သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်အတိုက်အခံတွေကို ရုံးတင်ဖို့ တော်လှန်ရေးတပ် တောင်းဆို


အီရန်သမ္မတ ရွေးကောက်ပွဲနောက်ပိုင်း တိုင်းပြည်အောင် မငြိမ်မသက်ဖြစ်အောင်လုပ်ခဲ့သူ အတိုက်အခံခေါင်းဆောင်တွေကို ရုံးတင်စစ်ဆေးသင့်တယ်လို့ Revolutionary Guard တပ်ရဲ့ ထိပ်တန်းအရာရှိတယောက်က ပြောပါတယ်။ သမ္မတဟောင်း မိုဟာမက် ဟာဒမီ၊ သမ္မတ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ မီယာဟူစိန် မူဆာဘီနဲ့ မက်ဒီ ကာရိုဘီတို့က ဆန္ဒပြပွဲတွေ ဖြစ်အောင် အဓိက စီစဉ်ခဲ့ကြသူတွေဖြစ်တယ်လို့ ရဒူလာ ဂျဘန်းနီး က ပြောပါတယ်။ သူတို့ကို အစိုးရအနေနဲ့ ဖမ်းဆီးစွဲချက်တင် အရေးယူသင့်တယ်လို့ ဂျာဘန်းနီးက ပြောတာပါ။ ဂျွန်လ ၁၂ရက်နေ့တုံးက လုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ သမ္မတ မာမွတ် အမာဒီနီဂျက် ပြန်လည်အနိုင်ရရှိခဲ့တဲ့ အပေါ်မှာ မကျေနပ်လို့ ဆန္ဒပြခဲ့သူ အတိုက်အခံ လှုပ်ရှားသူတွေနဲ့ ဆန္ဒပြ ပြည်သူတွေကို အီရန်အာဏာပိုင်တွေက ဖမ်းဆီးတာတွေလုပ်ခဲ့လို့ ထောင်ပေါင်းများစွာ အဖမ်းခံခဲ့ရပါတယ်။ ဖမ်းဆီးခံခဲ့ရသူတချို့ကို ပြီးခဲ့တဲ့ ၁၀ရက်ကစပြီး တရားရုံးမှာ အစုလိုက်အပြုံလိုက် အမှုစစ်ဆေးမှုတွေ လုပ်နေပါတယ်။ လူတွေကို စုပေါင်းပြီး စစ်ဆေးနေတဲ့ တရားခွင်ဟာ ဟန်ပြ တရားခွင် ဖြစ်တယ်လို့ တနင်္ဂနွေနေ့ ရုပ်မြင်သံကြားမေးမြန်းခန်းတခုမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန် က ပြောခဲ့ပါတယ်။ ရွေးကောက်ပွဲနောက်ပိုင်း ဖမ်းဆီး၊နှိမ်နင်းမှုတွေလုပ်တာကို ကြည့်ခြင်းဖြင့် အီရန် ခေါင်းဆောင်တွေဟာ ကိုယ့်ပြည်သူတွေကို ကိုယ်ပြန်ကြောက်နေတယ်ဆိုတာကို ပြသနေတာလို့ ဝန်ကြီး ကလင်တန်က ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG