သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဲန်အယ်လ်ဒီ အပါအဝင် နိုင်ငံရေးပါတီတွေနဲ့ ဘန်ကီမွန်း တွေ့မည်


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) မနက်ဖြန် မြန်မာနိုင်ငံ ရောက်တဲ့အခါ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံရေးပါတီ ၁၀ ခုတို့က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့လို့ရမယ်၊ မရဘူး ဆိုတာကတော့ ခုချိန်ထိ မရေရာသေးပါဘူး။ အပြည့်အစုံကို ဘန်ကောက်ရောက် ဝိုင်းတော်သား ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး အပါအဝင် အချက် ၃ ချက်ကို အဓိကထားပြီး ကြိုးပမ်းဆောင်ရွက်မယ့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းဟာ မနက်ဖြန် မနက်ပိုင်းမှာ မြန်မာနိုင်ငံကို ရောက်တော့မှာ ဖြစ်ပါတယ်။ သူနဲ့တွေ့ဆုံဖို့အတွက် အကြောင်းကြားထားတယ် ဆိုတာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဗွီအိုအေကို ပြောပါတယ်။

“မစ္စတာဘန်ကီမွန်းက NLD စီအီးစီနဲ့တွေ့မယ်လို့ အကြောင်းကြားစာ ရပါတယ်။ ကျနော်တို့ဘက်ကလည်း တွေ့မှာပါ။ တွေ့တဲ့အခါ ဘာတွေဆွေးနွေးမယ် ဆိုတာနဲ့ ပတ်သက်ရင် ကျနော်တို့ မသိပါဘူး။ ဒါ စီအီးစီပဲ စဉ်းစားဆုံးဖြတ်တာ။ အချိန်နဲ့ နေရာ မသိရသေးပါဘူး။”

တွေ့ဆုံမယ့်အထဲမှာ NLD အပြင် တခြားနိုင်ငံရေးပါတီ ၉ ခုလည်း ပါပါတယ်။ အဲဒီထဲမှာ ပါဝင်တဲ့ ပါတီတခုကတော့ တစည လို့ ခေါ်နေကြတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီပါ။ တစညရဲ့ တွဲဘက် အထွေထွေအတွင်းရေးမှူး ၁ ဦးခင်မောင်ကြီး က သူတို့ သွားတွေ့မယ့်အကြောင်း အတည်ပြုပြောပါတယ်။

“ဟုတ်တယ်၊ ဒီနေ့သွားမှာ ကျနော်တို့။ တွေ့ရမှာ မနက်ဖြန် မနက်။ ပါတီတခုကို ၅ ယောက် ဖိတ်တယ်လေ။ ၅ ယောက် သွားကြမှာပါ။ ကျနော်က ခေါင်းဆောင်သွားမှာပါ။ ကျန်တဲ့ ၄ ယောက်ကတော့ လူငယ်တွေပေါ့။ အခုနောက်ပိုင်း တက်လာ တဲ့ လူငယ်ပိုင်းပေါ့ဗျာ။”

မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီး အကြံပြုစာတစောင်ကို ဇွန်လ ၂၅ ရက်နေ့ကမှ အတွင်းရေးမှူးချုပ်ဆီ ပေးပို့ခဲ့တဲ့ UNA ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့ကတော့ တွေ့ရမယ့်အထဲမှာ မပါဘူးလို့ UNA အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျင့်ရှင်းထန်က ဗွီအိုအေကို ပြောပါတယ်။ ဒါပေမယ့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကတော့ တွေ့ရမယ့်ထဲမှာ ပါပြီး SNLD နဲ့ UNA ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် တဦးဖြစ်တဲ့ ဦးစိုင်းစောအောင်နဲ့ တခြားခေါင်းဆောင်တယောက် သွားတွေ့မယ့်အကြောင်း SNLD အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောပါတယ်။

“အတွင်းရေးမှူးအဖွဲ့ဝင် ၂ ယောက်၊ ဦးစိုင်းစောအောင်နဲ့ ဦးစိုင်းရွှေဂျူး၊ အရင်အပတ်ကလည်း SNLD က ၃ ယောက်ပဲ တက်ခွင့်ရတယ်။ ဒီတခေါက်ကျတော့လည်း ၂ စောင်ပဲ လာပေးပါတယ်။”

ဦးခင်မောင်ကြီးက ပါတီတခုကို ၅ ယောက် တွေ့ခွင့်ရတယ်လို့ ပြောခဲ့ပေမယ့် SNLD အဖွဲ့ကတော့ ၂ ယောက်ပဲ တွေ့ခွင့် ရပါတယ်။ SNLD အဖွဲ့ဟာ ၁၉၉၀ ပြည့် အထွေထွေရွေးကောက်ပွဲမှာ ဒုတိယ အမတ်နေရာ အများဆုံး အနိုင်ရခဲ့တဲ့ ပါတီ ဖြစ်ပြီး ဥက္ကဋ္ဌဖြစ်သူ ဦးခွန်ထွန်းဦးဟာ ပူတာအိုထောင်မှာ နှစ်ရှည် အကျဉ်းကျနေပါတယ်။

မစ္စတာဘန်ကီမွန်းရဲ့ ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး သံသယနဲ့ စောင့်ကြည့်ကြသူတွေက များပြီး အဓိကကတော့ မြန်မာ စစ် အစိုးရ ဟာ ဒီခရီးစဉ်ကို သူတို့အကျိုးအတွက် ခုတုံးလုပ် အသုံးချသွားမလားဆိုတဲ့ စိုးရိမ်စိတ် ရှိနေကြတာပါ။ မစ္စတာ ဘန်ကီမွန်း ကိုင်တိုင်ကလည်း သတိကြီးကြီးထားပြီး လုပ်နေပုံရတယ်ဆိုတာ ဂျပန်နိုင်ငံမှာ ရောက်တဲ့အချိန် သူပြောခဲ့တဲ့ စကားတွေက ပြနေပါတယ်။ သူ မြန်မာနိုင်ငံကို ရောက်မယ့် ဇူလိုင်လ ၃ ရက်၊ သောကြာနေ့ဟာ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားတဲ့ အမှုအတွက် ရုံးချိန်းပြန်ပေးထားတဲ့နေ့နဲ့ တိုက်ဆိုင်နေတာကြောင့် အဲဒီနေ့မှာမှ သူသွားဖို့ ဆုံးဖြတ်ခဲ့တာ ဟာ သံတမန်ရေးအရ စွန့်စားမှုများပေမဲ့ မြန်မာနိုင်ငံကိုသွားဖို့ သင့်တင့်လျောက်ပတ်တဲ့ အချိန်အခါ ရွေးချယ်ရတာကလည်း စိန်ခေါ်မှုတခုပါပဲလို့ မစ္စတာဘန်က အသိအမှတ်ပြု ပြောဆိုခဲ့ပါတယ်။

မြန်မာ့အရေးမှာ ကုလသမဂ္ဂက ကြားဝင်ဆောင်ရွက်နေတာ ဆယ်စုနှစ် နှစ်ခုနီးပါး ရှိလာခဲ့ပြီဖြစ်ပေမဲ့ တိုးတက်မှုတွေ သိသိသာသာ မရသေးတာကြောင့် ပြစ်တင်ဝေဖန်တာတွေနဲ့ ကုလသမဂ္ဂဟာ ရင်ဆိုင်နေရတာပါ။ ပြီးခဲ့တဲ့နှစ် မေလက နာဂစ် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးချိန်မှာ မြန်မာစစ်အစိုးရက ပြင်ပအကူအညီတွေ လက်ခံဖို့ တွန့်ဆုတ်နေခဲ့ချိန် မစ္စတာဘန်ကီမွန်း ပထမဆုံးအကြိမ် ကိုယ်တိုင်သွားရောက်ပြီး မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ မြန်မာအာဏာပိုင်တွေက ပြည်ပအကူအညီတွေကို ဖွင့်ပေးခဲ့တာကြောင့် မစ္စတာဘန်ကီမွန်းတယောက် မျက်နှာပန်း လှခဲ့ရပါတယ်။

ဒါပေမဲ့ အခုတကြိမ်က ပထမတကြိမ်နဲ့မတူဘဲ အကဲဆတ်လှတဲ့ နိုင်ငံရေးကိစ္စတွေကို ဆွေးနွေးပြောဆိုရမှာမို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အဖြစ် သက်တမ်း ထက်ဝက်နီးပါး ရှိလာပြီဖြစ်တဲ့ မစ္စတာဘန်ကီမွန်းအတွက် အတော့်ကို သတိထားရတဲ့ အခြေအနေ ရောက်နေမှာပါပဲ။ သူကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးပါဆိုပြီး မြန်မာနိုင်ငံထဲ မရောက်ခင်ကတည်းကိုက မြန်မာစစ်အစိုးရကို တဖွဖွ တောင်းဆိုနေခဲ့ပါတယ်။

မြန်မာ့နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေကြတဲ့ မြန်မာနိုင်ငံတွင်း နိုင်ငံရေး အင်အားစုတွေကတော့ မစ္စတာဘန်ရဲ့ ခရီးစဉ် အပေါ် အကောင်းမြင်သဘော သုံးသပ်ကြပါတယ်။ အခုတခေါက်လည်း ပထမတခေါက်လိုပဲ တခုခုရခဲ့ရင်တော့ နှစ်ဘက်လုံးအတွက် ကောင်းမှာပါလို့ မြင်သူက တစညပါတီရဲ့ တွဲဘက်အထွေထွေအတွင်းရေးမှူး ၁ ဦးခင်မောင်ကြီးက ပြောပါတယ်။

“ဘာဖြစ်လို့လဲဆိုတော့ ဟိုတခါလည်း သူ လာသွားပြီးပြီလေ။ အရင်တခါ လာသွားတုန်းကလည်း ဘာပဲပြောပြော သူ Break Through လေး ရသွားတာပေါ့။ အခုတခေါက်လာတော့လည်း Break Through လေး ရရင်တော့ သူ့အတွက် ကောင်းတာ ပေါ့။ နောက် ကျနော်တို့အတွက်လည်း ကောင်းတာပေါ့ဗျာ။ တိုင်းပြည်အတွက်လည်း ကောင်းတာပေါ့။ ကျနော်တို့က ဘာပဲပြောပြော UN လို အဖွဲ့အစည်းနဲ့ Co-operate လုပ်နေတယ်ဆိုတဲ့ဟာလေး ကောင်းသွားတာပေါ့။”

လက်ရှိမှာတော့ မစ္စတာဘန်ကီမွန်းဟာ စင်ကာပူနိုင်ငံကို ရောက်နေပြီး စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း (Lee Hsien Loong)၊ ဝါရင့်ဝန်ကြီး ဂိုချောက်တောင် (Goh Chok Tong) တို့နဲ့ တွေ့ဆုံဖို့ရှိပါတယ်။ အဲဒီလိုတွေ့ဆုံတဲ့အခါ မြန်မာ့အရေး ပြောဆိုကြမလား ဆိုတာကတော့ တိတိကျကျ မသိရသေးပါဘူး။ မစ္စတာ ဂိုချောက်တောင်ဟာ မကြာသေးခင်ကပဲ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပါသေးတယ်။

မစ္စတာဘန်ကီမွန်းဟာ သောကြာနေ့မနက်မှာ စင်ကာပူကနေ မြန်မာနိုင်ငံကို ထွက်ခွာမှာဖြစ်ပြီး ၂ ရက်နီးပါးကြာ ခရီးစဉ် အတွင်း ဆက်တိုက်လို တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ရမယ့်ပုံ ရှိနေပါတယ်။ အဲဒီနောက်မှာတော့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ကို စနေနေ့ညမှာ ပြန်လည်ထွက်ခွာလာပြီး ဘန်ကောက်၊ သုဝဏ္ဏဘူမိလေဆိပ်မှာ အဲဒီနေ့ည ၁၀ နာရီပတ်ဝန်းကျင် သတင်းစာရှင်းလင်းပွဲလုပ်ဖို့ စီစဉ်နေတယ်လို့ ဘန်ကောက်၊ ကုလသမဂ္ဂ သတင်းပြန်ကြားရေးရုံးက ဗွီအိုအေကို ပြောပါ တယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG