သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံအပေါ် အမေရိကန်မူဝါဒ တင်းမာလာဖွယ်ရှိ


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ကန့်သတ်မိန့် ချိုးဖောက်မှုနဲ့ မြန်မာစစ်အစိုးရ တရားရုံးက မနေ့က ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့တဲ့အတွက် မြန်မာနိုင်ငံအပေါ် အမေရိကန်ရဲ့ မူဝါဒတွေ ပိုပြီးတော့ တင်းမာလာမယ့် အလားအလာ ရှိနေပါတယ်။ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တာဟာ စစ်အစိုးရဘက်က အခွင့်အလမ်းကောင်းတရပ် ဆုံးရှုံးသွားပြီလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အရှေ့တောင်အာရှရေးရာ ညွှန်ကြားရေးမှူး စတီဗင် ဘလိတ် (Stephen Blake) က ပြောခဲ့တာပါ။ မစ္စတာ ဘလိတ်ကို ဒီကနေ့ပဲ ဗွီအိုအေ မြန်မာပိုင်းကနေ မခင်ဖြူထွေးက သီးသန့် ဆက်သွယ်မေးမြန်းခွင့် ရခဲ့ပါတယ်။

အခုလို မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တာနဲ့ ပတ်သက်လို့ အမေရိကန်အနေနဲ့ ဘယ်လိုမြင်ပါသလဲရှင့်။

“နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ပြောခဲ့သလိုပါပဲ၊ အမေရိကန်အနေနဲ့ အခုကိစ္စကို အထူးစိုးရိမ်ပါတယ်။ ဖြစ်ရပ်တခုလုံးကို ကြည့်ရင် ဒီအမှုက လုံး၀ လက်ခံနိုင်စရာ မရှိပါဘူး။ ဟိုးအစကတည်းက ဒေါ်အောင်ဆန်းစုကြည်ဟာ အပြစ်မရှိဘဲ ထိန်းသိမ်းခံနေရတာပါ။ ဒီလိုမျိုး အမှုရင်ဆိုင်စရာ အကြောင်းလည်း မရှိပါဘူး။ ဒါကြောင့် အခုဖြစ်ရပ်က လုံးဝကို မဖြစ်သင့်တဲ့ ကိစ္စပါ။”

အခုလို လက်မခံနိုင်စရာ ဖြစ်လာတယ်ဆိုတော့ အမေရိကန် အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ်မှာ ချမှတ်ထားတဲ့ မူဝါဒတွေကို အခုထက်ပိုပြီး တင်းကျပ်သွားဖို့ရော ရှိပါသလား။

“မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အမေရိကန်ရဲ့ မူဝါဒတွေကို ပြန်လည်သုံးသပ်နေတယ်ဆိုတာ ခင်ဗျားတို့လည်း သိမှာပါ။ ဒီကိစ္စနဲ့ ပတ်သက်လို့ အမေရိကန် အကြီးတန်း အစိုးရအရာရှိတွေအကြား မကြာခင် ဆွေးနွေးမှုတွေ လုပ်သွားဖို့ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဘယ်လိုပြစ်ဒဏ် ချမှတ်လိုက်တယ် ဆိုတာကို ကျနော်တို့ သိရတယ် ဆိုပေမယ့်လည်း အခုပဲ သိရတာဆိုတော့ အမေရိကန်အနေနဲ့ ဘယ်လို မူဝါဒမျိုးတွေ ချမှတ်မယ် ဆိုတာကိုတော့ လောလောဆယ် ကျနော့်အနေနဲ့ သေချာ မပြောနိုင်သေးပါဘူး။ မြန်မာနိုင်ငံကိစ္စကို ကျနော်တို့ အနီးကပ် စောင့်ကြည့်နေတာပါ။

“တကယ်လို့ မြန်မာစစ်အစိုးရအနေနဲ့ အပြောင်းအလဲတွေ လုပ်မယ်ဆိုရင် အမေရိကန်ဘက်က အကူအညီတွေနဲ့ လက်ကမ်းကြိုဖို့ အသင့်ရှိတယ် ဆိုတာကို အရင်ကလည်း ကျနော်တို့ ပြောခဲ့ပြီးသားပါ။ ဒါပေမယ့် အခု ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ချမှတ်လိုက်တယ် ဆိုတော့ မြန်မာစစ်အစိုးရ အနေနဲ့ အခွင့်အလမ်းကောင်းတခု လက်လွတ်ဆုံးရှုံး လိုက်တာပါပဲ။ အခုကိစ္စကို အမေရိကန် ပြည်ထောင်စုတင် မကဘဲ ကမ္ဘာကြီးတခုလုံးက အလွန်အမင်း စိုးရိမ်နေကြတာပါ။ ကမ္ဘာတဝန်းက ထုတ်ပြန်တဲ့ ကြေညာချက်တွေကို ကြည့်ရင် သိနိုင်ပါတယ်။”

မြန်မာစစ်အစိုးရကို ဖိအားပေးတဲ့နေရာမှာ ဒေသတွင်း နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အမေရိကန်နိုင်ငံက အရင်ကတည်းက ပြောဆိုနေတာ ရှိပါတယ်။ ဒီနေရာမှာ မြန်မာစစ်အစိုးရအပေါ် သြဇာလွှမ်းမိုးနိုင်ဆုံးလို့ အများက ယူဆထားတဲ့ အိမ်နီးချင်း တရုတ်နိုင်ငံကိုရော အမေရိကန်အနေနဲ့ မြန်မာနိုင်ငံကိစ္စအတွက် ဘယ်လိုမျိုး ချဉ်းကပ်ဆောင်ရွက်သွားဖို့ ရှိပါသလဲ။

“ကျနော်တို့ အနေနဲ့ကတော့ မြန်မာ့နိုင်ငံရေး ပြဿနာနဲ့ ပတ်သက်လို့ ဒေသတွင်းနိုင်ငံတွေ အားလုံးနဲ့ စကားပြောနေတာပါ။ ဒီအတိုင်း ဆက်ပြီးတော့ ဆွေးနွေးမှုတွေ လုပ်သွားမှာပါ။ ဒေါ်အောင်ဆန်းစုကြည်ကို စပြီး ရုံးတင်စစ်ဆေးမှုတွေ လုပ်ကတည်းက နိုင်ငံတွေ အတော်များများနဲ့ ကျနော်တို့ ဆွေးနွေးပြီးတော့ မြန်မာ့အရေးမှာ သူတို့ရဲ့ စိုးရိမ်မှုတွေကို ပြကြဖို့ ပြောနေတာပါ။ ဒီအတိုင်းပဲ ကျနော်တို့ ဆက်ပြီးလုပ်သွားမှာပါ။ မြန်မာ့အရေး ချဉ်းကပ်ဆောင်ရွက်တဲ့ နေရာမှာ ဘယ်နိုင်ငံကိုမှ ကျနော်တို့ ချန်ထားခဲ့မှာ မဟုတ်ပါဘူး။ လာမယ့်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေ လုပ်ဖို့ရှိတယ် ဆိုတာကို စောစောက ကျနော် ပြောခဲ့ပါတယ်။

“ဒီလို အမေရိကန်အစိုးရ အရာရှိတွေအကြား ဆွေးနွေးမှုတွေအပြင် မြန်မာ့အရေး စိတ်ဝင်စားကြတဲ့ ကမ္ဘာအဝန်းက တခြားနိုင်ငံတွေနဲ့လည်း ကျနော်တို့ ဆွေးနွေးမှုတွေ လုပ်သွားမှာပါ။ သူတို့ရဲ့ သဘောထားတွေကို နားထောင်ပြီးတော့ ကျနော်တို့ရဲ့ သဘောထားတွေကိုလည်း သူတို့ သိစေရပါမယ်။ အဲဒီကနေမှ ဘယ်လို ရှေ့ဆက်ပြီးတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားကြမယ် ဆိုတာကို သိရမှာပါ။ ဒါကြောင့် လာမယ့်ရက်ပိုင်းတွေအတွင်း၊ သီတင်းပတ်နဲ့ ချီပြီးတော့လည်း ကြာကောင်းကြာနိုင်ပါတယ်၊ အဲဒီအချိန်အတွင်း ဘယ်လို ရှေ့ဆက် ဆောင်ရွက်သင့်တယ် ဆိုတာကို အဖြေထွက်လာပါလိမ့်မယ်။”

ဒေါ်အောင်ဆန်းစုကြည် ခြံဝင်းထဲကို တိတ်တဆိတ် ရေကူးဝင်ရောက်ခဲ့တဲ့ အမေရိကန် နိုင်ငံသား မစ္စတာယက်တော ကိုလည်း အခု မြန်မာစစ်အစိုးရက ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်ပါပြီ။ သူ့ရဲ့ ကျန်းမာရေး အခြေအနေကလည်း စိုးရိမ်ရတယ်လို့ ပြောနေကြပါတယ်။ အမေရိကန်အနေနဲ့ မစ္စတာယက်တော ပြန်လွတ်လာအောင် ကြိုးပမ်းဖို့ရော ရှိပါသလားရှင့်။

“မစ္စတာယက်တောကို အခုလို ပြစ်ဒဏ်ချမှတ်လိုက်တယ် ဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး သိရသလိုပါပဲ၊ သိပ်မကြာခင်လေးကမှ သိရတာပါ။ သူ့ကိစ္စအတွက်လည်း ကျနော်တို့ အနီးကပ် စောင့်ကြည့်နေပါတယ်။ လောလောဆယ်တော့ ရန်ကုန်မြို့မှာရှိတဲ့ ကျနော်တို့ သံရုံးက သူ့နဲ့ပတ်သက်တဲ့ ကိစ္စအ၀၀ကို ကူညီဆောင်ရွက်ပေးနေပါတယ်။ သူ့ကို ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ချမှတ်လိုက်တဲ့အပေါ် အလွန်အမင်း စိုးရိမ်မကင်း ဖြစ်တဲ့အကြောင်းလည်း ကျနော်တို့ ပြောခဲ့ပါတယ်။ အထူးသဖြင့် သူ ကျန်းမာရေးမကောင်း ဖြစ်နေချိန်မှာ ကျနော်တို့ ပိုပြီးတော့ စိုးရိမ်မိပါတယ်။ ဒါကြောင့် သူ့အတွက်လည်း ကျနော်တို့ အနီးကပ် စောင့်ကြည့်နေပါတယ်။ သူ့ရှေ့နေကလည်း အဲဒီလိုပဲ ဖြစ်မှာပါ။ သူ့အတွက် အကောင်းဆုံးနည်းလမ်းတွေ ရှာဖွေကြိုးပမ်းနေမှာပါ။”

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အရှေ့တောင်အာရှရေးရာ ညွှန်ကြားရေးမှူး စတီဗင် ဘလိတ်ကို မေးမြန်းဆက်သွယ်ခဲ့တာ ဖြစ်ပါတယ်။

အခုလို မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အမေရိကန်ရဲ့ မူဝါဒတွေ ပြန်လည်သုံးသပ်နေချိန်မှာ မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ချမှတ်လိုက်တာပါ။ ဒါကြောင့် အမေရိကန် အပါအဝင် ကမ္ဘာတဝန်းက မြန်မာစစ်အစိုးရကို ပြစ်တင်ရှုတ်ချနေကြသလို မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အမေရိကန်ရဲ့ မူဝါဒတွေ အခုထက်ပိုပြီးတော့ တင်းမာလာမယ့် သဘောလည်း ရှိနေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG