သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကေအိုင်အေ ကချင်တပ်ဖွဲ့နဲ့ ဝတပ်ဖွဲ့တွေ စစ်ရေးလေ့ကျင့်ပြင်ဆင်


ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) ကို နယ်ခြားစောင့်တပ်အဖြစ်
အသွင်ပြောင်းရေးအတွက် မြန်မာစစ်အစိုးရက တောင်းဆိုလိုက်တဲ့နောက်မှာ
ကေအိုင်အေက သူတို့နယ်မြေအတွင်းမှာ စစ်ရေးလေ့ကျင့်တာတွေ ပိုမိုလုပ်ဆောင်လာ
သလို မြန်မာစစ်အစိုးရရဲ့ တပ်တွေဘက်ကလည်း လှုပ်ရှားမှုတွေ ရှိလာနေတယ်လို့
ဒေသခံတွေက ပြောပါတယ်။ ဒီအခြေအနေမှာ ကချင်ပြည်နယ်က လူထုတွေက ၁၉၉၄
အပစ်အခတ် မရပ်စဲခင် ကာလကလို တိုက်ပွဲတွေ ပြန်ဖြစ်မှာကို စိုးရိမ်နေပါတယ်။
ဒီအကြောင်း အပြည့်အစုံကို ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြ
ထားပါတယ်။

ကေအိုင်အေနဲ့ မြန်မာစစ်တပ်တွေရဲ့ စစ်ပြင်ဆင်မှု အခြေအနေကို ကချင်ပြည်နယ်က
ဒေသခံတွေက အခုလို ပြောပါတယ်။

“ပြင်ဆင်တာတော့ ရှိပါတယ်။ ဒီ စစ်သင်တန်းတွေ ပိုပြီးမှ ရက်တွေ ပြန်တိုးချဲ့၊ အဲလိုမျိုး
တွေပေါ့။ အခုတလော တောထဲဝင်ပြီးတော့ လေ့ကျင့်တာတွေလည်း လုပ်နေကြပါ
တယ်။ ကေအိုင်အေ တပ်မဟာ ၂ ဘက်မှာပေါ့။ အရင်ကတည်းက လုပ်လာတာတော့
မရှိဘူး။ အခုမှလုပ်တာ။ ဒီစစ်သားတွေ စုဆောင်းတာလည်း ပိုပြီးမှ စုဆောင်းတာပေါ့
နော။ လေ့ကျင့်ရေးစခန်းမှာဆို စစ်သားတွေ ခါတိုင်းထက် အဆမတန် များနေတာပေါ့။
ရွာတွေ ဘာတွေဆိုရင်လည်း တချို့ စစ်သားမလုပ်ချင်တဲ့လူဆို မြို့မှာပဲနေပြီးမှ
ရွာတောင်မပြန်လာဘူး။ ဘာဖြစ်လို့လဲဆိုရင် ရွာရောက်ရင် စုဆောင်းခံရမှာ စိုးလို့ပေါ့။
ဒီနအဖဘက်က စစ်တပ်တွေတောင်မှ ကေအိုင်အေတွေက ဒီလိုကျင့်တော့ သူတို့လည်း
မြို့ထဲမှာ သေနတ်တွေပစ်၊ အဲလိုမျိုး သူတို့လည်း လေ့ကျင့်နေတယ်။ နှစ်ဖက်စလုံး
အပြိုင်အဆိုင် လေ့ကျင့်နေတာပေါ့။ ဒီ တနိုင်းဘက်မှာ။”

“အခုက ပြင်ဆင်တာပါပဲ။ လိုအပ်လာလို့ရှိရင်ဆိုတဲ့ အခြေအနေမျိုး ပြင်ဆင်တာပါပဲ။
ကြားတာကတော့ နအဖအစိုးရဘက်ကလည်း အဆင်သင့်ပဲ။ အခုတောင် ကျမတို့
ကြားတာ အဲဒီ ဗန်းမော်နဲ့ လွယ်ဂျယ်လမ်းပေါ့နော်၊ အဲဒီလမ်းဘက်မှာ ညညဆိုရင်
စစ်အစိုးရကားကြီးတွေ လက်နက်သယ်တယ်လို့၊ သူတို့က ညမှပဲ ဖြတ်တယ်၊ အဲဒီ
ကားတွေက ဘယ်မှာရပ်သွားလဲဆို ဆင်ဒုံမှာ။ ဗန်းမော်ကိုလည်း မကျော်ဘူး။
လွယ်ဂျယ်ကနေ ဆင်ဒုံကို ရောက်တယ်။ ဆင်ဒုံမှာက သူတို့ရဲ့ဗျူဟာလို့ ပြောလို့ရမယ့်
စစ်တပ်ရှိတော့ လက်နက်တွေ အဲဒီမှာပဲ စုတယ်လို့ အားလုံးက သုံးသပ်နေတယ်။
ရွာကလူတွေ၊ ရွာသားပြည်သူတွေပေါ့။”

နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးအတွက် မြန်မာစစ်အစိုးရက တောင်းဆို
ထားတာကို ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) က လူထုဆီက သဘောထား
ရယူပြီး အကြောင်းပြန်မယ်လို့ ဆိုခဲ့ပါတယ်။ ဒီလို သဘောထားရယူရာမှာ ကချင်
ပြည်သူတွေနဲ့ ကေအိုင်အေတပ်ဖွဲ့ဝင် အတော်များများက နယ်ခြားစောင့်တပ်အဖြစ်
အသွင်ပြောင်းရေးကို လက်မခံကြောင်း စာတွေရရှိပြီးတဲ့နောက်မှာ အခုလို စစ်ရေးအရ
ပြင်ဆင်တာတွေ ဆောင်ရွက်လာတာ ဖြစ်ပါတယ်။

ကေအိုင်အေနဲ့ မြန်မာစစ်တပ်ကြားမှာ တိုက်ပွဲတွေ ပြန်ဖြစ်လာမှာကိုတော့ ကချင်လူထု
အများစုက မလိုလားကြောင်း ဒေသခံ ကချင်အမျိုးသမီးက အခုလို ဆက်ပြောပါတယ်။

“အကယ်၍သာ ပြန်ပြီးတင်းမာလာမယ်၊ ပစ်ကြမယ် ခတ်ကြမယ်ဆိုရင်တော့ ပညာရေး
ကအစ၊ လုပ်ကိုင်စားသောက်တဲ့ စီးပွားရေးလုပ်ငန်းက အစ၊ အခြေခံ ပြည်သူလူထုတွေ
ကတော့ အများကြီး ဒုက္ခရောက်နိုင်တယ်။ နအဖဘက်ကလည်း ဘယ်နားမှာ
ဘာရှိတယ်၊ ဘယ်သူတွေနဲ့ ဘယ်သူတွေ ဆက်သွယ်တယ်ဆိုတာက သူတို့ အကုန်လုံး
သိနေပြီးသားလေ။ မြို့မှာပဲဖြစ်ဖြစ်၊ တောမှာပဲဖြစ်ဖြစ် ပြည်သူတွေအားလုံးက အရင်
ကထက်စာရင် ပိုပြီးတော့ ဒုက္ခရောက်မယ်၊ တိုက်မလား မတိုက်ဘူးလားဆိုတာက
အများကြီး ပြန်စဉ်းစားဖို့လိုပြီလို့ ဒီမှာဆုံကြတဲ့လူတွေ ဆွေးနွေးကြတာပေါ့။”

ကချင်ပြည်နယ်တောင်ပိုင်း မိုးညှင်း မိုးကောင်းဒေသက ရှမ်းအမျိုးသားတယောက်
ကလည်း သူ့အမြင်ကို အခုလို ပြောပါတယ်။

“စစ်ဖြစ်တယ်ဆိုတာကတော့ မကောင်းဘူးပေါ့ဗျာ။ တကယ်ပြောမယ်ဆိုရင် ပြည်သူ
တွေ နာတယ်လေဗျာ။ စစ်မဖြစ်ဘဲနဲ့ ရှောင်လွဲှတဲ့နည်းနဲ့ စေ့စပ်ဆွေးနွေးနိုင်ရင်တော့
ကောင်းတာပေါ့ဗျာ။ အပစ်မရပ်ခင်တုန်းကတော့ ဒါကတော့ နှစ်ဖက်ပေါ့ဗျာ၊ တဖက်
ကလည်း ကေအိုင်အေကို ထောက်ပံ့တယ်၊ ပံ့ပိုးတယ် ဘာညာဆိုပြီးမှ အစိုးရဘက်
ကလည်း သံသယမကင်းဘဲနဲ့ ချော၊ ပေါ်တာ ဘာညာခေါ်တာတမျိုး၊ ဖမ်းဆီးနှိပ်စက်
ခံရတာတမျိုး။ တခါ ဟိုဘက်ကလည်း ထိုနည်းလည်းကောင်းအတိုင်းပဲ၊ ဒါတွေဟာ
အစိုးရသူလျှို ဘာညာဆိုပြီးမှ လုပ်တာတမျိုး၊ နှစ်ဖက်စလုံးပါပဲ။ ခံရတော့ ပြည်သူ
လူထု ခံရတာပါပဲ။ အဲဒါတွေ ဖြစ်ခဲ့တာပါပဲ။”

ကေအိုင်အေနဲ့ မြန်မာစစ်တပ် အပစ်ရပ်ပြီးတဲ့နောက်မှာ ပြည်သူတွေ အေးအေး
ချမ်းချမ်း နေရတာကို မပျက်စီးလိုဘူးလို့ သူက ဆက်ပြောပါတယ်။

ကေအိုင်အိုအဖွဲ့က ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဗိုလ်မှူးကြီး ဂျိမ်းလွန်ဒေါင်း
ကတော့ စစ်ရေးပြင်ဆင်မှုတွေ လုပ်နေတယ်ဆိုတာနဲ့ စစ်ပွဲတွေ ပြန်ဖြစ်လာမယ်ဆိုတဲ့
သတင်းတွေကို လက်မခံပါဘူး။ ကေအိုင်အေကို အသွင်ပြောင်းရေးနဲ့ ပတ်သက်လို့
မြန်မာစစ်အစိုးရနဲ့ ကေအိုင်အေကြားမှာ ညှိနှိုင်းလို့ရနိုင်မယ်လို့ ယုံကြည်ထားပါတယ်။

“နအဖကနေ ဒီလိုတင်ပြလာတာ ဒါ သဘာဝကျပါတယ်။ ဒါပေမယ့် လက်တွေ့ပိုင်း
မှာကြ ဒီ Military ကို Reform လုပ်တာကို နောက်မှထားပါ၊ ရွေးကောက်ပွဲကို ပထမ
ထားပါ။ အဲဒီအစီအစဉ်ကိုလည်း အရှေ့ကဟာ အနောက်ထားလိုက်၊ အနောက်ကဟာ
အရှေ့ထားလိုက်၊ အဲဒါပဲဟာ။ ဒါလည်း ကျနော်တို့ ဆွေးနွေးလို့ရနိုင်တဲ့ဟာ၊ ဖြစ်လိမ့်
မယ်လို့ ကျနော်တို့ ယုံကြည်တယ်။”

ဗိုလ်မှူးကြီး ဂျိမ်းလွန်ဒေါင်းက ပြည်သူတွေတင်မြှောက်တဲ့ အစိုးရ တက်လာပြီးရင်
ပြည်သူတွေအတွက် အာမခံချက် အပြည့်အ၀ ရပြီဆိုရင်တော့ ကေအိုင်အေဟာ
အစိုးရတပ်မတော် ဖြစ်လာနိုင်တယ်လို့ ဆက်ပြောပါတယ်။

မြန်မာစစ်အစိုးရက ကေအိုင်အေ အပါအဝင် အပစ်ရပ်အဖွဲ့တွေကို နယ်ခြားစောင့်တပ်
အသွင်ပြောင်းရေးနဲ့ ပတ်သက်ပြီး ဧပြီလကုန်ပိုင်းက စတင် အကြောင်းကြားခဲ့ပါတယ်။
ကေအိုင်အေဟာ လူထုသဘောထား ရယူပြီး ဒီလပိုင်းအတွင်းမှာ မြန်မာစစ်အစိုးရနဲ့
ထပ်မံဆွေးနွေးဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။

ဒါကတော့ ကချင်ပြည်နယ်အတွင်းက အခြေအနေတွေ ဖြစ်ပါတယ်။ ရှမ်းပြည်နယ်
အတွင်းမှာလည်း ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံ မိုင်းဆတ်နယ်မှာ အခြေစိုက်တဲ့
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် တောင်ပိုင်းကလည်း ကချင်တပ်ဖွဲ့တွေလို
စစ်ရေးလေ့ကျင့်တာတွေ လုပ်ဆောင်လာနေတယ်။ တချိန်တည်းမှာလည်း မြန်မာ
စစ်အစိုးရဘက်ကလည်း တပ်အင်အား တိုးမြှင့်ချထားတာတွေ ရှိနေတယ်လို့
ထိုင်း-မြန်မာနယ်စပ်က ဒေသခံတယောက်က အခုလိုပြောပါတယ်။

“အခုက နအဖနဲ့ ၀ သိပ်အယုံအကြည် မရှိကြတော့ဘူး။ အဲဒါကြောင့် နယ်စပ်ဒေသမှာ
ရှိတဲ့ ဝအဖွဲ့အစည်းကလည်း သူတို့ ဒီ မြန်မာပြည် ထိုင်းနယ်စပ်မှာ နီးနီးလေးနေရာမှာ
အဲဒီမှာ စစ်ရေးတွေ တအားလေ့ကျင့်နေပြီ အခုက။ ဒီ မိုင်းကျွတ်မှာ မိုင်းတုံအနောက်
ပိုင်းက တပ်စခန်း အဲဒီနေရာကို စစ်ရေးလေ့ကျင့်နေတယ် အခုက။ နအဖကလည်း
သံလွင်မြစ်ကမ်းနားမှာတော့ တပ်မ ၂ခု ချထားတယ်တဲ့၊ ၆၆နဲ့ ၈၈။ အဲဒီတပ်မ ၂ခုက
သံလွင်မြစ် အဲဒီဘက်က နေရာယူထားတယ်တဲ့။ တာဆန်းတံတားနား ဒီဘက်ပိုင်းပေါ့။
တပ်မ ၈၈နဲ့ ၆၆က သူတို့ကလည်း အင်အားအပြည့်နဲ့ သံလွင်မြစ် ဒီဘက်က ကျော်လာ
ပြီးပြီပေါ့။ ဒီဘက် ကျနော်တို့ ပြောတဲ့နေရာတော့ သိပ်မဝေးကြဘူးပေါ့။ မြို့နယ်တခု
အတွင်းမှာပဲ။ ဒါဆို ဒီမှာလည်း စစ်ရေး တအားလေ့ကျင့်နေတယ်။ ဟိုမှာလည်း
စစ်အင်အားနဲ့ လာတယ်ဆိုတော့ သူတို့က ဘာလုပ်ကြမှန်း မသိသေးဘူးလေ။”

ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်ရဲ့ ဌာနချုပ်ကတော့ တရုတ်-မြန်မာနယ်စပ်
ပန်ဆန်းမှာ အခြေစိုက်တာ ဖြစ်ပါတယ်။

သူတို့ရဲ့ တောင်ပိုင်းတပ်ဖွဲ့ဟာ မိုင်းတုံ မိုင်းဆတ်နယ်မြေမှာ အခြေစိုက်ထားတာ ဖြစ်ပါ
တယ်။ မြန်မာစစ်အစိုးရဘက်က နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး ကမ်းလှမ်းတာကို
ဝတပ်ဖွဲ့က ငြင်းပယ်လိုက်တဲ့နောက်မှာ တောင်ပိုင်း ဝတပ်ဖွဲ့တွေကို တရုတ်-မြန်မာ
နယ်စပ်ဘက် ပြောင်းရွှေ့ဖို့ မြန်မာစစ်အစိုးရဘက်က တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက်မှာ အခုလို တင်းမာမှုတွေ ဖြစ်လာတာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG