သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး လုံခြုံရေးကောင်စီ စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ ကုလအရာရှိ အကြံပြု


မြန်မာပြည်တွင်း လူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်းစစ်ဆေးဖို့ ၂၀၀၀ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ တာဝန်ယူခဲ့တဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ပါမောက္ခ ပေါ်လို ဆာဂျီယို ပင်ညဲရိုး (Paulo Sergio Pinheiro) က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအနေနဲ့ မြန်မာစစ်အစိုးရရဲ့ လူသားမဆန်တဲ့ ရာဇဝတ်မှု ကျူးလွန်ခဲ့တာတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်တခု အမြန်ဆုံး ဖွဲ့စည်းသင့်တယ်လို့ နယူးယောက် တိုင်းမ်စ် သတင်းစာမှာ မေလ ၃၀ ရက်နေ့က ဆောင်းပါး တပုဒ် ရေးပြီး တိုက်တွန်းခဲ့ပါတယ်။

မစ္စတာပင်ညဲရိုးက ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ သူ့အနေနဲ့ အတန်တန် တိုက်တွန်း ခဲ့ပေမဲ့လည်း အရာမရောက်ခဲ့ဘူးလို့ ဆိုပါတယ်။ အနည်းဆုံးတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာရဲ့ အာရုံ စူးစိုက် မှုကို ထိုက်ထိုက်တန်တန် ခံနေရပေမဲ့ မြန်မာနိုင်ငံ လူဦးရေစုစုပေါင်းရဲ့ သုံးပုံတပုံလောက် ရှိတဲ့ လူနည်းစု တိုင်းရင်းသား တွေကတော့ နိုင်ငံတကာရဲ့ မသိကျိုးကျွန်ပြုခြင်းတွေရဲ့နောက်ကွယ်မှာ ဆင်းရဲဒုက္ခ အမျိုးမျိုးကို ခံစားနေရတယ်လို့ ဆိုပါ တယ်။ ပြီးခဲ့တဲ့ ၁၅ နှစ်အတွင်း လူနည်းစုတိုင်းရင်းသား ကျေးရွာပေါင်း ၃,၃၀၀ ကျော် ဖျက်ဆီးခြင်း ခံနေရတဲ့အပြင်၊ အဓမ္မ လုပ်အားပေးခိုင်းစေမှုတွေ၊ ကလေးစစ်သားစုဆောင်းမှု၊ ကျေးရွာက အမျိုးသမီးတွေကို မြန်မာစစ်သားတွေ မုဒိမ်းကျင့်မှု တွေ ပြုခဲ့တဲ့အပေါ်မှာ စစ်အစိုးရက တာဝန်ယူဖို့ ပျက်ကွက်ခဲ့တယ်လို့ မစ္စတာ ပင်ညဲရိုး က ထောက်ပြပါတယ်။ နောက်နောင်မှာ ဆိုးရွားတဲ့ လူအခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက် ကျူးလွန်ခြင်းက ကာကွယ်နိုင်အရေးအတွက် လုံခြုံရေးကောင်စီအနေနဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် အမြန်ဆုံး ဖွဲ့စည်းဖို့ မစ္စတာ ပင်ညဲရိုး က အကြံပြု တိုက်တွန်း ခဲ့တာပါ။ လက်ရှိ မြန်မာ့နိုင်ငံအရေး အရှုပ်အရှင်းအပေါ် ဘယ်လို သုံးသပ်မိလို့ ခုလို အကြံပြု တိုက်တွန်းခဲ့ပါသလဲ ဆိုတာကို သိရအောင် မစ္စတာပင်ညဲရိုး ကို ဆက်သွယ်မေးမြန်း ကြည့်ပါတယ်။

"ကျနော် ပထမဆုံး ဇောင်းပေးပြောချင်တာကတော့ ဒီလိုပါ။ မြန်မာပြည်ရဲ့ ပြဿနာဟာ ဒေသတွင်းလုံခြုံရေးအတွက် ခြိမ်းခြောက်မှုတရပ် မဟုတ်ဘူးဆိုပြီး မြန်မာ့အိမ်နီးချင်းတချို့က လွယ်လွယ်နဲ ့ဆင်ခြေပေးတာဟာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ခိုင်မာပြီးပြည့်စုံတဲ့ သုံးသပ်ချက်မျိုး မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ နိုင်ငံပေါင်း ၂၀ ရဲ့ အမှုကိစ္စတွေမှာ လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်တဲ့အပေါ် အခြေခံပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေနဲ့ဆုံးဖြတ်ချက် ချမှတ်တာတို့ ကြားဝင်ဖြေရှင်းတာမျိုးတို့ ပြုလုပ်ခဲ့ဖူးပါတယ်။ မြန်မာ့အရေးဟာ ဒေသတွင်းလုံခြုံရေးအတွက် ခြိမ်းခြောက်မှုရှိမရှိ ဆိုတာကို ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ နည်းတွေထဲက တခုကတော့ စုံစမ်း စစ်ဆေးရေး ကော်မရှင်တခု ဖွဲ့စည်းတာပဲဖြစ်ပါတယ်။ ကျနော့်အနေနဲ့ အရှေ့တီမောနဲ့ တိုဂိုနိုင်ငံ အရေးနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲစည်းခဲ့တုန်းက ကိုယ်တိုင် ပါဝင်ပတ်သက်ခဲ့ဖူးပါတယ်။ နိုင်ငံတကာအနေနဲ့ မြန်မာ့နိုင်ငံရေး ပြဿနာ နှစ်ရှည်လများ ရှေ့ ဆက်မတိုးနိုင်တဲ့ အဖြစ်ဆိုးကနေ အမြန်ဆုံး ရုန်းထွက်နိုင်ဖို့ လိုအပ်ပါတယ်။

အခုချိန်ထိ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ ဆောင်ရွက်ခဲ့မှုအပေါ်မှာ ဘယ်လို မြင်ပါသလဲ၊ -

"ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေနဲ့ မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့ မိတ်ဆွေ ၁၉ နိုင်ငံအဖွဲ့ကို ဖွဲ့စည်းလိုက်တာ ကိုတော့ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဒီအဖွဲ့က သိပ်ကြီးလွန်းတယ်လို့ ထင်ပါတယ်။ မြန်မာ့အရေး အတွက် ပိုပြီး ကျစ်ကျစ်လျစ်လျစ် ဆောင်ရွက်နိုင်တဲ့ နိုင်ငံ သုံးလေးနိုင်ငံလောက်ပါတဲ့ အဖွဲ့ဆိုရင် ပိုထိရောက်မယ်လို့ ကျနော် မြင်ပါတယ်။ ဥပမာ - အမေရိကန်၊ အာဆီယံ၊ တရုတ်နဲ့ကုလသမဂ္ဂတို့ ပါဝင်တဲ့အဖွဲ့ လိုမျိုးပေါ့။ ဒီလိုအဖွဲ့ကနေတဆင့် လိုအပ်ရင် လိုအပ်သလို တခြားနိုင်ငံတွေနဲ့ပါ ဆွေးနွေးတိုင်ပင်လို့ရတာပေါ့။"

အဲဒီလို အဖွဲ့မျိုးဖွဲ့စည်းတယ်ထားဦး၊ သူတို့က ဘယ်လိုကိစ္စတွေကို လုပ်ဆောင်နိုင်မှာလဲ။ လုပ်ဆောင်သင့်တယ်လို့ ထင်ပါ သလဲ။ -

"နောက်အရေးကြီးတာတခုက ပြီးခဲ့တဲ့ ၈ နှစ်တာ ကာလအတွင်း ကျနော်အနေနဲ့ ထပ်ခါတလဲလဲ ပြောခဲ့ပါတယ်။ ချဉ်းကပ်ပုံ ပေါ်လစီတမျိုးတည်းနဲ့ အလုပ်မဖြစ်နိုင်ပါဘူးဆိုတာ။ တကယ်ပဲ လိုအပ်နေတာက ဘက်ပေါင်းစုံက ချဉ်းကပ်မှုတွေ လိုအပ် တယ်။ ချဉ်းကပ်မှု အားလုံးဟာလည်း ဟန်ချက်ညီဖို့လိုတဲ့အပြင် တစိုက်မတ်မတ် ဆောင်ရွက်ဖို့ အရေးကြီးပါတယ်။ ကျနော် မြန်မာ့လူအခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့စဉ် ၈ နှစ်တာ ကာလအတွင်း ဒီလိုမျိုး တခါမှမရှိခဲ့ဖူးပါဘူး။ ဥပမာ - အခု အမေရိကန် သမ္မတအိုဘားမား က မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ပိတ်ဆို့ ဒဏ်ခတ်တဲ့မူကို သုံးသပ်နေပါတယ်။ ကျနော်အနေနဲ့ ပိတ်ဆို့ဒဏ်ခတ်မှုကို ရုတ်သိမ်းလိုက်ဖို့ တခါမှ အကြုံမပြုခဲ့ဖူးပါဘူး။ ဒါပေမဲ့ ပိတ်ဆို့မှု တခုတည်းနဲ့ မလုံလောက်ပါဘူး။ သံတမန်ရေးလမ်းကြောင်းကနေလည်း ထိထိမိမိ ပူးတွဲဆောင်ရွက်ဖို့ အင်မတန် အရေးကြီးပါတယ်။"

သံတမန်လမ်းကြောင်းကဆိုလို့ အာရှနိုင်ငံတွေကလည်း သူတို့စကားနဲ့ပြောရရင် အပြုသဘောဆောင်တဲ့ သံတမန် လမ်းကြောင်းကနေ မြန်မာစစ်အစိုးရကို ထိတွေ့ဆက်ဆံနေပေမယ့် သိပ်မထူးဖြစ်နေတော့ မစ္စတာ ပင်ညဲရိုး အနေနဲ့ သံတမန်လမ်းကြောင်းအရ ဒီထက်ထိရောက်အောင် ဘယ်လိုလုပ်နိုင်မယ်လို့ ထင်ပါသလဲ။ -

"မြန်မာနိုင်ငံဟာ တရုတ်နဲ့ အိန္ဒိယကြားမှာ ရှိတာကြောင့် ပထဝီနိုင်ငံရေးအရ သံတမန်နည်းအရ ချဉ်းကပ်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ဒါပေမဲ့ အာရှနိုင်ငံတွေ ပြောနေတဲ့ အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုမျိုးကို ကျနော် မဆိုလိုပါဘူး။ ထင်ထင်ပေါ်ပေါ်နဲ့ ကမ္ဘာကို သိစေဖို့ရုံလောက် ဟန်သဘောနဲ့ တွေ့ဆုံတာမျိုးမဟုတ်ဘဲ တကယ်ပဲ အသံတိတ်တိတ်နဲ့ ကန့်လန့်ကာ နောက်ကွယ်ကပဲဖြစ်ဖြစ် အဖြေမထွက် ထွက်တဲ့အထိ အကြိတ်အနယ် ဆွေးနွေးပြောဆို ညှိနှိုင်းတဲ့ ပုံစံမျိုးကို ဆိုလိုတာပါ။ အချုပ်ပြောရရင်တော့ မြန်မာပြည်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီ အနေနဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းဖို့ဆိုတာဟာ မြန်မာ့နိုင်ငံရေး ပြဿနာ ဖြေရှင်းရာမှာ အကျိုးရှိမယ်လို့ ထင်တဲ့ ချဉ်းကပ်ပုံ မူအမျိုးမျိုးထဲက တခုသာ ဖြစ်ပါတယ်။ တကယ်ပဲ ထိရောက်အောင် ဆိုရင် ဘက်ပေါင်းစုံ၊ ရှုထောင့် ပေါင်းစုံကနေ တပြိုင်နက်တည်း ဟန်ချက်ညီညီ ဆောင်ရွက်ပြီး၊ ကောက်ရိုးမီးလို မဟုတ်ဘဲ တစိုက်မတ်မတ် ဆောင်ရွက် သွားဖို့ လိုအပ်ပါတယ်။"

ပါမောက္ခ ပေါ်လို ဆာဂျီယို ပင်ညဲရိုး က ရှင်းပြခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG