သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ဂုဏ်သိက္ခာထိခိုက်စေမယ့် ပုံတုများ ဖြန့်ဝေ


နေအိမ်အကျယ်ချုပ် ဥပဒေကို ချိုးဖောက်တယ်ဆိုပြီး အင်းစိန်ထောင်မှာ ချုပ်ခံထားရပြီး တရား ရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သိက္ခာကျစေမယ့်ပုံတွေ အထက်မြန်မာပြည် ဒေသတချို့မှာ ဖြန့်ချိနေတယ်လို့ ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို တိတ်တဆိတ် ဝင်ရောက်ခဲ့တဲ့ အမေရိကန် နိုင်ငံသား ဂျွန်ယက်တောရဲ့ ပုံတွေကို ကွန်ပြူတာ ဂရပ်ဖစ်နည်းတွေနဲ့ ပြုလုပ် ဖန်တီးထားပြီးတော့ လွန်ခဲ့တဲ့ ၂ရက်လောက်ကတည်းက လူမသိ သူမသိ မနက် လင်းအချိန်မှာ လမ်းပေါ်နဲ့ အရောင်းဆိုင်တွေမှာ ဖြန့်ဝေခဲ့တယ်လို့ မန္တလေး မြို့ခံ လူငယ်တဦးက ပြောပါတယ်။ ဒီပုံတွေကို ဘယ်သူဘယ်ဝါနဲ့ ဘယ်အဖွဲ့အစည်းက ဖြန့်ဝေခဲ့တယ်ဆိုတာ မသိပေမဲ့ ကွန်ပြူတာနဲ့ ဖန်တီးထားတဲ့ ပုံတွေ ဖြစ်တယ် ဆိုတာကို ကြည့်တာနဲ့ အားလုံးက သိတယ်လို့ အဲဒီ လူငယ်က ပြောပါတယ်။

“ ဘယ်လို ပုံစံဝေသလဲဆိုရင် သူတို့က ပေါ်တင် မဝေဘူးခင်ဗျ။ အိမ်ယာထတဲ့အချိန် အိမ်ရှေ့တွေ၊ ဆိုင်ရှေ့တွေမှာ အန်တီစုရဲ့ ပုံတွေကို အများကြီး ကျဲသွားတဲ့ ပုံစံမျိုးထားခဲ့တာ။ ပုံတွေကို ကြည့်လိုက်တော့ အန်တီစု က ဂျွန်ယက်တောရဲ့ ရင်ခွင်ထဲမှာ လဲှအိပ်နေတဲ့ ပုံတွေ လုပ်ထားတယ်။ စာမှာလည်း စိတ်ရှုပ်ရပြီ၊ မောင်လေးရယ် ဆိုပြီး ရေးထားတယ်။ နောက်ခံပုံကတော့ အန်တီစုရဲ့အိမ်ကို နောက်ခံထား ထည့်ထားတယ်။ လူထုကတော့ ကွန်ပြူတာနဲ့ ဖန်တီးထားတဲ့ ပုံဆို တော့ သိပါတယ်ခင်ဗျ။ ပြည်သူလူထုက နလပိန်းတုံး မဟုတ်ပါဘူး ခင်ဗျ။ ဒါကြီးတွေက သူတို့ လုပ်ထားပါတယ်။ ကွန်ပြူတာနဲ့ ထပ်ထားပါတယ်ဆိုတာ အားလုံးက မြင်လိုက်တာနဲ့ သိပါတယ်ခင်ဗျ။”

အခုလို ကွန်ပြူတာ ဂရက်ဖစ် နည်းပညာတွေနဲ့ ဖန်တီးပြီး လုပ်ထားတဲ့ ပုံတွေကို တွေ့ရတဲ့ သူတိုင်း စိတ်ဆိုး ဒေါသဖြစ်ရ တယ်လို့ သူက ပြောပါတယ်။

“ပြည်သူလူထုကတော့ လုပ်ကြံထားတဲ့ပုံ မှန်း သိရတော့ စိတ်တိုပြီး ဆွဲဆုတ်ပစ်တယ်။ နောက်ပြီးတော့ တော်တော် အောက်တန်းကျတယ်ဆိုပြီးလည်း ပြောပါတယ်။ ပြည်သူလူထုကတော့ အဲဒါတွေကို လက်မခံပါဘူး။ အော့နှလုံးနာပါတယ်။ ပိုပြီးတော့ အော့နှလုံး နာကုန်ကြတယ်။ ပြည်သူတွေ လွှတ်ပေးဆိုပြီး လှုပ်ရှားမှု စတဲ့အချိန်ကစပြီး တန်ပြန်လုပ်တာပေါ့။ အဲဒီလို နားလည်ပါတယ်။ ပြည်သူကတော့ တော်တော်လေး ပိုရွံသွားပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်မှာ ဖမ်းဆီးပြီးတော့ အထူးတရားရုံးမှာ အမှု စစ်ဆေးနေကတည်းက အပြစ် မရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ဓာတ်ပုံဖြန့်ဝေတဲ့ လှုပ်ရှားမှုတွေကို အထက်မြန်မာပြည်က စတင်နေပါတယ်။ အဲဒီ လှုပ်ရှားမှုအပေါ် လူထုရဲ့ အာရုံ စူးစိုက်မှုနဲ့ ထောက်ခံအားပေးမှုတွေ ရလာတာကြောင့် အခုလို သိက္ခာချထားတဲ့ ပုံတွေကို ဖြန့်ဝေနေတာဖြစ်တယ်လို့ ရေနံချောင်းအန်အယ်လ်ဒီအဖွဲ့ဝင် ဒေါ်ခင်စောဌေးက ပြောပါတယ်။

“သိက္ခာချင်း မတူတဲ့ လူတွေ လုပ်တဲ့ အလုပ်ကိုး။ အန်တီတို့ ရေနံချောင်းမှာတော့ မရှိပါဘူး။ ရန်သူချင်း တူဦးတော့ သိက္ခာ ရှိတဲ့ ရန်သူနဲ့ သိက္ခာမရှိတဲ့ ရန်သူဆိုတာ ရှိသေးတာပဲ။ အန်တီတို့ လုပ်တဲ့ လှုပ်ရှားမှုက အောင်မြင်နေတာကိုး။ လူထု နောက်က လိုက်တယ်ဆိုတာ သိနေတော့။ သူတို့ ဒီလို ပြလိုက်တာဟာ စိတ်ထားယုတ်တယ်ဆိုတာ ပြလိုက်တာပဲ။ သူတို့ ကတော့ ဂရုမစိုက်ပါဘူး။ အန်တီတို့က စိတ်မကောင်းဘူး။ ကိုယ့်နိုင်ငံမှာ ဒီလောက်တောင် အောက်တန်းကျနေတာ။ စိတ်ထား ဒီလောက်မကောင်းနေကြတာ။ ဗုဒ္ဓဘာသာတွေဖြစ်ပြီးတော့။ ဘယ်လောက်ပဲ အလှူဒါနတွေ လုပ်လုပ် စိတ်ထား မကောင်းရင် အလကားပဲ”

အခုလို ကွန်ပြူတာတွေနဲ့ ပြုပြင်ဖန်တီးထားတဲ့ ပုံတွေကို လွန်ခဲ့တဲ့ ၂ရက်လောက်က မန္တလေးနဲ့ အခြား မြေလတ်ပိုင်း မြို့ တွေမှာ အများအပြား ဖြန့်ဝေတာတွေ့ရပေမဲ့ နောက်ရက်တွေမှာတော့ ဒီပုံတွေကို အများအပြား ဖြန့်ဝေတာ မတွေ့ရဘူးလို့ မန္တလေး ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG