သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီနိတ်တာ ဝက်ဘ်ခရီးစဉ် ဘယ်သူအကျိုးရှိမလဲ


မနေ့က စစ်အစိုးရ သတင်းစာတွေထဲမှာ “မေတ္တာကို မေတ္တာနှင့်သာ” ဆိုတဲ့ ဆောင်းပါးတပုဒ် ပါလာတာ တွေ့လိုက်ရပါ တယ်။ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ စီရင်ချက်ချတဲ့ကိစ္စနဲ့ ဗိုလ်ချုပ်မှူးကြီးက သက်ညှာခွင့်ပေးတာ ပြည်သူတွေက ကြိုဆိုကြပါတယ်တဲ့။ နောက်ဆုံးအပိုဒ်မှာတော့ မဆီမဆိုင်ဘဲ အမေရိကန်သမ္မတ က - change ဆိုပြီးတော့ အပြောင်းအလဲ ကိစ္စကို ကြွေးကြော်သလို စစ်အစိုးရကလည်း ပြောင်းလဲချင်တယ်ဆိုတဲ့သဘော ပြတယ်လို့ ဆိုပါတယ်။ စစ်အစိုးရက တကယ်ပဲ ပြောင်းလဲတော့မှာလား… ဦးကျော်ဇံသာက သုံးသပ်တင်ပြထားပါတယ်။

မနေ့က သတင်းစာထဲမှာ နိုင်ငံတော်အပိုင်းက change လို့ ခြေတလှမ်းစတင်လိုက်ခြင်း ဖြစ်နိုင်တယ်လို့ ဆိုထားတာ တွေ့ရပါတယ်။ သူတို့က အပြောင်းအလဲလို့ မပြောတော့ဘဲ ဘိုဆန်ဆန် change လို့ပဲ ပြောထားတာ တွေ့ရပါတယ်။ ဒါ အမေရိကန်ဘက်က ပြောင်းလဲမယ်ဆိုရင် သူတို့လည်း ပြောင်းလဲဖို့ အဆင်သင့်ပဲ ဆိုတာကို ပြောတဲ့သဘောပါပဲ။ အပြုံးကို အပြုံးနဲ့ မေတ္တာကို မေတ္တာနဲ့ တုံ့ပြန်မယ်လို့ ဆိုထားပါတယ်။ တကယ်တော့ စစ်အစိုးရ အနေနဲ့ အခု အမေရိကန်က ဆီနိတ်တာ တယောက် မစ္စတာ ဂျင်မ်ဝက်ဘ် မြန်မာနိုင်ငံကို ရောက်ရှိနေတာကို အမေရိကန်အစိုးရက သဘောထား ပြောင်းလဲဖို့ နိမိတ်ပြတယ်လို့ သူတို့ အဓိပ္ပာယ် ထုတ်ယူလိုဟန် ရှိပါတယ်။ ဒါပေမဲ့လည်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဌာန ကတော့ သူတို့အစိုးရ အနေနဲ့ မစ္စတာ ဂျင်မ်ဝက်ဘ် နဲ့ ဘယ်လို သတင်းစကားမျိုးမှ စစ်အစိုးရဆီကို မပါးလိုက်ပါဘူး ဆိုပြီး မနေ့ကပဲ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အတိအလင်း အခုလို ငြင်းဆန်သွားပါတယ်။

“သူဟာ အစိုးရဆီက ဘယ်သတင်းစကားမျိုးကိုမှ သယ်ဆောင်သွားခြင်း မရှိပါဘူး။” - လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ကိုယ်တိုင်က ပြောသွားတာဖြစ်ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် မနေ့ကပဲ အင်တာနက် အွန်လိုင်းမှာ ကာတွန်း ဟန်လေး ကလည်း မြန်မာနိုင်ငံက အစိုးရက change လို့ ပြောပေမဲ့ change ချင်းမတူဘူး ဆိုတာကို သူက ကာတွန်းထဲမှာ ဆွဲပြထားပါတယ်။ သမ္မတ အိုဘားမားကတော့ change - အပြောင်းအလဲ လုပ်ရမယ်၊ ကမ္ဘာကြီးကို အပြောင်းအလဲ လုပ်ရမယ် ဆိုပြီး ပြောခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ စစ်အစိုးရရဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ပုံနဲ့ ကာတွန်းဆွဲပြီးတော့ သူက အော်ပြောနေတာက - chains we need။ change ကို chain လို့ ပြောင်းထားပါတယ်။ ဒါက နှောင်ကြိုးတွေ၊ သံကြိုးတွေပေါ့လေ ဆိုပြီးတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေပုံရဲ့ နောက်မှာလည်း ဘာလုပ်ထားလဲ ဆိုတော့ ကျောင်းသားတွေ၊ ပြည်သူတွေ၊ အမျိုးသမီးတွေ၊ ခမောက်ဆောင်းတဲ့သူတွေ၊ ဘုန်းတော်ကြီးတွေ၊ မယ်သီလရှင်တွေကိုပဲ သံကြိုးနဲ့တုတ်ပြီးတော့ တသီတတန်းကြီး ထိုင်ခိုင်းထားတာ တွေ့ရပါတယ်။ ဆိုတာကတော့ ဒါဟာ မြန်မာစစ်အစိုးရ လိုလားတဲ့ chain ဖြစ်တယ်။ အိုဘားမား အစိုးရပြောတဲ့ change၊ အပြောင်းအလဲ မဟုတ်ဘူး ဆိုတာကို ကာတွန်း ဟန်လေးက ကာတွန်းဆွဲပြီး လှောင်ပြောင်ထားတာလည်း တွေ့ရပါတယ်။

တကယ်တော့ ဒီလို ကာတွန်းဟန်လေးလို အဓိပ္ပာယ်ဖွင့်တာဟာ သူသာ မကပါဘူး။ အမေရိကန်မှာ နေထိုင်တဲ့ မြန်မာ့အရေး လေ့လာသူတွေ ကျွမ်းကျင်သူ တော်တော်များများကလည်း အလားတူ သုံးသပ်ကြပါတယ်။ အမေရိကန်က Heritage Foundation ရဲ့ ညွှန်ကြားရေးမှူးဖြစ်တဲ့ Walter Lohman ဆိုရင် စစ်အစိုးရကို ခိုင်မြဲသွားအောင် ပံ့ပိုးရာရောက်တယ် ဆိုပြီးတော့ ဝေဖန်တဲ့ဆောင်းပါးတွေ ရေးခဲ့ပါတယ်။ သူက မစ္စတာ ဂျင်မ်ဝက်ဘ်ဟာ ဆီနိတ်တာ တယောက် အနေနဲ့ သူ ကြိုက်သလိုသွားနိုင်ပေမဲ့ အခုလို အချိန်အခါမျိုး သွားတာကတော့ unfortunate ဖြစ်တယ်ပေါ့လေ။ သိပ်ကို ကသိကအောက် ဖြစ်စေတဲ့အချိန် ဖြစ်နေတယ်ဆိုပြီးတော့ အခုလို ပြောပါတယ်။

“သွားတဲ့အချိန်က နည်းနည်း ကသိကအောက် ဖြစ်နေတယ်လို့ ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် ထိန်းသိမ်း ချုပ်နှောင်ထားတဲ့ကိစ္စကို စစ်အစိုးရက ထပ်ပြီး တိုးချဲ့လိုက်တဲ့အချိန်ပါ။ ဒါဟာ မသွားသင့်တဲ့အချိန်ပါ။ စစ်အစိုးရကို ကမ္ဘာ ပြစ်တင်ရှုတ်ချနေချိန်မှာ ထွက်ပေါက်ပေးလိုက်သလို ဖြစ်နေပါတယ်။ စစ်အစိုးရနဲ့ စကားပြောတာကတော့ ပြောပေါ့ဗျာ။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းလည်း ၂ ကြိမ်လောက်သွားပြီး ပြောခဲ့တာပဲ။ ဒါပေမဲ့ အခုချိန်က ပြဿနာ ဖြစ်နေတဲ့အချိန် မဟုတ်လားဗျာ။”

ဒါပေမဲ့ မနေ့ကထုတ်တဲ့ မြန်မာစစ်အစိုးရ သတင်းစာထဲမှာ သူတို့ကလည်းပဲ အိုဘားမားက change လို့ပြောတဲ့အခါ သူတို့ကလည်း change ကို လိုချင်တဲ့သဘော ခြေတလှမ်းပြလိုက်တယ်လို့ ယူဆထားတယ် ဆိုပြီးတော့ ဖော်ပြထားပါတယ်။ အဲဒါကိုရော မစ္စတာ Lohman ဘယ်လိုများ အဓိပ္ပာယ် ဖွင့်မလဲခင်ဗျ။ -

“ကျနော့်အထင်ကတော့ စစ်အစိုးရက အပြောင်းအလဲ တစုံတရာ လုပ်ချင်တဲ့ဆန္ဒ အစစ်အမှန် မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ကို ဆက်ပြီး ထိန်းသိမ်းထားလိုက်တာက သူတို့အနေနဲ့ အပြောင်းအလဲ လုပ်ဖို့ အဆင်သင့်မရှိဘူး ဆိုတာကို ပြသလိုက်တာပါ။ တကယ်လို့သာ စစ်အစိုးရဘက်က ပြောင်းလဲချင်တဲ့သဘော ပြသတာဖြစ်တယ်လို့ ယူဆကြ မယ် ဆိုရင်တော့ ဒါဟာ ဖြစ်ချင်တာတွေကို စိတ်ကူးတွေယဉ်ပြီး တွေးတာပဲ ဖြစ်ပါလိမ့်မယ်။ စစ်အစိုးရက ဖမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသား အရေအတွက်က အရင်ကထက်တောင် ပိုပြီးများလာနေတာ မဟုတ်ဘူးလားဗျာ။ သူတို့သာ တကယ် ပြောင်းလဲချင်တယ်ဆိုရင် ရွေးကောက်ပွဲကို နိုင်ငံတကာစောင့်ကြည့်မှုအောက်မှာ တရားမျှတစွာ ပြုလုပ်ပေးပါမယ်လို့ သူတို့က ကြေညာရမှာပေါ့ဗျာ။”

ဒါကတော့ အမေရိကန် အခြေစိုက် Heritage Foundation ရဲ့ ညွှန်ကြားရေးမှူး Walter Lohman ပြောသွားတာဖြစ်ပါတယ်။ ဆိုတော့ မြန်မာနိုင်ငံအစိုးရက ဘယ်လိုပဲ အမေရိကန်အစိုးရ ရဲ့ အပြောင်းအလဲတွေကို လိုက်ပြီးတော့ သူတို့လုပ်ဖို့ ကြိုးစား တယ်ဆိုပေမယ့် လက်မခံတဲ့သူတွေ အများကြီးဆိုတာ တွေ့ရပါလိမ့်မယ်။ တကယ်တော့ ဒီကနေ့ ဆောင်းပါးမှာ ရေးတာက လည်း အမေရိကန်ဘက်က အထက်လွှတ်တော်အမတ်တယောက် လာလည်နေတာဟာ သူတို့ စစ်အစိုးရကို လိုလိုလားလား ဆက်ဆံဖို့ နိမိတ်ပြလာတယ် ဆိုတဲ့သဘောမျိုး ဖော်ပြလိုဟန် ရှိပါတယ်။ တနည်းပြောရရင် ဂျင်မ်ဝက်ဘ် ရဲ့ ခရီးစဉ်ကို အမြတ်ထုတ် အသုံးချလိုက်တယ်လို့ ဆိုရလိမ့်မယ် ထင်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG