သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့မည်


အမေရိကန် အထက်လွှတ်တော် အမတ်တဦးဖြစ်တဲ့ မစ္စတာ ဂျင်မ်ဝက်ဘ်(Jim Webb) ဟာ မြန်မာနိုင်ငံကို ဒီတပတ်ထဲ သွားရောက်ပြီး စစ်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ ရှိနေတဲ့အပြင် အတိုက်အခံ နိုင်ငံရေးအင်အားစုတွေနဲ့ပါ တွေ့ဆုံ ကောင်း တွေ့ဆုံဖြစ်လိမ့်မယ်လို့လည်း မျှော်လင့်နေကြပါတယ်။ ဒါဟာဆိုရင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်အပြစ်ပေးလိုက်လို့ ပြည်တွင်းပြည်ပက ဝေဖန်မှုတွေ ထွက်ပေါ်နေချိန် တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို မြန်မာစစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ထားတဲ့ အမေရိကန် ပြည်ထောင်စုက အမတ်တဦး ရောက်ရှိလာမှာလည်း ဖြစ်ပါတယ်။ အကြောင်းစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

အမေရိကန် ဒီမိုကရက်ပါတီရဲ့ အထက်လွှတ်တော် အမတ်တဦးဖြစ်တဲ့ မစ္စတာ ဂျင်မ် ဝက်ဘ်ဟာ မနက်ဖြန် သောကြာနေ့မှာ မြန်မာပြည်ကို ရောက်လာဖို့ရှိပြီး စစ်အစိုးရ ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ရှိနေတာပါ။ ခရီးရောက်မဆိုက် အစိုးရ ရုံးစိုက်ရာ နေပြည်တော်ကို သွားမှာဖြစ်သလို နောက်တနေ့ စနေနေ့မှာ ရန်ကုန်ကို ပြန်လာမှာဖြစ်ပြီးတော့ တနင်္ဂနွေနေ့ ခရီးစဉ် အဆုံးသတ်မှာ ဖြစ်တယ်လို့ ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးက ပြောပါတယ်။ ဒီ ၃ ရက်ကြာ ခရီးစဉ်အတွင်း စစ်အစိုးရ အကြီးအကဲဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ပါ တွေ့ဆုံဖို့ အစီအစဉ် ရှိနေတဲ့အကြောင်း မစ္စတာ ဂျင်မ် ဝက်ဘ်ရဲ့ ရုံးကလည်း ကြေညာချက်တစောင် ထုတ်ပြန်ပြီး ပြောပါတယ်။

ဒီလို အမေရိကန် အထက်လွှတ်တော်အမတ် ရောက်လာမယ့် အချိန်မှာပဲ အတိုက်အခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဗဟိုကော်မတီဝင် တချို့ကိုလည်း နေပြည်တော်ကို လာရောက်ဖို့ ဖိတ်ကြားထားတာမို့ အထက်လွှတ်တော် အမတ်နဲ့ တွေ့မလား တွက်ဆမှုတွေလည်း ရှိနေပါတယ်။ ဘာကိစ္စအတွက် ဖိတ်ခေါ်တယ်ဆိုတာ တိတိကျကျ မသိရသေး ပေမဲ့ ဗဟိုကော်မတီဝင် ၄ ဦးကို အာဏာပိုင်တွေက ဖိတ်ကြားထားလို့ မနက်ဖြန်ပဲ နေပြည်တော်ကို သွားဖို့ ရှိနေတယ်လို့ NLD ပါတီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“CEC ၄ ဦး၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးစိုးမြင့်၊ ဦးညွန့်ဝေ၊ အဲဒီ ၄ ယောက်ကို By Name နဲ့ နေပြည်တော်ကို မနက်ဖြန်လာဖို့ ဖိတ်တယ်။ ဖိတ်စာကို ဥက္ကဋ္ဌ ဦးအောင်ရွှေအိမ်ကို ပို့တယ်။ အဲတော့ ဦးညွန့်ဝေတို့ ဦးသန်းထွန်းတို့က ဥက္ကဋ္ဌအိမ်ကို ဒီ ညနေပိုင်းမှာ လိုက်သွားတယ်။ အဲဒီဖိတ်စာမှာ ဘာပါသလဲ၊ ဘယ်သူက ဖိတ်တာလဲဆိုတာ သိဖို့။ ကျနော် နောက်ဆုံး သိရ တာကတော့ ဖိတ်တာတော့ မှန်တယ်၊ ဘယ်သူနဲ့ တွေ့ရမယ်၊ ဘာကိစ္စ ဆွေးနွေးရမယ်ဆိုတာ မပါဘူး။ အဲတော့ သူတို့ သွားကြမယ်ပေါ့၊ အားလုံး ၄ ယောက်လုံး သွားမလား၊ ဘာလား ကျနော် မသိဘူး။”

တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို ဒီလို ဖိတ်ကြားခံရတာမို့ အထက်လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ်နဲ့ တွေ့ဆုံဖို့အတွက် အလားအလာ ရှိနေတယ်လို့ တွက်ဆနေပေမယ့် NLD ပါတီ အနေနဲ့ကတော့ တွေ့ဆုံဖို့အတွက် သိပ်လိုလိုလားလားတော့ ရှိလှတာ မဟုတ်ပါဘူး။

“အဖိတ်ခံရတဲ့ ပုဂ္ဂိုလ်တွေနဲ့ ကျနော်တို့ ခဏ ဆွေးနွေးတိုင်ပင်ခွင့် ရပါတယ်။ ဆွေးနွေးတိုင်ပင်ခွင့် ရတဲ့အထဲမှာ ဒီကိစ္စ ဟုတ်မဟုတ်ဆိုတာ နံပါတ်တစ် မသေချာဘူး၊ နံပါတ်နှစ်က ဒီကိစ္စဆိုရင် ကျနော်တို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဂျင်မ် ဝက်ဘ်ရဲ့ ခရီးစဉ်ကို လုံး၀ စိတ်မဝင်စားဘူး။ ဘာကြောင့်လဲဆိုတော့ သူဟာ ကျနော်တို့ မြန်မာနိုင်ငံ ပြည်သူလူထုအတွက် နိုင်ငံရေးအရ သဘောထားမှန်တာ တခုမှ မတွေ့ဘူး။ သူက Sanction ကို ကန့်ကွက်တဲ့လူ၊ သူ့ရဲ့ အရှေ့တောင်အာရှ ခရီးစဉ်မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး နိုင်ငံရေးအရ လုံး၀ ဖော်ပြတာ မရှိဘူး။ ဒီအချက်အလက်တွေအရ ကျနော်တို့ စိတ်ဝင်စားမှု မရှိဘူး။”

NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

ဒါဟာဆိုရင် အမေရိကန် ပြည်ထောင်စုက အထက်လွှတ်တော် အမတ်တဦးရဲ့ ဆယ်စုနှစ်တခုကျော် ကာလအတွင်း မြန်မာနိုင်ငံကို သွားရောက်တဲ့ ခရီးစဉ်ဖြစ်သလို၊ အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ် ဥပဒေ ချိုးဖောက်တယ်လို့ စွပ်စွဲပြီး ဒီတပတ်ထဲမှာပဲ ဆိုင်းငံ့ထောင်ဒဏ် ၁ နှစ်ခွဲ ချမှတ်လို့ နိုင်ငံတကာက ဝေဖန်သံ တွေ ညံနေချိန် ရောက်ရှိလာမယ့် ခရီးစဉ်လည်း ဖြစ်ပါတယ်။ တကယ်တော့ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတွေ၊ နိုင်ငံရေး တိုးတက်မှုတွေ မရှိတာတွေကြောင့် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ထားတဲ့ အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ သဘောထားတွေကို ပြန်ပြောင်း သုံးသပ်မှုတွေလည်း လုပ်နေတာပါ။ ဒါပေမဲ့ လည်း ဒါတွေဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲဆိုမှုတွေ ရှိနေတာကြောင့် အဆုံးမသတ်နိုင်ဘဲ ဖြစ်နေရတာပါ။

ဒီလို အခြေအနေတွေအောက် အမေရိကန်နဲ့ မြန်မာစစ်အစိုးရတို့ ဆက်ဆံရေး အလားအလာတွေနဲ့ ပတ်သက်လို့ ရန်ကုန်မြို့က မြန်မာသံအမတ်ကြီးဟောင်း တဦးဖြစ်တဲ့ သခင်ချန်ထွန်းရဲ့ အမြင်ကတော့ …

“အမေရိကန်တို့ ဘာတို့က ပိတ်ဆို့ထားတယ်ဆိုတာ ဆွေးနွေးပြီးတော့ အမေရိကန်က ပြန်ပြီးတော့ သဘောတူရင် ပြေလည် သွားမှာပေါ့၊ အားလုံး။ ဒီကလည်း လုပ်ချင်ရာ လုပ်မယ်ဆိုပြီး တောက်လျှောက် ဖမ်းတယ် ဆီးတယ် ထောင်ချတယ် ဆိုပြီး လုပ်နေရင်တော့ ဒါက၊ အခုလည်း လုပ်ထားပြီးပြီပဲ၊ ၁၈ လ ထောင်ချထားတယ်ဆိုတော့ ဒီ Sanction က ဘယ်ပြေလည် မလဲ။ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချတဲ့ ပြဿနာ ပြေလည်မှ အစစအရာရာ အဆင်ပြေသွားနိုင်မယ်လို့ ဒီလိုပဲ ယူဆ တယ်။ အမေရိကန်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချထားရာက လွှတ်ပေးတယ်ဆိုရင် သူတို့အနေနဲ့ တားဆီး ထားတဲ့ အမိန့်တွေ ဖျက်သိမ်းပေးလိမ့်မယ်လို့ ဒီလိုပဲ ယူဆတယ်။ အခုဟာက တဖြည်းဖြည်း ကျပ်တည်းလာတယ်၊ အမေရိကန်က စီးပွားရေး ပိတ်ဆို့ထားတာရှိတယ်၊ ဥရောပက ကန့်သတ်တာတွေ လုပ်လာတယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် ဒါက လူမသိ၊ သူမသိ တဖြည်းဖြည်း ကျပ်တည်းလာတာတော့ အမှန်ပဲပေါ့။”

ရန်ကုန်မြို့က ဝါရင့်သံတမန်တဦးဖြစ်တဲ့ သခင်ချန်ထွန်း ပြောပြသွားတာ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်က လွှတ်တော်အမတ်လည်းဖြစ်၊ အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်တဲ့ ဂျင်မ် ဝက်ဘ်ဟာ လတ်တလောမှာ လာအို နိုင်ငံကို ရောက်ရှိနေပါတယ်။ သူ့ရဲ့ ၂ ပတ်ကြာ အာရှခရီးစဉ်အတွင်း မြန်မာနိုင်ငံအပြင် ထိုင်း၊ လာအို၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားတို့ကို သွားရောက်ပြီး အစိုးရ တာဝန်ရှိသူတွေ၊ စက်မှုလုပ်ငန်းရှင်တွေလို စီးပွားရေး အသိုင်းအဝိုင်းက ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံ စကားပြောဖို့လည်း ရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG