သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ထောက်လှမ်းရေး  ဂြိုဟ်တုဟောင်း အာကာသထဲ ပစ်ချ


အမေရိကန်ပြည်ထောင်စုက လွှတ်တင်ထား
တဲ့ ဂြိုဟ်တုတလုံးဟာ ကမ္ဘာမြေပြင်ကနေ ထိန်းသိမ်းပဲ့ကိုင်လို့မရတော့ဘဲ အာကာသ
ထဲက ကမ္ဘာပတ်လမ်းကြောင်းအတိုင်း ပြန်လည်ဆင်းသက်လာနေပါတယ်။ ဒီဂြိုဟ်
တုရဲ့ လောင်စာဆီတိုင်ကီဟာ ဓာတုဗေဒ အဆိပ်အတောက်တွေ ပါရှိနေတဲ့အတွက်
မနေ့က ဒီဂြိုဟ်တုကို ပစိဖိတ်သမုဒ္ဒရာထဲက
အမေရိကန် ရေတပ်သင်္ဘောတစင်းပေါ်က
နေ ရေပြင်က ဝေဟင်ပစ်ဒုံးကျည်တစင်းနဲ့
ပစ်ချနိုင်ခဲ့ပါတယ်။ ဗွီအိုအေသတင်းထောက် မိုက်အိုဆူလီဗန် (Mike O'Sullivan)
လော့စ်အိန်ဂျလိစ်မြို့က သတင်းပေးပို့ထားတာကို ကိုရော်နီငြိမ်းက တင်ပြပေးထားပါ
တယ်။

ဒီဂြိုဟ်တုရဲ့ လောင်စာဆီတိုင်ကီ ကမ္ဘာမြေပြင်ပေါ် ပြန်ကျလာရင် ဓာတုဗေဒ အဆိပ် အတောက်တွေဟာ အန္တရာယ်ရှိနေတဲ့အတွက် ထိန်းသိမ်းလို့မရတော့တဲ့ ဒီဂြိုဟ်တုကို အမေရိကန်ရေတပ်ကနေပစ်ချဖို့ သမ္မတဘုရှ်က ပြီးခဲ့တဲ့သီတင်းပတ်က အမိန့်ပေးခဲ့
တာပါ။

အမေရိကန်ရေတပ်ဟာ ဒီဂြိုဟ်တုကိုပစ်ချဖို့ ရေပြင်က ဝေဟင်ပစ် ဒုံးကျည်သုံးစင်းကို ပြင်ဆင်ထားခဲ့ပြီး ပထမဆုံးပစ်လိုက်တဲ့ ဒုံးကျည်နဲ့ပဲ ဒီကနေ့မနက် မြန်မာစံတော်ချိန်
၁၀ နာရီလောက်မှာ ဒီဂြိုဟ်တုကို ထိမှန်အောင် ပစ်ချနိုင်ခဲ့တာပါ။ ရေပြင်၊ ဝေဟင်နဲ့
အာကာသထဲက အမေရိကန်စစ်တပ်ရဲ့ ကြားဖြတ်စောင့်ကြည့်မှု စနစ်တွေကနေ
ဒီပစ်ချမှုဟာ ဂြိုဟ်တုကို အောင်မြင်စွာ ထိမှန်ခဲ့တယ်လို့ အတည်ပြုခဲ့ကြတဲ့အကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ဆိုပါတယ်။

National Reconnaissance Office satellite လို့ခေါ်တဲ့ ဒီဂြိုဟ်တုကို လွန်ခဲ့တဲ့ ၁၄ လက လွှတ်တင်ခဲ့တာဖြစ်ပြီး လွှတ်တင်ပြီး သိပ်မကြာခင်မှာဘဲ ဒီဂြိုဟ်တုဟာ ကမ္ဘာမြေပြင်က ထိန်းသိမ်းရေးစခန်းနဲ့ ဆက်သွယ်ရေး ပြတ်တောက်သွားခဲ့ပါတယ်။ ဒီဂြိုဟ်တုကို ကမ္ဘာ
မြေပြင်ကနေ ထိန်းကျောင်းလို့မရတော့ဘဲ တဖြည်းဖြည်းနဲ့ အောက်ကိုပြန်ကျလာနေ
တာ ဖြစ်ပါတယ်။ ဟိုက်ဒြာဇင်း (hydrazine) လို့ခေါ်တဲ့ အလေးချိန် ၄၅၀ ကီလိုဂရန်ရှိ
တဲ့ ဓာတုဗေဒ အဆိပ်အတောက်တွေ ဒီဂြိုဟ်တုရဲ့ လောင်စာဆီတိုင်ကီမှာ ပါရှိနေပါ
တယ်။ ဒီလောင်စာဆီတိုင်ကီ ကမ္ဘာမြေပြင်ကို ပြန်မကျလာနိုင်အောင် အဓိကရည်ရွယ်
ချက်နဲ့ ဒီဂြိုဟ်တုကို ပစ်ချခဲ့တာ ဖြစ်ပါတယ်။ ပစ်ချပြီး ၂၄ နာရီအတွင်း ဒီလောင်စာဆီ
တိုင်ကီ ပျက်စီးပြီး တစစီဖြစ်သွားပြီလားဆိုတာကို အတည်ပြုနိုင်လိမ့်မယ်လို့ အမေ
ရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

ပစ်ချခံရတဲ့ ဂြိုဟ်တုရဲ့ အပိုင်းအစတွေဟာ ကမ္ဘာမြေပြင်ပေါ်က အာကာသထဲကို
ချက်ချင်းပဲ ကျရောက်လာပြီး အပိုင်းအစအများစုဟာ ၂၄ နာရီနဲ့ ၄၈ နာရီအတွင်း လောင်ကျွမ်းပျက်စီးသွားမယ်၊ ကျန်တဲ့အပိုင်းအစတွေကတော့ ရက် ၄၀ လောက်
အကြာမှာ ကမ္ဘာပတ်လမ်းကြောင်းထဲ ပြန်ဝင်လာလိမ့်မယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က
ပြောပါတယ်။

ဟာဝိုင်အီကျွန်း ဟိုနိုလူလူမြို့ ဟစ်ခမ်း အမေရိကန် လေတပ်စခန်းကနေ ရေတပ်
ဗိုလ်ချုပ်ကြီး တင်မ် ကိတင်း (Tim Keating) က ဒီဂြိုဟ်တုရဲ့ အပိုင်းအစတွေကို အနီး
ကပ် စောင့်ကြည့်နေပါတယ်လို့ အခုလိုပြောကြားသွားပါတယ်။

“ဒီဂြိုဟ်တုအပိုင်းအစတွေကို စောင့်ကြည့်ဖို့ အဖွဲ့တွေဖွဲ့ပြီး နေရာအတော်များများမှာ
ကျနော်တို့ ပို့ထားပါတယ်။ ခင်ဗျားတို့ သိချင်လည်းသိမယ်၊ မသိချင်လည်း မသိဘူး။
တချု့ိအဖွဲ့တွေက ပစိဖိတ်သမုဒ္ဒရာထဲမှာ ရှိနေတယ်။ တချို့အဖွဲ့တွေက တိုင်းပြည်ထဲက တခြားဒေသတွေမှာ ရှိနေတယ်။ ဒုံးကျည်ရဲ့ဖျက်ဆီးတာကို မခံရတဲ့ ဂြိုဟ်တုရဲ့ တချို့
အပိုင်းအစတွေ ကမ္ဘာမြေပြင်ပေါ်ကိုကျလာရင် အကူအညီတွေပေးနိုင်ဖို့လည်း ဒီအဖွဲ့
တွေက အဆင်သင့်ဖြစ်နေကြတာပါ။ ဟိုက်ဒြာဇင်း ဓာတုဗေဒအဆိပ်တွေပါတဲ့
လောင်စာတိုင်ကီကို ကျနော်တို့ ပစ်ချခဲ့ပြီးပြီဆိုတော့ ဒီလောင်စာတိုင်ကီ ကမ္ဘာမြေပြင်
ပေါ် ကျလာမယ်လို့တော့ ကျနော်တို့ မထင်ပါဘူး”

အဆင့်သုံးဆင့်နဲ့ပေါက်ကွဲတဲ့ Standard Missile-3 (SM-3) ဒုံးကျည်ကို ပစိဖိတ်သမုဒ္ဒရာ
ဟာဝိုင်အီကျွန်းရဲ့ အနောက်ဘက်ကမ်းခြေမှာရှိတဲ့ အမေရိကန်ရေတပ်ရဲ့ အေးဂျစ်စ်
အမျိုးအစား ယူအက်စ်အက်စ် လိက်က် အေရီ (USS Lake Erie) စစ်ရေယာဉ်ပေါ်ကနေ ပစ်လွှတ်လိုက်တာပါ။ ပစ်လွှတ်ပြီး ၃ မိနစ်အကြာမှာပဲ ဒီဂြိုဟ်တုကို ကမ္ဘာမြေပြင်ရဲ့
အထက် ၂၄၇ ကီလိုမီတာအကွာမှာ ဒုံးကျည်ထိမှန်ခဲ့တာပါ။

အခုပစ်လွှတ်ခဲ့တဲ့ SM-3 ဒုံးကျည်ဟာ ပင်တဂွန်စစ်ဌာနချုပ်ရဲ့ ဒုံးပျံကာကွယ်ရေးစနစ်
ထဲမှာ သုံးမယ့်ဒုံးကျည် ဖြစ်ပါတယ်။ ရန်သူကပစ်လွှတ်လိုက်တဲ့ တိုက်ချင်းပစ်ဒုံးပျံတွေ
ကို SM-3 ဒုံးကျည်နဲ့ ကြားဖြတ်ပစ်ချဖို့ ရည်ရွယ်ထားတာဖြစ်ပြီး တကယ်တမ်းမှာ အခု
လို ဂြိုဟ်တုတွေကို ပစ်ချဖို့မဟုတ်ပါဘူး။ အခုဂြိုဟ်တုကို ပစ်ချနိုင်ဖို့အတွက် SM-3
ဒုံးကျည်ရဲ့ ပစ်မှတ်ရှာစနစ်ကို ပြုပြင်မွမ်းမံခဲ့ရပါတယ်။

အခုလို အမေရိကန်ရေတပ်က အန္တရာယ်ရှိနေတဲ့ဂြိုဟ်တုကို ပစ်ချလိုက်တာကို တရုတ်
နဲ့ ရုရှားတို့က ဒါဟာ အာကာသလုံခြုံရေးကို ထိခိုက်လိမ့်မယ်ဆိုပြီး ပြစ်တင်ကန့်ကွက်
လိုက်ပါတယ်။ မနှစ်က တရုတ်နိုင်ငံက လွှတ်တင်ထားတဲ့ ဂြိုဟ်တုတွေထဲက တလုံးကို
တရုတ်က ကြိုတင်မကြေညာဘဲ ဒုံးကျည်တစင်းနဲ့ ပစ်ချခဲ့တာကို အမေရိကန်ပြည်
ထောင်စုနဲ့ တခြားနိုင်ငံတွေက ဝေဖန်အပြစ်တင်ခဲ့ကြပါတယ်။

တရုတ်ဟာ ဂြိုဟ်တုပစ်ချတဲ့လက်နက်ကို စမ်းသပ်နေတယ်လို့ အမေရိကန်က ပြော
ကြားခဲ့ပါတယ်။ အခု အမေရိကန်ဂြိုဟ်တုကို အမေရိကန်က ပြန်ပြီးပစ်ချခဲ့တာကတော့
ဒီဂြိုဟ်တုဟာ ထိန်းလို့မရတော့ဘဲ ကမ္ဘာပတ်လမ်းကြောင်းထဲက အနိမ့်ဆုံး
လမ်းကြောင်းထဲကို ဝင်ရောက်လာနေတဲ့အတွက် ပစ်ချခဲ့တာဖြစ်တယ်၊ ဂြိုဟ်တုပစ်ချ
တဲ့လက်နက် စမ်းသပ်နေတာမဟုတ်ဘူးလို့ ပင်တဂွန်စစ်ဌာနချုပ်က အမေရိကန်
အရာရှိတွေက ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG