သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်ကိစ္စ အမေရိကန် နဲ့ ယူနက်စကို ဝေဖန်


ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက တရားစွဲဆို အမှု စစ်ဆေးနေတဲ့ အပေါ် အမေရိကန်နဲ့ ကုလသမဂ္ဂ တို့ က ထပ်ပြီး ဝေဖန်ခဲ့ ပြောကြားခဲ့ပါတယ်။ မြန်မာ စစ်အစိုးရ အနေနဲ့လက်ရှိ သွားနေတဲ့ လမ်းအတိုင်း ဆက်ပြီး သွားမယ်ဆိုရင် ၂၀၁၀ ရွေးကောက်ပွဲဟာ လုံးဝ တရားဝင်မှာ မဟုတ်သလို နိုင်ငံတကာ အလယ် မှာလည်း အဓိပ္ပါယ်ရှိတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာ မဟုတ်ဘူးလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Hillary Clinton က ပြောလိုက်ပါတယ်။ အမေရိကန် အထက်လွှတ်တော်မှာ ဗုဒ္ဓဟူးနေ့က ပြောကြားတာမှာ မြန်မာ စစ်အစိုးရအပေါ် သြဇာလွှမ်းမိုးနိုင်မယ့် ချဉ်းကပ်မှုမျိုး ရရှိအောင် သန္နိဋ္ဌာန်ချ ဆောင်ရွက်နေပါတယ်လို့ Mrs Clinton က ပြောကြား ခဲ့ပါတယ်။

"စစ်အစိုးရ အပေါ်သြဇာ သက်ရောက်မှု ရှိနိုင်တဲ့ ချဉ်းကပ်မှုမျိုး ရနိုင်ဖို့ ကျွန်မတို့ ကြိုးစားနေပါတယ်။ အခြေအမြစ် မရှိဘဲ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ စွဲချက် တင်တာကိုလဲ အမေရိကန်က ပယ်ချပါတယ်။ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေမှာ လွတ်လပ်မျှတအောင် မလုပ်သေးတာကိုလဲ ကျွန်မတို့လုံးဝ လက်မခံပါ ဘူး။ ဒီအတိုင်းသာ ဆက်ပြီးသွားနေရင် သူတို့ရဲ့ ၂၀၁၀ ရွေးကောက်ပွဲဟာ လုံးဝ တရားဝင်မှာ မဟုတ်သလို နိုင်ငံတကာ အသိုင်းအဝိုင်း အတွက်လဲ ဘာအဓိပ္ပါယ်မှ ရှိမှာ မဟုတ်ပါဘူး၊"

အခု အချိန်ဟာ မြန်မာနိုင်ငံ အပေါ် လက်ရှိထက် ပိုပြီး တိကျပြတ်သားတဲ့ အရေးယူမှုတွေ မလုပ်သင့်ဘူး လားလို့ အထက်လွှတ်တော် အမတ်တယောက်ရဲ့ အမေးကိုလည်း နိုင်ငံခြားရေး ဝန်ကြီး Mrs Clinton က ခုလိုဖြေပါတယ်။

"အဲဒီလို လုပ်နိုင်ဖို့အတွက် ဗျူဟာမြောက် သုံးသပ်မှုတွေကို လုပ်နေတာ ဖြစ်ပါတယ်။ ကျွန်မတို့ ရှေ့တိုး ဆောင်ရွက်နိုင် ရေးအတွက် အကောင်းဆုံး အကြံဉာဏ်တွေရဖို့ လွှတ်တော်အမတ် တချို့နဲ့ ဝန်ထမ်း တချို့ ကြားမှာ ညှိနှိုင်း ဆွေးနွေးမှုတွေ ရှိနေတာကိုလည်း ကျွန်မသိပါတယ်၊"

လက်ရှိ မြန်မာနိုင်ငံ အခြေအနေ အပေါ် ပြင်းထန်တဲ့ ဝေဖန်မှုတွေ လုပ်ခဲ့တဲ့ASEAN နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတချို့နဲ့လည်း အမေရိကန်က ဆွေးနွေးခဲ့သလို ကုလသမဂ္ဂဆီကလည်း ပိုပြီး ထောက်ခံမှုတွေ ရအောင် အမေရိကန်က လုပ်နေတဲ့အကြောင်း ပြောပါတယ်။ နောက်တခါ စစ်အစိုးရအပေါ် သြဇာ လွှမ်းနိုင် တဲ့ နိုင်ငံတွေကို ချဉ်းကပ် ဆောင်ရွက်သွားဖို့လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Hillary Clinton က ပြောခဲ့ပါတယ်။

"ဖိနှိပ်တဲ့ အစိုးရအပေါ် စိတ်ပျက် မခံမရပ်နိုင် ဖြစ်နေကြတာကို နားလည်ပါတယ်။ မြန်မာ စစ်အစိုးရ အပေါ် သြဇာ လွှမ်းနိုင်တဲ့ နိုင်ငံ တချို့ရှိပါတယ်။ အဲဒီ နိုင်ငံတွေ အပေါ်မှာ ကျွန်မတို့ဘက်က သြဇာ လွှမ်းနိုင်အောင် လုပ်ပြီး ဖိနှိပ်တဲ့ မြန်မာ စစ်အစိုးရဟာ ဆက်ပြီး ထောက်ခံသွားဖို့ မသင့်တဲ့ အစိုးရ ဖြစ်တယ်လို့ သူတို့ မြင်နိုင် အောင် ကြိုးစား လုပ်နေပါတယ်။ သူတို့အပေါ် အရေးယူ ဆောင်ရွက်နိုင်ဖို့နိုင်ငံတကာရဲ့ ထောက်ခံမှုတွေ ပိုပြီး ရရှိမယ်လို့မျှော်လင့်ပါတယ်။"

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Hillary Clinton က အမေရိကန် အထက်လွှတ်တော်မှာ ဗုဒ္ဓဟူးနေ့ က ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ဖမ်းထားတဲ့ ဥပဒေအရ ပြန် လွှတ်ပေးရတော့မယ့် အချိန်မျိုးမှာ နောက်ထပ် အမှုနဲ့ တရားစွဲဆိုတဲ့အပေါ် အင်မတန် စိုးရိမ်တယ်လို့ ကုလသမဂ္ဂ UNESCO အဖွဲ့အကြီးအကဲကလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကို စာရေးသားပေးပို့ခဲ့ပါတယ်။ အကြမ်းဖက်မှု ဆန့်ကျင်ရေး ဆိုင်ရာ UNESCO ကပေးတဲ့ဆုကို ၂၀၀၂ ခုနှစ်မှာ ရရှိခဲ့တဲ့ ဒေါ်အောင်ဆန်း စုကြည် အပေါ် တင်ထားတဲ့ စွဲချက်တွေဟာ တရားမျှတ တယ်လို့သူ့အနေနဲ့ ဘယ်လိုမှ လက်မခံနိုင်ဘူးလို့ UNESCO ညွှန်ကြားရေးမှူးချုပ် Ko i chi ro Mat suu ra က စာထဲမှာ ရေးထားပါတယ်။ ဒေါ်အောင်ဆန်း စုကြည် ဟာ မြန်မာနိုင်ငံရဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင် နေကြောင်း ပြောထားသလို ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး ချွင်းချက် မရှိ ပြန်လွှတ်ပေးဖို့လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဆီကို Mr Ko i chi ro Mat suu ra ပေးပို့ တဲ့ စာထဲမှာ ရေးထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG