သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူပါအင်္ဂါနေ့ အကြိုရွေးချယ်ပွဲတွင် ကာလီဖိုးနီးယားပြည်နယ်၌ အနိုင်ရရန် အရေးကြီး


Jim Malone ကလည်း သူ့ရဲ့ သတင်း
ဆောင်းပါးကို နောက်ဆုံးထွက်လာတဲ့ လူထု သဘောထားကောက်ယူမှု စစ်တမ်း
အကြောင်းနဲ့ စထားပါတယ်။ အရင်တုန်းက
ကလင်တန်က ဦးဆောင်နေခဲ့ပေမယ့်
ခုတော့ အိုဘားမားက လိုက်လာပြီး နှစ်ယောက်တူလုနီးပါးဖြစ်လာနေပြီတဲ့။
ဒါပေမယ့် ဒီကနေ့မဲပေးမယ့် ပြည်နယ်ကြီး
အများစုမှာတော့ ကလင်တန်က နည်းနည်း
သာနေတယ်လို့ ဆိုထားပါတယ်။

ကိုယ်စားလှယ်လောင်းနှစ်ယောက်စလုံးဟာ နောက်ဆုံးမိနစ် ရုပ်မြင်သံကြားကြော်ငြာတွေနဲ့ အဓိကကျတဲ့ ပြည်နယ်တွေကို
ခပ်သွက်သွက်သွားပြီး သူတို့ကို ထောက်ခံသူတွေ အင်္ဂါနေ့မှာမဲပေးကြဖို့ တိုက်တွန်းနေ
ကြလေရဲ့။

အိုဘားမားက Delaware ပြည်နယ် မဲဆွယ်ပွဲတခုမှာ သူ့ကိုယ်သူ ပြောင်းလဲရေးသမား
အဖြစ် ပုံဖော်ခဲ့တယ်။
“George W. Bush ရဲ့ မအောင်မြင်တဲ့ မူဝါဒတွေကနေ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်
သားသား ကွဲပြားတဲ့မူဝါဒတွေကို ကျနော်လုပ်ဆောင်နိုင်ပါတယ်။ အရင်တုန်းက
ကျနော်ပေးခဲ့တဲ့ မဲတွေနဲ့ပတ်သက်ပြီး ပြန်ရှင်းပြဖို့လိုမှာ မဟုတ်ပါဘူး”

ကလင်တန်ကတော့ သူ့ရဲ့အတွေ့အကြုံကို ထည့်စဉ်းစားကြဖို့ မစ်ဆိုရီပြည်နယ်မှာ
မဲဆန္ဒရှင်တွေကို တိုက်တွန်းခဲ့ပါတယ်။
“ကျမရဲ့ပြိုင်ဘက်က တကယ့် ပွဲဦးထွက်အခက်အခဲမျိုးတွေကို မကြုံခဲ့ရဘူးပါဘူး။
ဒီနေရာမှာ ကျမတို့ ခပ်ပေါ့ပေါ့မတွေးကြဖို့ လိုပါတယ်။ ဒီပွဲဟာ အကန့်အသတ်မဲ့
ထိုးနှက်မှုတွေ၊ ဝေဖန်တိုက်ခိုက်မှုတွေ ကြုံရမယ့်ပွဲပါ။ အတွေ့အကြုံရှိတဲ့သူကို ကျမတို့ ရွေးချယ်ဖို့လိုပါတယ်၊ တဖက်က ဘယ်လိုပဲ ထိုးနှက်ထိုးနှက် ကြံ့ကြံ့ခံပြီး ပြန်ထိုးနှက်
နိုင်မယ့်လူမျိုးကို ရွေးချယ်ဖို့လိုပါတယ်”

ရီပတ်ဘလီကန်ဘက်မှာတော့ အထက်လွှတ်တော်အမတ် ဂျွန် မက်ကိန်းဟာ ဖလော်
ရီဒါနဲ့ South ကာရိုလိုင်းနားတို့မှာရခဲ့တဲ့ အောင်ပွဲတွေကနေရခဲ့တဲ့ အရှိန်အဟုန်ကို
ဆက်ပြီးတိုးမြှင့်သွားဖို့ လုပ်နေပါတယ်။

တနင်္လာနေ့က မက်ဆာချူးဆက်ပြည်နယ် မဲဆွယ်ပွဲမှာ မက်ကိန်းက ရီပတ်ဘလီကန်
ပါတီဝင်တွေရော၊ တသီးပုဂ္ဂလမဲဆန္ဒရှင်တွေကိုရော စည်းရုံးပြောဆိုခဲ့ပါတယ်။
“အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတ တဦးအဖြစ် ကျနော့်ရဲ့ ရီပတ်ဘလီကန်ဆိုတဲ့
အမှတ်အသားကို ဂုဏ်ယူစွာ ထိန်းသိမ်းသွားမှာပါ။ ဒါပေမယ့် ဒီမိုကရက်တွေနဲ့
ဆွေးနွေးတိုင်ပင်ပြီး တိုင်းပြည်ကောင်းကျိုးအတွက် အတူတကွ လုပ်ဆောင်သွားမှာပါ။ တိုင်းပြည်ကောင်းဖို့အတွက် လုပ်ဆောင်ရမယ်ဆိုတာ ကျနော်တို့ကို မဲဆန္ဒရှင်တွေက လုပ်စေချင်တဲ့အလုပ်ပါပဲ”

မက်ကိန်းဟာ မက်ဆာချူးဆက်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း မစ်တ် ရွမ်နီရဲ့
စိန်ခေါ်ပြောဆိုမှုကို ခုခံတုံ့ပြန်နေရပါတယ်။ မက်ကိန်းဟာ ရီပတ်ဘလီကန်ပါတီရဲ့ သမ္မတလောင်းဖြစ်ဖို့ ပြည့်စုံတဲ့ ကွန်ဆာဗေးတစ်ဝါဒီတဦးမဟုတ်ဘူးလို့ ရွမ်မ်နီက
ဝေဖန်ထားတာပါ။
“ဆိုရိုးစကားဟောင်းတခုရှိပါတယ်။ ဒီမိုကရက်တယောက်လို ပြုမူကျင့်ကြံတဲ့ ရီပတ် ဘလီကန်တယောက်နဲ့ ဒီမိုကရက်တယောက် ပြိုင်ကြပြီဆိုရင် ဒီမိုကရက်က အမြဲတမ်း နိုင်တယ်ဆိုတာပါ”

တခြား ရီပတ်ဘလီကန် သမ္မတကိုယ်စားလှယ်လောင်းတွေဖြစ်တဲ့ အာကင်ဆော
ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း မိုက် ဟပ်ကာဘီးက တောင်ပိုင်းပြည်နယ်တချို့မှာ
အနိုင်ရဖို့ မျှော်လင့်ထားပြီး တက္ကဆက်ပြည်နယ် ကွန်ဂရက်လွှတ်တော်အမတ်
ရွန်န် ပေါလ်ကတော့ အလာစကားပြည်နယ်မှာ အနိုင်ရဖို့ မျှော်လင့်နေပါတယ်။

ဒီကနေ့ပြိုင်ပွဲတွေပြီးရင် နောက်လာမယ့် အဓိကပြိုင်ပွဲတွေကတော့ ဖေဖော်ဝါရီလ
၁၂ ရက်နေ့မှာကျင်းပမယ့် မေရီလန်းပြည်နယ်နဲ့ ဗာဂျီးနီးယားပြည်နယ်၊ မတ်လ
၄ ရက်နေ့မှာကျင်းပမယ့် အိုဟိုင်းအိုးပြည်နယ်နဲ့ တက္ကဆက်ပြည်နယ်ပြိုင်ပွဲတွေ ဖြစ်ကြ
ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG