သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေးမှာ ပလပ်စတစ်ထုတ်ပိုးပစ္စည်း မသုံးရ အမိန့်ထုတ်


မန္တလေးမြို့ကို ပလပ်စတစ် ကြွတ်ကြွတ်အိတ်ကင်းစင်မြို့တော် ဖြစ်စေဖို့အတွက် အခုလကုန်ပိုင်းလောက်ကစပြီး ပလပ်စတစ်အိတ်တွေကို သုံးစွဲခြင်းမလုပ်ဖို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီကနေ သတင်းစာထဲမှာ တရားဝင် ထည့်ပြီး ဖော်ပြထားပါတယ်။ ဒီတော့ သုံးစွဲတဲ့သူတွေ ထုတ်လုပ်တဲ့သူတွေကိုရော စည်ပင်သာယာက ဘယ်လို တွေ တားမြစ်ထားသလဲ….. အဲဒီ ကြွတ်ကြွတ်အိတ်အစား တခုခု ပြန်အစားထိုး သုံးစွဲဖို့ စည်ပင်သာယာဘက်က လုပ်ဆောင် ပေးတာမျိုးရော ရှိလားဆိုတဲ့ အခြေအနေ တွေကို မနန္ဒာချမ်းက စုံစမ်းတင်ပြထားပါတယ်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီကနေပြီးတော့ မန္တလေးမြို့ဟာ ပလပ်စတစ် ကြွတ်ကြွတ်အိတ် ကင်းစင် ရေး မြို့တော် ဖြစ်ရမယ်ဆိုပြီး အခုလ ၂၁ ရက်နေ့ နောက်ပိုင်းစလို့ မန္တလေးမြို့သူ မြို့သားတွေအနေနဲ့ ပလပ်စတစ်အိတ် တွေ သုံးစွဲတာ မလုပ်ဖို့ ကန့်သတ်ခဲ့ပါတယ်။ အဲဒီလို ကန့်သတ်တာကိုလည်း အခုလဆန်း ၃ ရက်နေ့ကတည်း ကစပြီး မန္တလေး နေ့စဉ်သတင်းစာမှာ ဖော်ပြထားတာပါ။ မန္တလေးမြို့ရဲ့ ပလပ်စတစ်သုံးစွဲတဲ့ အလေ့အထ နဲ့ စွန့်ပစ်မှု အလေ့အထ ဟာ ဘယ်လောက်ထိ ဆိုးသလဲဆိုရင် မန္တလေးမြို့ခံတဦး ပြောပြခဲ့တာက

“လက်ဘက်ရည်ဆိုင်တို့၊ ကွမ်းယာဆိုင်တို့ တော်တော်များများ သုံးကြတယ်။ ကျန်တဲ့ ဥစ္စာတွေက အခြောက်အခြမ်းကတော့ ဟင်းသီးဟင်းရွက် ဝယ်လည်း အဲဒီ ကြွတ်ကြွတ်အိတ် နဲ့ သုံးတာကိုး။ ဝက်သားဆိုင်တို့၊ ဘာတို့ အတော်များများလည်း အဲဒီ အိတ်ပဲ သုံးတယ်။ အများဆုံးကတော့ လက်ဘက်ရည်ဆိုင်တွေ အများဆုံးသုံးတယ်။ သုံးပြီးတော့ ဒီအတိုင်းပဲ ပစ်ထားလိုက် တာပဲ။ တောင်းထဲကို စနစ်တကျ မထားဘူး။ အမှိုက်ကားဆိုတာကလည်း သိမ်းချင်တဲ့အချိန်၊ လာချင်တဲ့ အချိန်မှ လာတာ ကိုး။ တခါတလေ လမ်းဘေးတွေမှာလည်း အိတ်တွေ။ အမှန်ကတော့ မန္တလေး က ကားလာမှ အမှိုက် သွန်ရတာကိုး။ အမှိုက် ပုံးရယ်လို့ မရှိဘူး။ ကားတွေကလည်း အချိန်မတော်လာကြတော့ အိမ်မှာ အမှိုက်တွေများ၊ လမ်းမပေါ်မှာလည်း ပလပ်စတစ် အိတ်ကလည်း ပွစိတက်၊ ည မိုးချုပ်လို့ရှိရင်၊ လမ်းမှာ ထွက်ပုံထားလိုက်တာ ဖြစ်တယ်။”

အခုလို ပလပ်စတစ် ကြွတ်ကြွတ်အိတ် တွေအစား ဟိုးအရင်ခေတ်တွေတုန်းကလို ဖက်ရွက် သုံးတဲ့ ဓလေ့ကို ပြန်သွားနေကြ ပြီး တချို့ဖက်အမျိုးအစားကလည်း ဈေးကြီးတဲ့အတွက် လူတွေမှာ ပေါပေါလောလောရနိုင်မယ့် ဖက်ရွက်တွေကိုသာ အစား ထိုး သုံးစွဲ နေရတဲ့အကြောင်း အဲဒီမြို့ခံက အခုလို ဆက်ပြောပြပါတယ်။

“ပလပ်စတစ် အစား ပြန်သုံးနေကြတာက ငှက်ပျောဖက်၊ ဗာဒံ၊ ကြာဖက်ရယ် အဲဒါတွေ တော်တော်များ ပြန်သုံးကြတယ်။ အင်ဖက်ကတော့ ရှားတယ်။ ငှက်ပျောဖက်က ဈေးကြီးတော့ ဗာဒံကိုပဲ သုံးကြတာ။ အရင်တုံးက ကွမ်းယာတွေမှာ စက္ကူနဲ့ ကတော့လေးလုပ် ထုတ်ကြတယ်။ အခုတော့ ပလပ်စတစ်အိတ်ကို သုံးတာ။ အခုတော့ အဲဒါမသုံးရဘူးဆိုတော့ စက္ကူနဲ့ ဗာဒံရွက်တွေကို သုံးကြရတယ်။”

တခါ ပလပ်စတစ် ကြွတ်ကြွတ်အိတ် ထုတ်လုပ်တဲ့ လုပ်ငန်းကုမ္ပဏီတွေနဲ့ ရောင်းဝယ်ဖောက်ကားသူတွေအနေနဲ့လည်း အခုလ ၂၁ ရက်နေ့ နောက်ပိုင်းကစလို့ ထုတ်လုပ်တာ၊ ရောင်းဝယ်တာ၊ လက်ဝယ်ထားရှိတာတွေ မလုပ်ဖို့ကိုလည်း တားမြစ် ခဲ့ပါတယ်။ ဒါကြောင့် ဒီလုပ်ငန်းလုပ်ကိုင်သူတွေအနေနဲ့လည်း ဒီတားမြစ်ချက်အပေါ် အတော်လေး စိတ်မသက်မသာ ဖြစ်ကြ ရပြီး၊ စီးပွားရေး ထိခိုက်နစ်နာမှုအတွက် ဘာမှလဲ ပံ့ပိုးကူညီပေးတာ မရှိဘူးလို့ ပလပ်စတစ် ကြွတ်ကြွတ်အိတ် ရောင်းဝယ် ဖောက်ကားသူ တဦးက ပြောပြပါတယ်။ အခုလို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ မန္တလေးမြို့ဟာ ပလပ်စတစ်အိတ် ကင်းစင်မြို့တော် ဖြစ်ရမယ်ဆိုတဲ့ စီမံကိန်းဟာ ဘယ်လောက်အထိ အောင်မြင်နိုင်သလဲဆိုတဲ့အပေါ် မန္တလေးမြို့ခံ နောက်တဦး ပြောပြတာကတော့

“ဖက်ကတော့ ဆွေးမြေ့သွားရင် မြေသြဇာ ဖြစ်သွားတာပေါ့။ ပလပ်စတစ်တွေက မဆွေးမြေ့ဘဲနဲ့ လေတိုက်တော့ လွင့်သွား ပြီး မြောင်းထဲမှာ ဆို့သွားတာတွေ ဖြစ်သွားတာပေါ့။ သူတို့ကတော့ ၂၁ရက်နေ့ နောက်ဆုံးဆိုတာက အတိအလင်း ကြေညာ သွားပြီ။ လူတွေကတော့ အခုထိ သုံးကြတုန်းပဲ။ သူတို့ စက်ရုံကြီးတွေ ပိတ်ခိုင်းပြီးတော့၊ စက်ရုံကြီးတွေက မထုတ်တော့ ဘူးဆိုရင် သုံးစရာ မရှိတော့ဘူးဆိုရင် ရှေးတုန်းကအတိုင်း ဖက်တို့ပဲ သုံးကြမယ်ထင်တယ်။”

ဒါကတော့ အခုလ ၂၁ ရက်နေ့နောက်ပိုင်းကစလို့ မန္တလေးမြို့မှာ ပလပ်စတစ် ကြွတ်ကြွတ်အိတ် သုံးစွဲမှု ကင်းစင်ရေး မန္တလေးမြို့စည်ပင်သာယာရေးကော်မတီရဲ့ စီမံကိန်းနဲ့ပတ်သက်လို့ မန္တလေးမြို့ခံတွေရဲ့ အမြင်တွေနဲ့ လက်ရှိအခြေအနေ တွေ အပေါ် ပြောပြချက်တွေကို ကြားခဲ့ရတာဖြစ်ပါတယ်ရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG