ပြောသွားပါတယ်။ ဒေသတွင်း စီးပွားရေးတည်ငြိမ်မှုရှိအောင် လုပ်ဆောင်ဖို့ ဒေါ်လာ သန်း ၈၀,၀၀၀ သုံးစွဲမယ့် အစီအစဉ် ကို အကောင်အထည်ဖော်မယ့် အာရှဖွံ့ဖြိုးရေး ဘဏ်ကိုလည်း ငွေ ပိုပေးမယ်လို့ ဂျပန်ဝန်ကြီးချုပ် တာရို အဆို (Taro Aso)၊ တရုတ်ဝန်ကြီးချုပ် ဝမ် ကျားပေါင် (Wen Jiabao) နဲ့ တောင်ကိုရီးယားသမ္မတ လီမျောင်ဘက် (Lee Myung-Bak) တို့က ပြောသွားပါတယ်။

တရုတ်သမ္မတ ဝမ် က - လက်ရှိကြုံနေရတဲ့ ဘဏ္ဍာရေး အကျပ်အတည်း မပြီးဆုံးသေးပါဘူး။ ကမ္ဘာ့စီးပွားရေးကို အရှိန်ပြင်းပြင်း ရိုက်ခတ်တုန်းပါပဲ - လို့ ပြောသွားပါတယ်။

သူတို့နိုင်ငံ သုံးနိုင်ငံဟာ အာရှဒေသရဲ့ စီးပွားရေးအရ အဓိက နိုင်ငံတွေသုံးနိုင်ငံတွေ ဖြစ်သလို ကမ္ဘာ့အတွက်လည်း အရေးကြီးလို့ ဒီလိုမျိုး ရာစုနှစ်တခုမှာတခါ ကြုံရတဲ့အကျပ်အတည်းကို ဖြေရှင်းဖို့ ကြိုးစားကြရမယ်လို့ ပြောသွားတာ ဖြစ်ပါတယ်။ ဒီသုံးနိုင်ငံက အရှေ့အာရှ စီးပွားရေးရဲ့ ၇၅ % လောက်ကို ပိုင်ဆိုင်ထားပြီးတော့ ကမ္ဘာ့စီးပွားရေးရလဒ်ရဲ့ ၁၇ % လောက်နဲ့ သက်ဆိုင်ပါတယ်။ သူတို့ သုံးနိုင်ငံဟာ နှစ်စဉ် သုံးနိုင်ငံ ထိပ်သီးဆွေးနွေးပွဲ ကျင်းပဖို့ အစီအစဉ်ရှိတယ်လို့လည်း ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG