သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် အယူခံလွှာ စစ်အစိုးရအဖွဲ့ ပယ်ချ


နေအိမ်အကျယ်ချုပ်ကျနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ပြီးထိန်းသိမ်းထားတဲ့အပေါ် ပြန်ပြီးသုံးသပ်ပေးဖို့ တင်သွင်းခဲ့တဲ့ အယူခံကို အစိုးရက ပယ်ချလိုက်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးပါလို့ သူ့ရှေ့နေတွေက ဒီနေ့မှာ တောင်းဆိုလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူခံကို ဘယ်လို အကြောင်းပြချက်နဲ့ အစိုးရက ပယ်ချခဲ့တာပါလဲ၊ အယူခံ ပယ်ချခံရတဲ့အတွက် အကျိုးဆောင်ရှေ့နေတွေဘက်က ဘာတွေဆက်လုပ်ဖို့ ရှိသလဲ ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေ ဦးကြည်ဝင်းနဲ့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါ တယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူခံလွှာကို အစိုးရက ပယ်ချလိုက်လို့ အကျိုးဆောင် ရှေ့နေ ကြီး ဦးကြည်ဝင်းက ဒီကနေ့ပဲ သူကိုယ်တိုင် ရန်ကုန်မှာရှိတဲ့ အစိုးရ သတင်းတပ်ဖွဲ့ကိုသွားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးဖို့ တောင်းခံခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး ရှေ့ဆက်လုပ်ရမယ့် ကိစ္စတွေကို ညှိနှိုင်းနိုင်ဖို့ အတွက် တွေ့ခွင့်ပေးပါလို့ တောင်းဆိုခဲ့တာ ဖြစ်တဲ့အကြောင်း ရှေ့နေကြီး ဦးကြည်ဝင်းက အခုလို ပြောပြပါတယ်။

“ဒီနေ့ သွားပြီးတော့ အယူခံလွှာကို ပလပ်တယ်ဆိုတဲ့အကြောင်း သွားသတင်းပို့ဖို့ ဝင်ခွင့်တောင်းလိုက်တယ်။ ဘယ်နေ့ ပေးမလဲ မသိဘူး၊ ကျနော်ကတော့ မနက်ဖြန် သို့မဟုတ် သန်ဘက်ခါ တရက်ရက်ပေးပါလို့။ ဒေါ်အောင်ဆန်းစုကြည်ကို သွားပြီး ပြောရမှာပေါ့ဗျာ၊ ပယ်လိုက်ပြီဆိုတဲ့အကြောင်းကို။”

ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက နေအိမ်အကျယ်ချုပ်သက်တမ်း တိုးမြှင့်ခဲ့တဲ့အပေါ်မှာ ပုဒ်မ ၂၀ အရ အရေးယူထား တဲ့ ကာလအတွင်း အယူခံရှိတဲ့အတွက် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်ဆီကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၉ ရက်နေ့
ကတည်းက အကျိုးဆောင်ရှေ့နေတွေက တင်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အကြောင်းတစုံတရာ ပြန်ကြားခြင်းမရှိဘဲနဲ့ ဧပြီလ ၃၀ ရက် ပြီးခဲ့တဲ့ ကြာသပတေးနေ့ကမှ အယူခံလွှာကို ပယ်ချခဲ့တာဖြစ်တယ်လို့ ရှေ့နေကြီး ဦးကြည်ဝင်းက အခုလို
ဆက်ပြောပြပါတယ်။

“ဒေါ်စုရဲ့အယူခံကို ၃၀ ရက် ၄ လက ပလပ်လိုက်တယ်။ အစိုးရအဖွဲ့က ဆုံးဖြတ်ချက်ကို အန်ကယ့်နာမည်နဲ့ သူတို့ ချိပ်တွေ ဘာတွေ ပိတ်ပြီး ပေးလိုက်တယ်၊ စာနဲ့ပို့တယ်။ နေပြည်တော်မှာသွားပြီး အန်ကယ်နဲ့ တွဲလုပ်နေတဲ့ ဦးလှမျိုးမြင့်က သွားယူရ တယ်။ သွားယူတော့ သတင်းတပ်ဖွဲ့က လေယာဉ်ပျံနဲ့ သွားဖို့တို့ ဘာတို့ အားလုံးစီစဉ်ပေးပါတယ်။ ရောက်တယ်၊ အဲဒီက စာကို ပေးတယ်၊ နေ့လယ် ၁၂ နာရီ ၁ နာရီလောက်ကျတော့ ပြန်လာတယ်၊ နေ့ချင်းပြန်ပဲ။”

ဒါ့အပြင် ရှေ့နေကြီး ဦးကြည်ဝင်းအနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရလိမ့်မယ်လို့ မျှော်လင့်ထားတဲ့ အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ထိန်းသိမ်းထားတဲ့ သက်တမ်းကာလကလည်း ပြည့်တော့မှာမို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့ဆက်လုပ်စရာရှိတာတွေကို မေးမြန်းရမှာဖြစ်တယ်လို့ သူက ဆက်ပြောပြပါတယ်။

“ကျနော့်အထင် ဒါမျိုးကတော့ ပေးသင့်တာပေါ့ဗျာ။ သူတို့က ဆုံးဖြတ်လိုက်ပြီ၊ အယူခံပယ်တယ်။ ဆိုတော့ ဘယ်သူ့အယူခံ ပယ်တာလဲ၊ ကျနော့်အယူခံပယ်တာ မဟုတ်ဘူးလေ။ ဒေါ်အောင်ဆန်းစုကြည် အယူခံကို ပယ်တာကိုး။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည် အယူခံပယ်ရင် ဒေါ်အောင်ဆန်းစုကြည် သိခွင့်ရှိတာပေါ့၊ သိရမှာပေါ့။ အဲဒါ ဒေါ်စုနဲ့လည်း တိုင်ပင် ဦးမယ်။ ကျနော်တို့ လုပ်ဖော်ကိုင်ဖက် အချင်းချင်းလည်း ပြန်တိုင်ပင်မယ်။ သို့သော် ပြောသာပြောတာပေါ့ဗျာ၊ ကျနော် မြင်တာက ဒေါ်စုကို တားဆီးထားတာက ၂၃ ရက်ပဲ ကျန်တော့တယ်။ ဆိုတော့ ကျနော်ထင်တယ် အချိန်ကတော့ သိပ် မကျန်တော့ဘူး။ အဲဒါကြောင့် ကျနော်တော့ ပေးမယ်ထင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေကြီး ဦးကြည်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

တကယ်တော့ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၃ ခုနှစ် မေလ ၃၀ဒီပဲယင်းအရေးအခင်း ပြီးကတည်းက ထိန်းသိမ်းခဲ့တာ အခုဆိုရင် ၆ နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ သူ့ကိုထိန်းသိမ်းထားတဲ့ ဥပဒေအရ ထိန်းသိမ်းခွင့် ၅ နှစ်ပဲ ရှိ တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေက ဥပဒေအရ အစိုးရက မလွဲမသွေ လွှတ်ပေးရမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG