သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀က်မှာတွေ့တဲ့ တုတ်ကွေးဗိုင်းရပ်မျိုးကြောင့် မက်ဆီကိုမှာ လူ ၈၁ဦးသေဆုံး


မက္ကဆီကို နိုင်ငံမှာ Swine flu ဝက်တုပ်ကွေး ကူးစက် ပျံ့ပွားမှုကြောင့် သေဆုံးသူပေါင်း ၈၁ ယောက်ရှိသွားပြီလို့ မက္ကဆီကို ကျန်းမာရေး ဝန်ကြီးက ပြောပါတယ်။ မက္ကဆီကို စီးတီး မြို့တော်နဲ့ အနီး ဝန်းကျင်က ဒေသတွေမှာ ကျောင်းတွေကို မေလ ၆ ရက်နေ့အထိ ပိတ်ထားမယ်လို့ အစိုးရက ကြေငြာခဲ့တာနဲ့အတူ လူအသေအပျောက်နှုန်း အသစ်ကို ကျန်းမာရေးဝန်ကြီး က ထုတ်ပြန်ပြောကြား ခဲ့တာဖြစ်ပါတယ်။ မက္ကဆီကို နိုင်ငံနဲ့ အမေရိကန် နိုင်ငံတွေမှာ ဝက်တုပ်ကွေးလို့ အတည်ပြုနိုင်တဲ့ နောက်ထပ် ကူးစက်မှုတွေနဲ့ ဖြစ်နိုင်ချေရှိတဲ့ ကူးစက်မှုတွေကြောင့် လူတွေမှာဖြစ်တဲ့ ဝက်တုပ်ကွေးရောဂါ ပျံ့နှံ့ ဖြစ်ပွား နိုင်တဲ့ အလားအလာရှိနေတာမို့ ဒီ ဗိုင်းရပ်ပိုးဟာ နိုင်ငံတကာမှာ အများပြည်သူ ကျန်းမာရေးအတွက် အရေးပေါ် စိုးရိမ် စရာ ဖြစ်တယ်လို့ WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက ကြေငြာထားပါတယ်။ ဗိုင်းရပ် ကူးစက်မှုကို တာဝန်ရှိသူတွေ ထိန်း နိုင်မှာ မဟုတ်ဘူးလို့ အမေရိကန် ရောဂါထိန်းချုပ်ရေးဌာနက သတိပေးထားပါတယ်။ နယူးဇီလန် နိုင်ငံမှာတော့ မက္ကဆီကို ကနေ လတ်တလော ပြန်လာတဲ့ ကျောင်းသား ၁၀ ယောက်ဟာ ဝက်တုပ်ကွေး ဗိုင်းရပ် ကူးစက်လာခဲ့ ပုံရတယ်လို့ နယူးဇီလန် ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။ မက္ကဆီကို နိုင်ငံမှာ လူပေါင်း ၁၃၀၀ ကျော် နာမကျန်း ဖြစ်ခဲ့ရတာဟာ ဝက်တုပ်ကွေး ဗိုင်းရပ် ကြောင့် ဖြစ်မယ်လို့ သံသယရှိကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ Roman Catholic ဘာသာဝင် အများစုနေထိုင်ကြတဲ့ မက္ကဆီကို မှာ ဒီကနေ့ တနင်္ဂနွေနေ့ ဝတ်ပြု ဆုတောင်းပွဲတွေကို တနိုင်ငံလုံးက ဘုရားကျောင်းတွေမှာ ဖျက်ခဲ့ပါတယ်။ မြို့တော်ထဲမှာလဲ လူစုလူဝေးပွဲတွေ အားလုံးကို ၁၀ ရက် မလုပ်ရလို့ မြို့တော်ဝန်က အမိန့်ထုတ်ထားတဲ့အပြင် လူနာတွေကို သီးခြားထားဖို့နဲ့ ခရီးသွားတွေကို စစ်ဆေးမှုတွေလုပ်ဖို့ ကျန်းမာရေးဌာနကို လုပ်ပိုင်ခွင့်တွေ ပေးထားပါတယ်။ အမေရိကန်မှာတော့ California ပြည်နယ်မှာ ၁ ယောက် နဲ့ Kansas ပြည်နယ်မှာ ၂ယောက် အပါအဝင် အသက်အန္တာရာယ် မရှိသေးတဲ့ ရောဂါကူးစက်မှု စုစုပေါင်း ၁၁ ခု တွေ့ရှိထားတယ်လို့ ကျန်းမာရေး တာဝန်ရှိသူတွေက အတည်ပြုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG