သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Swine တုပ်ကွေး အရေးပေါ် သတိပေးချက် WHO နဲ့ အမေရိကန် ကြေညာ


အမေရိကန် ပြည်ထောင်စုနဲ့ မက္ကဆီကို နိုင်ငံတွေမှာ ဝက်တွေမှာ တွေ့ရတတ်တဲ့ ဗိုင်းရပ်စ်ပိုးတမျိုးကနေ Swine Flu တုပ်ကွေး ဖြစ်ပွားတာတွေ လူတွေမှာ စမ်းသပ်တွေ့ရှိရပြီးတဲ့နောက် ဒီရောဂါကူးစက်မှုတွေ ရှိလာမှာ စိုးရိမ်တဲ့အကြောင်း WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ပြောဆိုလိုက်ပါတယ်။ အခုဆိုရင် ကနေဒါနိုင်ငံမှာလည်း နောက်ထပ် ရောဂါဖြစ်ပွား တာတွေ စမ်းသပ်တွေ့နေရတယ်လို့ ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုမှာတော့ ပြည်သူ့ ကျန်းမာရေး အရေးပေါ် အခြေအနေ ကြေညာပြီး ဒီ ကူးစက်ရောဂါ တိုက်ဖျက်ရေးအတွက် ဗဟိုအစိုးရအနေနဲ့ ပြည်နယ်တွေအတွက် လိုအပ်တာတွေ အသုံးပြုပြီး အရှိန်မြှင့် ဆောင်ရွက်မယ်လို့ သမ္မတအိုဘားမားရဲ့ အစိုးရအဖွဲ့က ပြောဆိုထားပါတယ်။ VOA သတင်းထောက် Michael Bowman သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦးက တင်ပြပေးပါတယ်။

ဆွိုင်း ဖလူး တုပ်ကွေးရောဂါဖြစ်ပွားမှုတွေဟာ အများပြည်သူ့ ကျန်းမားရေးအတွက် နိုင်ငံတကာ အတိုင်းအတာနဲ့ စိုးရိမ်ရတဲ့ အခြေအနေလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO အဖွဲ့က ပြောပါတယ်။ WHO အဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူးချုပ် Keiji Fukuda ကလည်း သတင်းထောက်တွေကို ဂျနီဗာကနေ တယ်လီကွန်ဖရန်စ်ကတဆင့် အခုလို ပြောပါတယ်။

"နိုင်ငံတိုင်း နိုင်ငံတိုင်းက စောင့်ကြပ်ကြီးကြပ်တာတွေ လုပ်ဘို့ ကျနော်တို့ က တိုက်တွန်း တောင်းဆိုထားပါတယ်။ ဒီလို စောင့်ကြည့်နေမှ ကျွန်တော်တို့က အမြန်ဆုံး စမ်းသပ်စစ်ဆေးနိုင်မယ်။ ဒီဗိုင်းရပ်စ်ပိုး မကူးစက်အောင် အမြန်ဆုံး ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။"

မက္ကဆီကိုမှာ ရောဂါဖြစ်ပွားတာတွေက ပိုပြီး ဆိုးဆိုးဝါးဝါး ဖြစ်နေပေမဲ့ အမေရိကန်ပြည်ထောင်စုနဲ့ မက္ကဆီကို နိုင်ငံတွေမှာ တွေ့ရတဲ့ Swine ဖလူး ဖြစ်ပွားမှု ပုံစံတွေဟာ ခပ်ဆင်ဆင်ပဲလို့ WHO အဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူးချုပ် Keiji Fukuda က ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မက္ကဆီကိုမှာ တုပ်ကွေးဖြစ်ပွားမှုတွေ ရှိနေပြီး လူတွေ ဒါဇင်နဲ့ချီသေဆုံးမှုတွေ ရှိခဲ့ပါတယ်။ ဒီ သေဆုံးမှုအားလုံးဟာ ဆွိုင်း ဖလူး ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးတာ ဟုတ် မဟုတ်ဆိုတာတော့ ရှင်းရှင်း လင်းလင်း မသိရသေးပါဘူး။

အခု ဆွိုင်း ဖလူးခေါ် ဗိုင်းရပ်စ်မျိုးဟာ အနည်းနဲ့အများ အချိန်အတိုင်းအတာတခုအထိ မြန်မြန်ဆန်ဆန် ကူးးစက်နိုင်တဲ့ အနေအထားမျိုး ရှိတယ်လို့လည်း WHO အဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူးချုပ် Keiji Fukuda က ပြောပါတယ်။

"ဒီ ဗိုင်းရပ်စ်ပိုးတွေက ရောဂါဖြစ်နိုင်ခြေ သိပ်ကို ပြောင်းလဲနိုင်ပါတယ်၊ တချိန်တည်းမှာ မူလသန္ဓေကနေ လွယ်လွယ်ကူကူနဲ့ လည်း ပြောင်သွားတာမျိုးတွေ ရှိပါတယ်။ ဗိုင်းရပ်စ်ပိုး တဖြေးဖြေး အားကောင်းလာတယ်၊ ပြောင်းလဲလာပြီးတယ်ဆိုရင် လူတွေအတွက် ပိုပြီး အန္တရာယ် ကြီးလာပါတယ်။ ပိုပြီး ဆိုးတဲ့ ရောဂါဘယဖြစ်လာနိုင်သလို မူလသန္ဓေကနေ ခွဲထွက်သွားတဲ့ အတွက် သိပ်ပြီး ရောဂါ မပြင်းထန်တော့တာမျိုးတွေလည်း တွေ့ရနိုင်ပါတယ်။"

WHO အဖွဲ့ ညွှန်ကြာရေးမှူး Keiji Fukuda ပြောပြီး သိပ်မကြာခင်မှာပဲ အမေရိကန် အရာရှိတွေက ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေ ကြေညာလိုက်တာပါ။ အမေရိကန်ပြည်ထောင်စုအတွင်း ပြည်နယ် ငါးခုမှာ ရောဂါဖြစ်ပွားတဲ့သူ အယောက်၂၀ ကို တွေ့ရတယ်လို့ ပြောပါတယ်။

အခု တွေ့ရတဲ့ ရောဂါဖြစ်ပွားနေတာတွေထက် ပိုပြီး ပြင်းထန်တဲ့ လက္ခဏာနဲ့ တွေ့ရနိုင်ပြီး တုပ်ကွေးဖြစ်တဲ့သူတွေကိုလည်း ပိုများလာနိုင်တယ်လို့ အမေရိကန် ဗဟို ရောဂါ တိုက်ဖျက်ရေးဌာနက အရာရှိတွေက ပြောပါတယ်။ အိမ်ဖြူတော် သတင်းစာ ရှင်းလင်းပွဲမှာ အမိမြေ လုံခြုံရေးဆိုင်ရာ ဝန်ကြီး Janet Napolitano က အမေရိကန် အစိုးရအနေနဲ့ သိမ်းထားတဲ့ ရောဂါ တိုက်ဖျက်ရေး ဆေးတွေကို ပြည်နယ်တွေကို ထောက်ပံ့ပေးသွားမယ်လို့ ပြောပါတယ်။ ဗဟိုအစိုးရက ဒီ ရောဂါအန္တရာယ် ကာကွယ်ရေးကို အရှိန်မြှင့် ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

"အစိုးရတခုတည်း ဖြေရှင်းလို့ မရပါဘူး။ အမေရိကန်ပြည်ထောင်စုမှာ ရှိတဲ့ သူတိုင်း ဒီကိစ္စကို တာဝန်ယူဖို့ လိုပါတယ်။ ဖျားနာမယ်ဆိုရင် အိမ်မှာပဲ နေကြပါ။ လက်တွေကို စင်ကြယ်အောင် ဆေးကြပါ။ လူတွေ နည်းနိုင်သမျှ နည်းနည်းနဲ့ ရောဂါကို မပြန့်ပွားအောင် ထိန်းထားနိုင်ဖို့ လူဘယ်လောက် အမှန်တကယ် ဖျားနာတယ်ဆိုတာ သိနိုင်အောင် ကျမတို့ လုပ်နိုင်အောင် တာဝန်သိသိနဲ့ လုပ်စရာရှိတာတွေ လုပ်ဖို့ လိုပါတယ်။"

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရာရှိတွေကတော့ နိုင်ငံတကာ အကြားမှာ ရောဂါ တိုက်ဖျက်ရေးအတွက် အရင်တုန်းကနဲ့ စာလျှင် ကိရိယာပစ္စည်းတွေ ပိုပြီး စုံစုံလင်လင် တပ်ဆင်သုံးစွဲလာနိုင်နေပြီဖြစ်တဲ့အတွက် ဒါကတော့ သတင်းကောင်းတခုလို့ ပြောပါတယ်။ နိုင်ငံတကာရဲ့ ရောဂါ တိုက်ဖျက်နိုင်အား၊ ဘယ်လောက်ပြင်ဆင်ထားနိုင်ပြီလဲ ဆိုတာကို စမ်းသပ် စိန်ခေါ်မှု တွေ ရှိလာနေပါပြီ။ အခု ကနေဒါနိုင်ငံမှာလည်း ဆွိုင်း တုပ်ကွေးရောဂါဖြစ်ပွားမှုတွေ ရှိနေပါတယ်။ Nova Scotia နဲ့ British Columbia မှာ လူတွေတော်တော်များများ သိပ်ပြီး အပြင်းအထန်ကြီး မဟုတ်သေးတဲ့ ဖျားတာမှုတွေ ရှိနေပါတယ်။ ပြင်သစ်နဲ့ နယူးဇီလန် နိုင်ငံတွေမှာလည်း ဖြစ်နိုင်ခြေ စုံစမ်းစစ်ဆေးတာတွေ ရှိနေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG