သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

G-8 ထိပ်သီး ညီလာခံ ကမ္ဘာ့စီးပွားရေး ဦးစားပေး ဆွေးနွေးမည်


ကမ္ဘာပေါ်က သြဇာရှိတဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ့် စက်မှုထိပ်သီး G – 8 ဆွေးနွေးပွဲအတွက် အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားဟာ အီတလီနိုင်ငံမှာ ရောက်ရှိနေပါတယ်။ ပြီးခဲ့တဲ့ ဧပြီလထဲတုန်းက ဖြစ်ပွားခဲ့တဲ့ မြေငလျင်ကြောင့် လူပေါင်း ၃၀၀ သေကျေခဲ့ရတဲ့ အီတလီနိုင်ငံက L’Aquila မြို့မှာ ထိပ်သီးစည်းဝေးပွဲကို မသွားမီ အီတလီသမ္မတ ဂျော်ဂျီယို နပိုလီတာနို နဲ့ သမ္မတ အိုဘားမား က ရောမမြို့မှာ တွေ့ဆုံဦးမှာပါ။ စက်မှုထိပ်သီးနိုင်ငံက ခေါင်းဆောင်တွေအနေနဲ့ ၃ ရက် ကြာ အစည်းအဝေးပွဲ အစနေ့မှာပဲ ကမ္ဘာတဝန်း စီးပွားရေး ချွတ်ခြုံကျနေတဲ့ အခြေအနေတွေကို အာရုံစိုက်ပြီး ဆွေးနွေး ကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

G-8 အဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ စီးပွားရေး ပြဿနာကို ပြေလည်စေဖို့ နောက်ထပ် ခြေလှမ်းတွေ လှမ်းဖို့လိုဦးမလား၊ စီးပွားရေး နိုးထစေဖို့ သုံးစွဲနေတာတွေကို ရပ်တန့်ရမယ့် အတိုင်းအတာ ဘယ်အထိရောက်နေပြီလဲ ဆိုတာတွေကို ဆွေးနွေး ကြဖို့လည်း ရှိနေပါတယ်။ သမ္မတ အိုဘားမားရဲ့ စီးပွားရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Michael Froman ကတော့ စီးပွားရေး ဆက်လက်ဖွံ့ဖြိုး တိုးတက်သွားဖို့နဲ့ လက်ရှိ သုံးစွဲနေတာတွေကို ပုံမှန် အတိုင်းအတာ ပြန်ရောက်စေဖို့ ချိန်ခွင်ညှာညှိဖို့ ကိစ္စ တွေကို ဆွေးနွေးဖွယ်ရာ ရှိတယ်လို့ သတင်းထောက်တွေကို L’Aquila မြို့မှာ ဒီနေ့ပဲ ပြောဆို လိုက်တာပါ။ ဒီထိပ်သီး စည်းဝေးပွဲမှာ ကုန်သွယ်ရေး၊ ရာသီဥတု ပြောင်းလဲမှုနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေကို ကူညီထောက်ပံ့မှုကိစ္စတွေကိုလည်း ထည့်သွင်း ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အီရန်၊ ဟွန်ဒူရပ်စ် နဲ့ တရုတ်ပြည် ရှင်ဂျန်းဒေသက သွေးထွက်သံယို ပြဿနာ တွေကိုလည်း ထည့်သွင်းဆွေးနွေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG