သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ကင်မ်ဒေးဂျုံ ဒေါ်စုအတွက် ဒေါ်လာ ၁၀,၀၀၀ လှူ


တောင်ကိုရီးယား သမ္မတဟောင်း၊ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ကင်မ် ဒေး-ဂျုံ (Kim Dae-jung) က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အတွက် အလှူငွေ ဒေါ်လာ ၁၀,၀၀၀ ပေးအပ်လိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ချထားတဲ့သက်တမ်း ကုန်ဆုံးခါနီးမှာမှ အခုလို တရားစွဲဆို ခံနေရတဲ့အပေါ်မှာလည်း စိုးရိမ်မိတဲ့ အကြောင်း မစ္စတာကင်မ်ဒေးဂျုံ က ပြောခဲ့ပါသေးတယ်။ သမ္မတဟောင်းနဲ့ တွေ့ဆုံပွဲမှာ ပါဝင်ခဲ့သူတွေနဲ့ ဆက်သွယ်မေး မြန်းထားတဲ့ ကိုကျော်ကျော်သိန်းက အပြည့်အစုံ တင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရည်ရွယ်ချက်တွေ ပြည့်မီအောင် လှုပ်ရှားဆောင်ရွက်ကြတဲ့နေရာမှာ အထောက်အပံ့ ဖြစ်စေဖို့ အသုံးပြုပါဆိုပြီး အလှူငွေ ဒေါ်လာ ၁၀,၀၀၀ ကို မစ္စတာ ကင်မ်ဒေးဂျုံက ပေးအပ်ခဲ့ပါတယ်။ ဒီကနေ့ တောင်ကိုရီးယား နိုင်ငံ၊ ဆိုးလ်မြို့တော်က သူ့ရဲ့နေအိမ်မှာ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့တွေ့ဆုံပြီး အခုလို ပေးအပ်ခဲ့တာ ဖြစ်ပါ တယ်။

ဒီတွေ့ဆုံပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့သူတွေထဲက တဦးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) NLD-LA ကိုရီးယားဌာနခွဲ တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုဇော်မိုးအောင်က လှူဒါန်းငွေနဲ့ပတ်သက်ပြီး ရှင်းပြပါတယ်။

“အခုချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က တရားရင်ဆိုင်နေရတာ ဖြစ်တဲ့အတွက် ယခင်က သူ ရရှိထားတဲ့ ပိုက်ဆံကနေပြီး တော့ အခုချိန် ဒေါ်အောင်ဆန်းစုကြည် လိုအပ်ရင် သုံးနိုင်ဖို့အတွက် သူ့အနေနဲ့ မြန်မာပြည်သူပြည်သားတွေ အထောက်အကူ ဖြစ်စေဖို့အတွက် ဒီနေ့ အလှူငွေ ဒေါ်လာ ၁၀,၀၀၀ ကို လှူခြင်းဖြစ်ပါတယ်။ အဲဒီ အလှူငွေ ဒေါ်လာ ၁၀,၀၀၀ ဟာလည်း ၂၀၀၇ ခုနှစ် ဒီဇင်ဘာလက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးတဲ့နေ့ ဆိုတာလေ။ ကျနော် တို့ ဆိုးလ်မှာ တခါ လုပ်သွားတယ်လေ။ အဲဒီက ကျန်တဲ့ပိုက်ဆံတွေ ဘဏ်ထဲမှာ အပ်ထားတယ်ပေါ့၊ အဲဒီ ဘဏ်ထဲက အတိုးတွေနဲ့ ပေါင်းပြီးတော့ အခု ပေးအပ်တာပေါ့။”

လက်ရှိအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို တရားရုံးတင် စစ်ဆေးနေတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့လည်း မစ္စတာ ကင်မ်ဒေးဂျုံ က သူရဲ့သဘောထားကို ပြောပြခဲ့ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို တင်တဲ့အမှုနဲ့ပတ်သက်ပြီးတော့ သူ အရမ်းစိုးရိမ်တယ်။ ပြီးတော့ ဒါက လုပ်ကြံတာ ဖြစ်မယ်လို့ သူ ယူဆတယ်။ သူ့အနေနဲ့ နိုဘဲလ် ဆုရှင်တယောက်လည်း ဖြစ်တယ်။ မြန်မာပြည်အရေးအတွက်ကိုလည်း အမြဲတမ်း ကူညီ ပေးနေတဲ့သူ တယောက်ဖြစ်တော့ သူက ဒီအတွက်ကို စိတ်မကောင်းဖြစ်တယ်။”

တွေ့ဆုံပွဲမှာ ပါဝင်ခဲ့သူ နောက်တဦးဖြစ်တဲ့ ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (နိုင်ငံခြားရေးရာကော်မတီ) တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုကျော်ဝင်းပါ။

မစ္စတာကင်မ်ဒေးဂျုံဟာ တောင်ကိုရီးယားလို့ လူတွေပိုသိလာကြတဲ့ ကိုရီးယားသမ္မတနိုင်ငံ၊ အာဏာရှင်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီနိုင်ငံတခုအဖြစ် ကူးပြောင်းဖို့ ကြိုးစားခဲ့ကြတာမှာ အဓိကကျတဲ့ခေါင်းဆောင်တဦးဖြစ်ပါတယ်။ ဒီလုပ်ရပ်တွေ ကြောင့်ပဲ သူ့ကိုလုပ်ကြံဖို့ ကြိုးစားခံခဲ့ရဖူးသလို နေအိမ်အကျယ်ချုပ်ဘဝလည်း ကျခံခဲ့ရဖူးပါတယ်။ ဒါပေမဲ့လည်း ၁၉၉၈ ခုနှစ်မှာတော့ သမ္မတရွေးကောက်ပွဲ အနိုင်ရခဲ့ပြီး ၂၀၀၃ ခုနှစ်အထိ တောင်ကိုရီးယားနိုင်ငံရဲ့ (၁၅) ဆက်မြောက်သမ္မတ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

မစ္စတာကင်မ်ဒေးဂျုံရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ လုပ်ဆောင်မှုတွေ၊ အထူးသဖြင့် မြောက်ကိုရီးယားနိုင်ငံနဲ့ ငြိမ်းချမ်းရေး နဲ့ ပြန်လည်သင့်မြတ်ရေး ဆိုင်ရာ ကြိုးပမ်းအားထုတ်မှုတွေကြောင့် ၂၀၀၀ ပြည့်နှစ်မှာ နိုဘဲလ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံခဲ့ရပါတယ်။ တောင်ကိုရီးုယားနိုင်ငံရဲ့ ပထမဆုံးနဲ့ ခုချိန်ထိ တဦးတည်းသော နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်ပါ။ သူ့ရဲ့ အာဏာရှင်ဆန့်ရေး ရုန်းကန် တိုက်ပွဲဝင်မှုတွေကြောင့် အာရှတိုက်ရဲ့ နယ်လ်ဆန် မင်ဒဲလားဆိုပြီး တင်စား ခေါ်ဝေါ်တာ လည်း ခံခဲ့ရပါတယ်။

ဒီမိုကရေစီရေးအတွက် ရုန်းကန်လှုပ်ရှားကြရာမှာ အတက်အကျ အနိမ့်အမြင့်တွေနဲ့ ကြုံတွေ့ရတတ်တာမို့ စိတ်မပျက် အားမလျှော့ဘဲ ဆက်လက်ကြိုးစားသွားကြဖို့ သူ့အတွေ့အကြုံနဲ့ယှဉ်ပြီး မစ္စတာ ကင်မ်ဒေးဂျုံက အားပေးခဲ့တယ်လို့ ကိုကျော်ဝင်း က ပြန်ပြောပါတယ်။

“တခါတလေကျရင် ကျနော်တို့ စိတ်ဓါတ်ကျတာတွေ ဖြစ်ကောင်းဖြစ်မယ်၊ ဒါပေမဲ့ သူ ပြောတာက စိတ်ဓါတ်မကျပါနဲ့တဲ့။ ဆက်လုပ်ကြပါတဲ့။ သူတို့တုန်းကလည်း အဲဒီလို ကြုံခဲ့တယ်။ ကျနော်တို့လည်း ဒီလိုပဲ ဖြစ်ပါလိမ့်မယ်တဲ့။ ဒါပေမဲ့ ဆက်လုပ်ဖို့ လိုပါတယ်တဲ့။ နောက်ဆုံး အာဏာရှင် ဆိုတာ ပြုတ်ချရမှာပါတဲ့။ နောက်ဆုံး ကျနော်တို့ကို မှာတဲ့စကားပါ။”

တောင်ကိုရီးယားသမ္မတဟောင်း နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် မစ္စတာ ကင်မ် ဒေးဂျုံနဲ့ ဒီကနေ့တွေ့ဆုံပွဲမှာပါဝင်ခဲ့တဲ့ ဗကသ များအဖွဲ့ ချုပ်က ကိုကျော်ဝင်းပါ။

ဒီကနေ့တွေ့ဆုံကြရာမှာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်ကြတဲ့ ဦးတက်ဒီဘူးရီ နဲ့ ဦးသိန်းဦး တို့လည်း ပါဝင်ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ မြန်မာစစ်အစိုးရနဲ့ စီးပွားရေးအဆက်အဆံရှိတဲ့ ကုမ္ပဏီတွေရှိသလို မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံ အားပေးတဲ့ မစ္စတာ ကင်မ်ဒေးဂျု ံတို့လို ထင်ရှားတဲ့ပုဂ္ဂိုလ်တွေလည်း ရှိတဲ့နိုင်ငံပါ။

ဒီကနေ့လို အလှူငွေပေးအပ်ပြီး ထောက်ခံမှုပြသတာကတော့ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုအတွက် တတပ်တအား ဖြစ်စေ ကြောင်း တက်ရောက်သူတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG